Saturday, November 24, 2007

“မွေးရာပါ အခွင့်အရေးတခုအား သုံးသပ်ကြည့်ခြင်း”

သင်နှင့်ကျွန်ုပ်အား မည်သည့်မိခင်ကမျှ နတ်မျက်စိများ ပေးမထားခဲ့ကြပါ။ ထို့အတူ သင်နှင့်ကျွန်ုပ်အား မည်သည့်နတ်ဘုရားကမျှလည်း ပို၍ထူးခြားသည့် တန်ခိုးများဖြင့် ဖန်ဆင်းပေးခဲ့ကြခြင်းမဟုတ်ပါ။ သို့သော် သင်နှင့် ကျွန်ုပ်အား လူဟု မည်တွင်ခေါ်စေလောက်သည့် ပိုင်ဆိုင်မှုများဖြင့် မိခင်တို့က မွေးဖွားသန့်စင်ပေးခဲ့ကြပေသည်။ မွေးကင်းစကာလ၌ သင်နှင့်ကျွန်ုပ်အကြား မည်သည့်အရာကများ အလွန်အမင်းကွဲပြားခြားနားစေခဲ့ပါသလဲ။ သင်နှင့်ကျွန်ုပ်သည် လိင်ပိုင်းဆိုင်ရာအရ ကွဲပြားလျှင်ကွဲပြားမည်။ ရုပ်ပိုင်းဆိုင်ရာကွဲပြားလျှင် ကွဲပြားကြပေလိမ့်မည်။ သို့သော် သင်နှင့်ကျွန်ုပ်တွင် စဉ်းစားတွေးခေါ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်၊ ၀မ်းသာပိုင်ခွင့်၊ ၀မ်းနည်းပိုင်ခွင့် အစရှိသည့် မြောက်များစွာသော လူဟုအမည်တွင်စေခွင့်များ ရှိကြရမည်မဟုတ်ပါလား။ ထိုအခွင့်အရေးများသာ ခမ်းခြောက်သွားကြပါလျှင် သင်နှင့်ကျွန်ုပ်တို့သည် လူဟုခေါ်ဝေါ်သမုတ်ခံရသော်လည်း၊ ကန္တာရထဲတွင် မျက်စိလည် စမ်းတ၀ါးဝါးဖြင့် အဘယ်အရပ်၌ရှိသည်မသိသော အိုအေစစ်တခုကို ရှာဖွေနေသကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။ အလွန်တိုတောင်းလှသော လူ့ဘ၀အတွင်း သက်ပြင်းပေါင်း သောင်းခြောက်ထောင်တို့ဖြင့် နေ့တဓူဝကို ဖြတ်ကျော်နေကြရသည်မှာ သင်နှင့်ကျွန်ုပ်၏ ရှောင်လွှဲမရနိုင်သော မွေးရာပါအခွင့်အရေးတခုဖြစ်သည်ဟု ယူဆပါက သင်လက်ခံနိုင်ပါမည်လား။ သင်လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ထိုနေ့ရက်ပေါင်းများစွာကို သင်နှင့်ကျွန်ုပ် ဆက်လက်ဖြတ်ကျော်နေရပေဦးမည်။ ထိုနည်းတူစွာ ၎င်းသက်ပြင်းများစွာတို့ကို အတတ်နိုင်ဆုံးလျှော့ချနိုင်မည့် နည်းလမ်းများကိုလည်း သင်နှင့်ကျွန်ုပ် နေ့စဉ်နှင့်အမျှ ရှာဖွေနေကြရပေမည်။ ထိုခရီးအတွင်း၌ သင်နှင့်ကျွန်ုပ် မျက်စိလည် လမ်းမှားစရာ လုံးဝမလိုအပ်ပါ။ ဆင်ခြေဟူသည့် ဝေါဟာရတခုကို မနှစ်မြို့ သရွေ့ သင်နှင့်ကျွန်ုပ် လက်ချင်းတွဲ၍ ခရီးဆက်နေနိုင်ကြပေလိမ့်ဦးမည်။ အယူအဆကွဲပြားခြင်းတို့ကြောင့် သင်နှင့်ကျွန်ုပ် အကြိမ်ပေါင်းများစွာ ပြင်းထန်သော တိုက်ပွဲများကို ဆင်နွှဲခဲ့ကြဖူးသည်။ ဆက်လက်၍လည်း ထိုတိုက်ပွဲများကို ကြုံတွေ့နေကြရဦးမည်။ သို့သော် ခံယူချက်၊ ဦးတည်ချက်လွဲမှားမှုများအတွက် တိုက်ခိုက်ကြရမည့် တိုက်ပွဲများတွင် ကျွန်ုပ်သည် သင့်အား မည်သည့်နည်းနှင့်မျှ ခွင့်လွှတ်နိုင်လိမ့်မည်မဟုတ်သလို အားလည်းအားနာနေလိမ့်မည် မဟုတ်ပါ။ ထိုအချက်သည်ပင်ကား ကျွန်ုပ်တို့၏ မွေးရာပါအခွင့်အရေးတခုဖြစ်ပေသည်။ မည်သည့်ခေတ်စနစ်တွင်မဆို ထိုမွေးရာပါအခွင့်အရေးမရှိပါက သင်သည်လူတယောက်ဖြစ်မလာနိုင်သကဲ့သို့ ကျွန်ုပ်သည်လည်း လူတယောက်ဖြစ်လာလိမ့်မည်မဟုတ်ပါ။ မွေးရာပါလူ့အခွင့်အရေးများထဲမှ လူသားတိုင်း မွေးဖွားပြီးပြီးချင်း ၎င်းတို့၏မိဘအုပ်ထိန်းသူတို့မှ အမွေပေးလေ့ရှိသော အမည်နာမတို့၏အကြောင်းကို ဆက်လက်လေ့လာကြည့်ကြပါစို့။ သင်နှင့်ကျွန်ုပ်သည် အမည်နာမတို့၏ ဘောင်အတွင်း၌ကူးခတ်နေကြပေသည်။ တချို့ ကူးခတ်ရင်း နစ်မြုပ်သွားကြ၏။ ထိုအမည်နာမတို့ကပင် လူတချို့ အား ထိုးသတ်ရိုက်ပုတ်ခဲ့ကြ၏။ အကယ်၍ အမည်နာမတို့၏ သေဆုံးခြင်းအကြောင်းကို လေ့လာကြည့်ပါက အချို့ သောနာမတို့သည် ရုပ်နှင့်နာမ် သေဆုံးပြီးမကြာမီပင် သူ့အလိုလို သေဆုံးသွားတတ်ကြ၏။ အချို့ သောနာမတို့ကလည်း ရုပ်နှင့်နာမ်မသေဆုံးမီကပင် ကြိုတင်၍ သေဆုံးခဲ့ကြ၏။ လက်ချိုးရေတွက်နိုင်သော နာမတချို့ တို့သာလျှင် အချိန်ကာလမည်မျှပင် ပြောင်းလဲသွားစေကာမူ ဆက်လက်ရှင်သန်လျက် ရှိနေကြသည်ကို သင်နှင့်ကျွန်ုပ် အသေအချာလေ့လာသုံးသပ်၍ တွေ့ရှိနိုင်ပေလိမ့်မည်။ အရောင်တို့ကို ပိုင်ဆိုင်ခွင့်ရှိသည်မှာလည်း သင်နှင့်ကျွန်ုပ်၏ မွေးရာပါအခွင့်အရေးတခုပင်ဖြစ်၏။ မွေးကင်းစအရွယ်၌ သင်နှင့်ကျွန်ုပ်သည် အရောင်မရှိသော အရောင်တခုကိုဖြစ်စေ၊ ဖြူစင်သန့်ရှင်းသော အရောင်တခုကိုဖြစ်စေ ပိုင်ဆိုင်ခဲ့ကြသည်။ အရောင်တို့၏သဘောတရားကို လေ့လာကြည့်ပါက အရောင်မဲ့နေခြင်းသည် အရောင်မျိုးစုံ၏ စွန်းထင်းပေကျံမှုကိုခံရန် အဆင်သင့်ရှိနေသကဲ့သို့ အရောင်ရှိနေခြင်းသည်လည်း အခြားအရောင်တစုံတရာ၏ စွန်းထင်းမှုကိုခံရရန် အဆင်သင့် ရှိနေကြခြင်းဖြစ်သည်ကို တွေ့မြင်နိုင်ပေလိမ့်မည်။ သို့သော်သင်နှင့်ကျွန်ုပ်သည် အရောင်တို့၏ပြောင်းလဲခြင်းတရားကို အသေအခြာသိရှိကြမည်ဆိုပါက မိမိတို့ ဘာလုပ်ရမည်ကို မွေးရာပါအသိနှင့် ယှဉ်၍ ဆောင်ရွက်နိုင်ပေလိမ့်မည်။ နောက်ထပ်မွေးရာပါ အခွင့်အရေးတခုကို ဆက်လက်လေ့လာကြည့်ကြပါဦးစို့။ သင်နှင့်ကျွန်ုပ်သည် ကမ္ဘာလောကကြီး၏လေကို လွတ်လပ်စွာရှူပိုင်ခွင့်ရှိကြ၏။ အသက်ရှူခြင်းကို လေ့လာကြည့်ပါကလည်း အဓိပ္ပါယ်မျိုးစုံဖွင့်ဆို၍ ရနိုင်ပေလိမ့်မည်။ အကယ်၍ လူတယောက်က မိမိရှေ့ တည့်တည့်နှာခေါင်းပေါက်နား၌ဖြစ်တည်နေသော လေကိုသာ ရှူရှိုက်နေသည်ကိုမြင်မိပါက ထိုသူအားကျွန်ုပ်တို့ မည်သို့သုံးသပ်ယူဆပါမည်နည်း။ ထိုသူကို ကျွန်ုပ်တို့က အတ္တနည်းပါးသူဟု ယူဆနိုင်ပါသလား။ သို့တည်းမဟုတ် ထိုသူအား ကျွန်ုပ်တို့က ပတ်ဝန်းကျင်ကို ဂရုမစိုက် အလေးမထားသူဟု ယူဆနိုင်ပါသလား။ တခါတရံ၌ သင်နှင့်ကျွန်ုပ်တို့၏ သုံးသပ်ချက်များသည် မထင်မှတ်ဘဲ အစွန်းနှစ်ဖက်သို့ရောက်ရှိသွားတတ်၏။ သို့သော် ထိုသုံးသပ်ချက်များသည် သင်နှင့်ကျွန်ုပ်တို့ တဦးချင်းစီ၏ အတွေ့ အကြုံများ၊ ပတ်ဝန်းကျင်ဖြစ်တည်မှုများကြောင့် မတူညီကြခြင်း ဖြစ်နိုင်ပေ၏။ ထိုမတူညီသော သုံးသပ်ချက်များအတွက် အငြင်းပွားနေကြခြင်းထက် မည်သို့ပေါင်းစပ်၍ ရနိုင်မည်ဟူသော အနီးစပ်ဆုံးအဖြေမှန်ကို ရှာဖွေကြခြင်းဖြင့်သာ လူတို့၏သမိုင်းဖြစ်တည်မှုများသည် ရှေးကျောက်ခေတ်မှသည် ယနေ့တိုင်ဆီသို့ ဆက်လက်၍ရပ်တည်နေခဲ့ကြခြင်းဖြစ်ပေသည်။ ထိုကြောင့် သင်နှင့်ကျွန်ုပ်တို့၏ မွေးရာပါအခွင့်အရေးများအတွက် ကျွန်ုပ်တို့ တရက်ပြီးတရက်ဆက်လက်ရှင်သန်နေကြရပေဦးမည်။ တဦးနှင့်တဦးဆက်လက်၍ အချင်းများနေကြရပေဦးမည်။ ထိုအချင်းများမှုများအတွင်း ကူးခတ်ရင်း၊ နစ်မြုပ်ရင်း၊ လဲကျရင်း၊ ပြန်ထရင်းဖြင့် ဆက်လက်ချီတက်နေကြရပေဦးမည်။

ဆောင်းယွန်းလ

2 comments:

Kaung Kin Ko said...

very good philosophy!

Chaos said...

အစ်ကိုအတွေးလေး အရမ်းကောင်းတယ်
စိတ်မကောင်းဘူးရှင်
ကျွန်မခုနကပဲ
ကျွန်မတန်ဖိုးထားတဲ့ အမေကိုစော်ကားထားတဲ့
ကောင်တွေကို အလွန်တရာဒေါသထွက်ခဲ့သေးတယ်