Thursday, September 3, 2015

"ဘယ်တော့မှမမေ့ဘူး"

"ဘယ်တော့မှမမေ့ဘူး"
ခွေးရူးကောင်းစား တမွန်းတည့်တဲ့
ခွေးရူးတွေကောင်းစားတဲ့ တမွန်းက
 တည့်ပဲတည့်လို့ မဆုံးနိုင်တော့ဘူး....
 မွန်းတည့်ချိန်မှာ နေဝင်လိုက်လို့ ရရင်
 သိပ်ကောင်းမှာပဲ...
နေဝင်ချိန်တွေရောက်ဖို့ နဲ့ 
နေထွက်ချိန်တွေဆီကိုပြန်ရောက်ဖို့ 
မေတ္တာဆိုတဲ့ တံခါးပေါက်တွေကို
 ပိတ်သင့်ရင် ပိတ်ထားရမှာပဲ....
သေနတ် သံတွေနဲ့ 
 ငါတို့ မိသားစုတံခါးပေါက်တွေ ရိုက်ချိုးခံခဲ့ရတဲ့

 နေ့ တွေကို
 ငါတို့ မေ့ ပစ်ဖို့ မဖြစ်နိုင်ဘူး.....
 စစ်ဖိနပ်သံတွေအောက်
 ငါတို့ တရွာလုံး တမြို့ လုံး
 ကျီးလန့် စာစားဘဝမျိုးနဲ့ ကြောက်လန့် ခဲ့ရတဲ့ ညတွေကို
 ငါတို့ မေ့ပစ်လို့ မဖြစ်ဘူး.....
နှစ်ပေါင်း၅၀ကျော်မှာ
 လူသန်းပေါင်းများစွာရဲ့ ဘဝတွေ ပြာကျသွားတာ
မေ့ပစ်စရာလား.....
နှစ်ပေါင်း၅၀ကျော်မှာ
 တနိုင်ငံလုံးရဲ့ မြေဆီလွှာနဲ့ သဘာဝတုံးသွားတာ
မေ့ပစ်စရာလား.......
 လင်ကုန်ရှုံး တသက်ဆိုတဲ့စကားလိုပဲ
 အစိုးရကုန်ရှုံးတော့ တတိုင်းလုံးတပြည်လုံးဆုံးတယ်...
 ၆၂ခုနှစ်ကို မမေ့ဘူး
 ၇၄ခုနှစ်ကိုလည်း မမေ့ဘူး
 ၈၈ခုနှစ်ကို မမေ့ဘူး
 ၉၀ကိုလည်း မမေ့ဘူး
၂၀၀၃ခုနှစ်ကို မမေ့ဘူး
၂၀၀၇ကို မမေ့ဘူး
၂၀၀၈နာဂစ်ကိုလည်း မမေ့ဘူး....
 ကုန်ကုန်ပြောရရင်
သွေးစွန်းပေကျံရစ်ခဲ့တဲ့ ဘယ်နှစ်ကိုမှမမေ့သလို
 စစ်ပဒေသရာဇ်တွေအားလုံးနဲ့  စစ်ကိုလည်းမုန်းတယ်...
 တခါတရံမှာ
 လိုအပ်ရင်တော့
 မုန်းတဲ့စစ်ကို မုန်းတဲ့စစ်နဲ့ပြန်အဆုံးသတ်ရမှာပေါ့....
 ငါတို့ ဆုံးရှုံခဲ့ရသမျှတွေအတွက်
နောင်သံသရာ အဆက်ဆက်
 ဘယ်တော့မှမမေ့ဘူး
 ဘယ်တော့မှ မမေ့ဘူး
 ဘယ် တော့ မှ မ မေ့ ဘူး............

 ဆောင်းယွန်းလ

No comments: