”စိတ်နဲ့ကိုယ်ကိုဆွဲစေ့ကြည့်ခြင်း”
အလစ်အငိုက်အရှိုက်ဝင်ထိုးတဲ့
ကံကြမ္မာဆိုးတစ်ပွေ့တစ်ပိုက်ကို
ခပ်စိမ်းစိမ်းစိုက်ကြည့်ပြီး
ဟားတိုက်ရယ်မောပစ်လိုက်မိတယ်…
အမိုက်မှောင်ဆုံးညထက်
ဘာတွေကပိုနက်ကြဦးမှာမို့လဲ
ကဲ…လာကြစမ်း
ငါ့ပါးကိုခိုးခိုးနမ်းနေတဲ့ရင့်ရော်မှုတွေ
ခန္ဒာဝန်ကိုလှဲဖြိုဖို့ကြိုးစားနေကြတဲ့
နာရီတစ်လုံးထဲက
ကာလလက်နက်ပုန်းတွေ
ချိန်ကိုက်ဗုံးတစ်လုံးလို
တဝုန်းဝုန်းကွဲပစ်လိုက်ကြစမ်း…
ကြွေလိုက်ကြစမ်း
လဲပြိုလိုက်ကြစမ်း
ငါ့ရဲ့စိတ်ကမ်းပါးပေါ်ကို
အလိုမတူဘဲခြေချော်ကျလာတဲ့
မတော်တရော်မသိကျိုးကျွံမှုတွေနဲ့
ငါ့ကိုအသိအမှတ်မပြုတဲ့ဆူးခက်တွေ
စိတ်ပေါ်မှာသစ်ပင်စိုက်
အမှတ်တရဒဏ်ရာတွေအဖြစ်
ငါသတ်မှတ်ပစ်လိုက်မယ်…
အကျယ်လောင်ဆုံးအော်ဟစ်သံ
အပျိုမြစ်ဆုံးတယောသံနဲ့
အသစ်လွင်ဆုံးတေးတစ်ပုဒ်
သင်တို့..ငါ့ကို
ချွေးထုတ်နေကြရော့သလား
ဒီမှာငါ.
ဖျားနာမှုတစ်ခုအတွက်
ဆေးရုံမတက်ဘူး
အားနာမှုတစ်ခုအတွက်
ဟန်မလုပ်တတ်သလို
ကြွားဝါလိုမှုတစ်ခုအတွက်
မဏ္ဍပ်တိုင်တက်မပြတတ်ဘူး….
အရူးသွပ်ဆုံးခံစားရမှုထက်
အခါးသက်ဆုံးနေ့တွေထက်
ဘာတွေကပိုခါးသက်ဦးမှာမို့လဲ
ကဲ..လာကြစမ်း
ငါ့မာနကိုဆွဲမွှေ့ချိုးရမ်းချင်ကြတဲ့
လေနီကြမ်းတွေ
ငါက..
ရပ်တန့်နေရတဲ့
မြစ်တစ်စင်းမဟုတ်သလို
လဲပြိုကျနေတဲ့
သစ်တစ်ပင်လည်းမဟုတ်ဘူး
ငိုက်မြည်းနေတဲ့
ငှက်တစ်ကောင်ဖြစ်ဖို့လည်း
ငါ့မှာ အယောင်ဆောင်အတောင်တွေမပါဘူး…။
Monday, November 24, 2008
Posted by
ဆောင်းယွန်းလ
at
8:30 PM
Subscribe to:
Post Comments (Atom)



6 comments:
အဆိုးဆုံးတွေရဲ့ အနောက်မှာ အကောင်းဆုံးတွေရှိတယ်လို့ ကျနော် ယုကြည့်တယ်။ လိုရာတွေးပြီးခံစားသွားတယ်။
ဒါမျိုးလုပ်ပါဗျကိုဆောင်းရ... ကြိုက်တယ်ဗျာ..။
ကြိုက်တယ်အစ်ကို
" ကဲ…လာကြစမ်း
ငါ့ပါးကိုခိုးခိုးနမ်းနေတဲ့ရင့်ရော်မှုတွေ
ခန္ဒာဝန်ကိုလှဲဖြိုဖို့ကြိုးစားနေကြတဲ့
နာရီတစ်လုံးထဲက
ကာလလက်နက်ပုန်းတွေ
ချိန်ကိုက်ဗုံးတစ်လုံးလို
တဝုန်းဝုန်းကွဲပစ်လိုက်ကြစမ်း…"
ဒါလေးဆို လွှတ်ခိုက်တယ်...
ခင်မင်လျက်
Mirror
ကဗျာကိုတော့ ဘာသာမပြန်တတ်ဘူး ကိုဆောင်းရေ
ဖတ်လို့ အရမ်းကောင်းတယ်။
ကိုဆောင်း မရောက်တာကြာပေမဲ့ သတိရနေတယ်၊ ကဗျာ တွေက ပိုပြီးအသက် ၀င် လာတယ် လို့ ကျနော် ထင်တယ် ဗျ အချိန်ယူပြီးဖတ်သွားတယ် ဗျာ။
နောက်ဆုံး ပါဒ လေးကို အကြိုက်ဆုံးပဲ အကိုဆောင်းယွန်း။
Post a Comment