”မျှော်လင့်ခြင်းပြူတင်းဝက…ငါ”
ငါက..မိုးမခြိမ်းဘဲ မြေကြီးကိုထာဝရစွတ်စိုနေစေချင်သူ
ကောင်းကင်ကိုခဏခဏမော့မကြည့်ဘဲ
စွတ်စိုနေတဲ့မြေကြီးထက်မှာ သဘာဝကျကျလမ်းလျှောက်ချင်သူ
ငါက..သဘာဝပေါက်ပင်တွေကိုနှင်းဆီိပန်းတွေထက်မြတ်နိုး
ခရေပန်းတွေကို သဇင်ထက်ပိုလို့တန်ဖိုးထားသူ
ငါကိုယ်တိုင်လူတလုံးသူတလုံးဖြစ်ဖို့အရေးထက်
လူစုလူဝေးနွေးထွေးဖို့အရေးကို ကြိုဆိုလက်ကမ်းတတ်သူ
ဒီထက်ပိုလို့ ရန်သူကိုထာဝရဦးမခိုက်တတ်သူ
တရားသာသနာပျက်သုဉ်းခဲ့ပြီးတဲ့ခေတ်ထဲမှာ
ချိန်ခွင်လျှာစောင်းငဲ့ မတရားတဲ့အမိန့်မှန်သမျှ
တံခါးပိတ်အဝင်မခံဘဲ ရန်ငါစည်းပြတ်သူတွေကို
ထာဝရဦးခိုက် နောက်လိုက်လုပ်ရဖို့လည်းဝန်မလေးတတ်သူ
သူတပါးစိုက်ပျိုးထားတဲ့ပန်းတပွင့်ကို နမ်းချူဖို့ထက်
ငါ့ရဲ့လက်တစုံနဲ့ အနာဂတ်မျိုးစေ့ကိုဥယျာဉ်တခုမှာသွန်းလောင်း
အရှိန်အဟုန်ကောင်းကောင်းရေလောင်းပေါင်းသင်ပေးချင်သူ
ငါကနွေးထွေးတဲ့အရုဏ်ဦးကို
ငါ့ရဲ့ကိုယ်ပိုင်သံစဉ်သီချင်းတပုဒ်အဖြစ်ရေးဖွဲ့ရင်း
အတင်းအဖျင်းတွေနဲ့ ခပ်ကင်းကင်းနေချင်သူ
ညနေဆည်းဆာကိုကဗျာရေးဖွဲ့ရင်း
မြူကင်း မှိုင်းရှင်းတဲ့အရပ်မှာ
ကြိုးကြာငှက်တွေရဲ့အုပ်ဖွဲ့တောင်ပံခပ်သံတွေကိုနာခံချင်သူ
ပြုပြင်ပြောင်းလဲရေးတံတားတွေကို
ငါ့ရဲ့ပုခုံးတွေနဲ့ခြေထောက် ထောက်ရင်း
ဒေါနတောင်တန်းပေါ်မှာ ဖားစည်သံတွေညံစေချင်သူ
ဗမာတပြည်လုံးကို အမှောင်ဖုံးနေတဲ့ဘဝကလွတ်မြောက်စေချင်သူ
ဒါတွေအားလုံးအတွက်.ငါ..
ယမန်နေ့များစွာကိုပေးဆပ်ခဲ့တယ်
ဒီနေ့တွေကိုကူးခတ်နေရင်း
မနက်ဖြန်များစွာတို့အတွက်
မျှော်လင့်ခြင်းပြူတင်းကိုတွန်းဖွင့်နေမိတယ်
မျှော်လင့်ခြင်းပြူတင်းကို အခါခါတွန်းဖွင့်နေမိတယ်…..။
ဆောင်းယွန်းလ
Wednesday, December 5, 2007
Posted by
ဆောင်းယွန်းလ
at
10:22 PM
Subscribe to:
Post Comments (Atom)



1 comment:
"ပြုပြင်ပြောင်းလဲရေးတံတားတွေကို
ငါ့ရဲ့ပုခုံးတွေနဲ့ခြေထောက် ထောက်ရင်း"
Very good poem, brother.
Post a Comment