Thursday, October 24, 2013

“ခိုက်ပြီးတန့်နေတဲ့ အခိုက်အတန့်တွေ”

“ခိုက်ပြီးတန့်နေတဲ့ အခိုက်အတန့်တွေ”


အနေအထိုင်မတတ်တော့
တနေ့တာရဲ့ ၂၄နာရီက အနည်ထိုင်တယ်ကိုမရှိဘူး
တောင်သွားသွား မြောက်ရောက်ရောက်
ပြဿဒါးထဲက ပြဿနာက ဆီလိုအပေါက်ရှာထွက်လာတတ်တယ်
ခေတ်ကို ၀တ်ဆင်ပေးဖို့ အနွေးထည်တထည်လောက်
ဟောဒီ ဆောင်းဦးပေါက်မှာ လိုကောင်းလိုလိမ့်မယ်
ဘူးတလုံးဆောင်တိုင်း မဆင်းရဲဘူးပြောကြကြေးဆို
ဟောဒီ ငါ့လက်ထဲက ရေသန့်ဗူးထဲမှာ
နဂါးနီသီချင်းဟာ ကီးအမျိုးမျိုးပြောင်းပြီး ကခုန်လို့ပေါ့
ပြေရာပြေကြောင်းတွေ တွေးတွေးပြီး
လည်ပြန်ငေးမိတဲ့ မိုင်တိုင်တွေမှာ နောင်တဟာ ခြစ်ရာဗလပွနဲ့….

အသွားအလာမတတ်တော့
တနာရီရဲ့ စက္ကန့်ခြောက်ဆယ်ဟာ
အောက်ခြေသိမ်းကိစ္စတွေ စွယ်စုံရတဲ့ ပြာတာတယောက်လို
လက်ခံမှုနဲ့ ငြင်းပယ်မှုတွေကြားက အနားသတ်မျဉ်းကြောင်းပေါ်မှာ
ဒူးနှံ့ထိုင်ပြီး လေချွန်နိုင်ဖို့ ကျည်ကာအင်္ကျီတထည်လောက်လည်းလိုမယ်
ခေတ်ကို ရေချိုးပေးဖို့ ဆပ်ပြာရည်ကောင်းကောင်း တဗူးလောက်ဖြစ်ဖြစ်
ဟောဒီနှစ် နွေဦးပေါက်ထဲမှာ လိုကောင်းလိုပေလိမ့်မယ်
အမိုးအကာအောက်ရောက်ရှိရေး နှစ်ရှည်စီမံကိန်းတွေဘာတွေပဲပြောပြော
ခေတ်ကို အအေးမမိနှာမစေးအောင်ဆောင်းပေးဖို့ ထီးတလက်လောက်လည်း
ဟောဒီ မိုးဦးပေါက်မှာ လိုကောင်းလိုလိမ့်မယ်….

အပြောအဆိုမတတ်တော့
တိုင်ကပ်နာရီပေါ်က လက်တံတွေက တိုင်ပတ်နေပြန်တယ်
နေထိုင်စားသောက်ပုံ စံနစ်ပြောင်းဖို့အတွက်
လျှော်ဖွပ်မီးပူတိုက် လဲလှယ်စရာမလိုတဲ့ အ၀တ်တစုံ
တောင်တောင်မြောက်မြောက် သွားလေရာကပ်ပါနေမယ့် အိမ်တဆောင်နဲ့
တခါစားရင် တသက်တာအဆာခံမယ့် ဆေးတပြားလောက်လည်းလိုမယ်…

အသွားမတော်တဲ့ လေးဆယ့်ငါးလှမ်းမှာ
မနေ့ကပတ်တဲ့တိုင်နဲ့ ဒီကနေ့ပတ်တဲ့တိုင်တောင် တိုင်ချင်းမတူဘူး
ဘာပဲဖြစ်ဖြစ် အခိုက်အတန့်ရဲ့ အခိုက်အတန့်လေးထဲမှာ
တိမ်တိုက်တွေထဲ တိုက်အိမ်တွေအုတ်မြစ်ချရတာလည်း ပျော်စရာပဲ…..။      

ဆောင်းယွန်းလ

No comments: