”စိတ်ကိုအတားအဆီးမဲ့စီးဆင်းပေးမိသောကဗျာ”
နေသားကျနေတဲ့မျက်လုံးတွေကို
နေသားမကျတဲ့သန်းကောင်ယံကအလဲမထိုးနိုင်တဲ့အခါ
ဒိုင်ရာဇီပန်နှစ်လုံး လည်ချောင်းထဲကိုအတုန်းအရုန်းဝင်လာပြီး
ညဟာလှလှပပ အိပ်မောကျသွားခဲ့…
ငါ့ရဲ့အိပ်ခန်းထဲက
ခေါင်မိုး နံရံနဲ့ ကြမ်းပြင်
အနာဂတ်ကိုကြိုမမြင်နိုင်တဲ့အတိတ်အတွက်
သူတို့အားလုံးအိပ်မက်မက်နေကြတုန်း…
ခုန်ပေါက်နေကြတဲ့နာရီရဲ့ကင်းမလက်မဲကြီးတွေကတော့
သည်းသည်းမည်းမည်းပြေးလွှား
အပျိုဘော်ဝင်ခါစ ဆောင်းဦးညများနဲ့ဝေးရာ
ဟန်ဆောင်ကောင်းတဲ့ ရာသီစက်ဝိုင်းများဆီသို့…
တကယ်တော့..
ဒီလိုညတွေမှာ ခွေးဟောင်သံမကြားရ
ကလေးငိုသံလည်းမကြားရ
မြို့ပြညှော်နံ့မရ ကျေးလက်ခြင်မကိုက်
ငါသာ ငိုက်တတ်ရင် ကောင်းကောင်းအိပ်ပျော်မှာ
ရင်ထဲမှာ ဘာမျှမရှိတဲ့ ရိုးဘော့တကောင်သာဖြစ်ခဲ့ရင်ပေါ့…
မနေ့ကလမ်းလျောက်တဲ့လူသားတွေဟာ
အပြာရောင်ဆင်တူ ဝတ်ဆင်ရင်း
ဘလော့ကျင်းထဲကို ဓာတ်ပုံတွေအဖြစ်ခုန်ဆင်းလာ
ငါ့ရဲ့ညတာကို ပိုပြီးဆန့်ထုတ်ပစ်ကြ…
အလျားလိုက်ဖြန့်ခင်းလိုက်တဲ့ အိပ်မက်တွေထဲ
၈၈သြဂုတ်နဲ့ ၂၀၀၇စက်တင်ဘာရဲ့သွေးတွေရဲခနဲဖြာဆင်း
ဒီကနေ့ ငါ့ဘလော့မှာကဗျာတပုဒ်စီးဆင်း
၂၀၀၈ကို လွတ်လပ်ခြင်းနဲ့ မျက်နှာသစ်ဖို့
မင်းတို့ ငါတို့လက်တွေ လေထဲဆန့်ထုတ်ကြ
မင်းတို့ ငါတို့လက်တွေနွေးထွေးကြစေ
မင်းတို့ ငါတို့လက်တွေခိုင်မြဲကြစေ….။
ဆောင်းယွန်းလ
Friday, January 4, 2008
Posted by
ဆောင်းယွန်းလ
at
9:09 PM
Subscribe to:
Post Comments (Atom)



5 comments:
ကိုဆောင်းယွန်းလရေ ကဗျာလေးက ကောင်းတယ်နော်။
၂၀၀၈ကို လွတ်လပ်ခြင်းနဲ့ မျက်နှာသစ်ဖို့
မင်းတို့ ငါတို့လက်တွေ လေထဲဆန့်ထုတ်ကြ
မင်းတို့ ငါတို့လက်တွေနွေးထွေးကြစေ
မင်းတို့ ငါတို့လက်တွေခိုင်မြဲကြစေ….။
အဲဒီ့နားလေးကို အကြိုက်ဆုံးပဲ။ ပျော်ရွှင်ပါစေနော်။ လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ။
လေးစားစွာဖြင့်
မေပျို
စိတ်လွတ်ကိုယ်လွတ် ရေးထားတဲ့ ကဗျာကို လာဖတ်ပါတယ် ကိုဆောင်းရေ..။ အားလုံးအဆင်ပြေပါစေ..။
၂၀၀၈ကို လွတ်လပ်ခြင်းနဲ့ မျက်နှာသစ်ဖို့
မင်းတို့ ငါတို့လက်တွေ လေထဲဆန့်ထုတ်ကြ
မင်းတို့ ငါတို့လက်တွေနွေးထွေးကြစေ
မင်းတို့ ငါတို့လက်တွေခိုင်မြဲကြစေ….။
---------
ခိုင်မြဲစွာ ညီညွတ်ကြပါတယ် အကိုရေ အားပေးနေတယ်နော် အကို :)
အစ်ကိုရေ......ကဗျာလေးက ကောင်းလိုက်တာရှင်။ ၂၀၀၈ ကို လွတ်လပ်ခြင်းနဲ့ မျက်နှာသစ်ဖို့ ရတနာတို့အားလုံး တွဲလက်တွေ ခိုင်မြဲကြမှာပါ။ အားပေးနေတယ်နော် အစ်ကိုရေ.ဆက်ရေးနော်။
ကဗျာလေးကောင်းတယ်ဗျာ။ လွတ်လပ်ရေးနေ့ က အကြောက်တရားကင်းမဲ့စွာ ဆန္ဒပြခဲ့တဲ့သူတွေကိုလည်းအရမ်းလေးစားတယ်ဗျာ။
Post a Comment