Monday, November 9, 2009

”ရာနှုန်းပြည့်ရွာပြီး ကောင်းကင်ပြည့်အောင်သာစေချင်တယ်…..”

လွတ်လပ်မှုကို ကော်ဖီတခွက်နဲ့ဒူးနှံ့သောက်ပြီး
စီးကရက်တလိပ်နဲ့ ခါးထောက်ဖွာနိုင်တဲ့ဘဝမျိုးမှာ
မလွတ်လပ်သူတွေအတွက်
တမနက်စာလောက် ငတ်မွတ်ကြည့်ခဲ့ကြဖူးသလား…..

လူဆိုတာ မေ့လျော့တတ်တဲ့သတ္တဝါလို့ဆိုတဲ့
အကောင်းဆုံးဆင်ခြေတခုကို
အဟောင်းဆုံးဆိုင်က ဝယ်လာခဲ့ချိန်မှာ
ငါတို့အားလုံး ထမင်းဘယ်နှစ်နပ်စာလောက်စားခဲ့ကြပြီးပြီလဲ….

အမှားကို မှန်တယ်ပြောလိုက်
အမှန်ကို မှားတယ်ပြောလိုက်နဲ့….
ကိုယ့်မျက်လုံးကိုယ် မစ္ဖျရိယဓားနဲ့ထိုးဖောက်လိုက်ကြ..
သူများနားရွက်ကို မုသာဝါဒတံတွေးတွေဆွတ်လိုက်ကြနဲ့..
ဝါးတားတားအနာဂတ်ကို
ရေးတေးတေးပစ္စုပ္ပန်မျက်လုံးတွေနဲ့
ဘဝမိုးချုပ်ချိန်အထိ ထိုင်ကြည့်နေကြမှာလား…
အိပ်မရတဲ့သံစဉ်အသေတွေကို
တရေးနိုးတိုင်းထထဆိုတဲ့ သီချင်းတပုဒ်လို
တယောအိုထိုးနေကြမှာလား…

မက်လုံးတွေကို အမှောင်မှာထုတ်လှန်းပြီး
တယောက်နဲ့တယောက် ခွေပတ်ရမ်းနေကြတဲ့
လမ်းအသေ လမ်းအပျက်တွေပေါ်မှာ
လေကြီးမိုးကြီးတွေ ရွာချနေကြဦးမှာလား…

အမှောင်စွပ်ထားတဲ့
ညမျက်နှာဖုံးကို ဆွဲခွာချွတ်ကြဖို့
အလင်းကိုယ်ယောင်ဖျောက်ထားတဲ့
နေ့မဲကြီးတွေထဲက ခုန်ထွက်ကြဖို့
ကိုယ် စိတ် နှလုံးသုံးပါး ညီညွတ်ရေးဟာ
အကြိမ်ကြိမ်အခါခါပြန်ရစ်နေရတဲ့
တမျိုးသားလုံးဆိုင်ရာ ဓာတ်ပြားဟောင်းကြီးတချပ်လိုပါပဲ…

ဖာသိဖာသာကိုယ်ပိုင်ထွက်ပေါက်ရှာမှုတွေအတွက်
မနက်ဖြန်ရဲ့သမိုင်းက
သင်ခန်းစာတပုဒ်အဖြစ် အရောင်ခပ်မှိုင်းမှိုင်းသုတ်မပစ်ခင်မှာ
ညီညွတ်ရေးကို ကိုယ်တိုင်သင်ကြားနိုင်မှ
မှားခဲ့ဖူးသမျှအဆိပ်အတောက်တွေကို ထွေးအန်ချနိုင်ကြမယ်….

အသွေးအသားတောင်းဆိုမှုထက်
တမျိုးသားလုံးတောင်းဆိုချက်က ဒီရေလိုမြင့်တက်နေချိန်မှာ
သွေးကိုသွေးနဲ့ရင်း သွေးချင်းနီးတတ်ကြဖို့အတွက်
ရင်ထဲရှိသမျှကို မီးကူးထွန်းညှိလိုက်ကြရအောင်….

ခေတ်ဟောင်းတေးတပုဒ်ကို
တကျော့ပြီးတကျော့ အထပ်ထပ်ဆိုနေခဲ့ရလို့
စကားလုံးအချပ်ပိုတွေနဲ့ မောနေရတဲ့
ကာလမွဲ ခေတ်မျက်မည်းကြီးထဲမှာ
”ငါ”ဂါထာတွေကို တတ်နိုင်သလောက်ဖျောက်နိုင်မှ..
ချော်လဲကျနေတဲ့ညီညွတ်ရေးကို ဆွဲထူကူမနိုင်ကြမယ်…

စတေးခဲ့သူတွေအတွက် တဘဝလုံးစာနဲ့လဲနိုင်မှ …
ရှင်သန်ကျန်ရစ်သူတွေရဲ့ ပေးဆပ်မှုစာတရွက်ချင်းစီပေါ်မှာ
စာမျက်နှာခပ်များများကို ခရီးရောက်တဲ့အထိ
ကိုယ့်ဘဝကိုယ်တင်ရေးကြည့်ခဲ့ကြနိုင်မှ
ဇာတ်သိမ်းလှတဲ့ ဇာတ်လမ်းတပုဒ်ကို
မျိုးဆက်သစ်ရုံမှာ အကောင်းဆုံးပွဲထုတ်နိုင်လိမ့်မယ်……။

Thursday, November 5, 2009

”ပေါက်ကွဲမှုအပိုင်းအစအနများ (၂)”

အသားအရောင်ခွဲခြားတတ်တဲ့ ကံကြမ္မာက
ဘဝကို သူ့ရဲ့ဆောက်ချက်ပြင်းပြင်းနဲ့နှဲ့ခဲ့လို့
ပစ္စည်းမဲ့ဘဝက တိတိပပရွဲ့ခဲ့ရတယ်…

နေပူပူမှာ ဒူးတွေပွန်းခဲ့ရတယ်
ခြုံထူထူမှာ တတောင်တွေပဲ့ခဲ့ရတယ်
ကျည်ဆံထူထူယမ်းခိုးအူတဲ့ တောနဲ့တောင်တန်းတွေမှာ
မိခင်တချို့ရဲ့နှလုံးသားတွေကို ဖဲ့ခြွေပေးခဲ့ရတယ်….

တနေ့နေ့မှာပြန်လာခဲ့မယ်လို့ ပြောဖူးခဲ့ပေမယ့်…..
ဒီကနေ့ထိအောင်
ကိုယ့်အရိပ်ကိုယ်မိအောင်မဖမ်းနိုင်ခဲ့သေးဘူး….

လွမ်းလောက်စရာအားလုံးကို
တနေ့သုံးကြိမ်လောက် စားသုံးခဲ့ရဖူးပြီး
သောကကို သေရည်လိုနှစ်ချြိက်စွာသောက်သုံးခဲ့ဖူးသူဟာ
ဒဏ်ရာကဖေးကို ညတိုင်းဝင်သောက်
လေထဲတိုက်အိမ်ဆောက်နေခဲ့မိလို့
ခုချိန်ထိ…ဘယ်ကိုမှမရောက်တတ်သေးဘူး..

တောကြီးမျက်မည်းထဲမှာ သရဲမကြောက်ခဲ့တဲ့
တောတွင်းလက်နက်ကိုင် သူပုန်တယောက်
မြို့ပြရောက်မှ သရဲကိုရင်တုန်အောင်ကြောက်ခဲ့ရ
လေလှိုင်းပေါ်ကသရဲတွေ
ကမ္ဘာခုန်အောင်ခြောက်တဲ့ ညတွေမှာဆိုရင်….

အဖက်ဖက်ကချွတ်ခြုံကျနေရတဲ့ နေ့တွေထဲမှာ
စိတ်ဓာတ်ကိုချွတ်ခြုံမကျအောင်
ရဲဆေးတင်နေရသလို…
အမျိုးသမီးတဦးရဲ့ ကျန်းမာခြင်းသတင်းကို
မပြတ်နာခံနေရရင်း….
ရဲဘော်ရဲဘက်တချို့ရဲ့ ကျန်းမာခြင်းသတင်းကို
မပြတ်နာခံနေရရင်း….
လက်ရှိနေ့ရက်တွေအထိ
လွတ်မြောက်ရေးတံခါးက ဆွဲစေ့ခံထားရတုန်းပဲ
လောင်မြိုက်ခြင်းက
ငါတို့ခေါင်တည့်တည့်ကိုမှ ရွေးပြီးနေရာချရတယ်လို့….

အခြေအနေအကြောင်းကြောင်းအရ…
ကမ္ဘာမြေခြောက်သွေ့ခြင်း သီချင်းစာသားကို
ဗမာပြည်ဂျောက်ကျခြင်းသံစဉ်နဲ့ တွဲဖက်သီဆိုနေရတုန်းပဲ….
လက်တလောနေ့ရက်တွေအထိ
အမျိုးသားအလံကို တိုင်တဝတ်တိတိလွှင့်ထားနေရတုန်းမို့
အခုကျင့်နေရတဲ့ ကိုယ်တိုင်ရေးသံစဉ်သီချင်းတပုဒ်အတွက်
သံစဉ်ရောစာသားပါ အသစ်စက်စက်ဖြစ်နေဖို့လိုတယ်……...။

Saturday, October 31, 2009

”ပေါက်ကွဲမှုအပိုင်းအစအနများ (၁)”

လတ်တလောနေ့တွေမှာ….
ပစ္စုပ္ပန်ကို ကျေနပ်စွာနေထိုင်ကြည့်ဖို့အတွက်
အနာဂတ်နဲ့ စိတ်ချင်းပေါင်းသင်းဆက်ဆံမှုကို
ယာယီအားဖြင့် ဗီဇာပိတ်ခံထားရတယ်…

စိတ်ရထားရဲ့ ခေါင်းတွဲမှာ
အပြောင်းအလဲများတဲ့ လောကဓံအလံကိုလွှင့်ရင်း
ကျဉ်းထဲကြပ်ထဲက ဘဝမှာတောင်
အံသေအောင်ကြိတ်ထားဖူးခဲ့သူရဲ့ အတိတ်ကတော့
ရနံ့သေနေတဲ့ နှစ်ပရိစ္ဆေဒအိပ်မက်ဟောင်းတွေနဲ့အပြိုင်
လွမ်းလောက်စရာ ဒိုင်ယာရီစာမျက်နှာတွေထဲ
မင်နီသွေးစက်တွေရဲလို့ပေါ့….

တည့်တည့်မနေနိုင်သေးသမျှ
ပစ္စုပ္ပန်စာမေးပွဲကျရှုံးနေသူရဲ့ ဘဝမှာ
ကိုယ့်ကြမ္မာကိုယ် အခါခါမောင်းတင်နေရရင်း
အဟောင်းအမြင်း ဖတ်စာတပုဒ်ကို
မကြာမကြာပြန်လှန်ကြည့်တတ်သူ့ရဲ့
ကောင်းကင်နံရံထက်
၂၁နှစ်စာ ပန်းချီကားတချပ်ကလွဲပြီး ဘာမှမရှိခဲ့
၂၁နှစ်စာ ကဗျာတပုဒ်ကလွဲပြီး ဘာမှမရှိခဲ့…..

တရံရောအခါတွေကို..
မသိလိုက်မသိဖာသာမေ့နေလိုက်ဖို့ ကြိုးစားမိတိုင်း
ခိုးစားတဲ့ဝိုင်းတွေနဲ့ချည့် ထိပ်တိုက်ကြုံခဲ့ရလို့
ဗီဇကို အလေးလံဆုံးအရာဝတ္ထုတခု ဆွဲချည်ခံထားရသလို
ငါ့ကဗျာတွေကလည်း အရင်လိုမချိုနိုင်ကြတော့ဘူး…

အပျင်းမပြေတဲ့ သတင်းပဒေသာကို
မကြားချင်…နားမထောင်ချင်လို့
၂၁နှစ်စာ ရေဒီယိုခလုတ်ကိုပိတ်
နားကို တုံဏှိဘာဝေမှိတ်ထားပေမယ့်
အမျိုးသားအကျိုးစီးပွားဆိုတဲ့ စကားကို
မရိုးမသား ခိုးပြီးစားနေတဲ့သူတွေရဲ့
အာခံတွင်းနက်နက်တွေကထွက်နေသမျှ ကာလပတ်လုံး
အငုံစိတ်ကို သေနတ်ပြောင်းဝမှာချိတ်ထားရသလိုပဲ
ငါ့ကဗျာတွေရင်ကကွဲထွက် ကြိုးစင်ထိအရောက်တက်ချင်တယ်…..

ခဏပြင် ခဏပြောင်း
အာဏာနဲ့သေနတ်ပြောင်းဝမှာတည်တဲ့ ဥပဒေသတွေနဲ့
ကြွက်ခြင်ယင်ပေါ နာဂစ်အလောင်းတွေမြောနေတဲ့ တိုင်းပြည်မှာ
မကြာခင်ကပြတော့မယ့် ၂၀၁၀မျောက်ကပွဲကို
ကဗျာသေနတ်နဲ့အတွဲလိုက်ဆွဲပြီးမှ ဖောက်ခွဲလို့မရနိုင်ရင်
အရှေ့အလယ်ပိုင်းက ဆူဆိုက်ဗုံမာတွေငှားပြီးဖောက်ခွဲပစ်ချင်တယ်….။

Thursday, October 22, 2009

”အင်ဒီယာနာရဲ့ ဆောင်းလေထန်ကုန်းမှာ”
အပြင်ဘက်မှာ
ဆောင်းက..
ငါ့အရေပြားကို
အေးစက်စွာ စိုက်ပျိုးမယ့်ပုံစံမျိုးနဲ့
သူ့ရဲ့ သူစိမ်းဆန်ဆန်လေပြင်းတွေကို
တီးတိုးခြွေနေတဲ့ပုံများ
အိမ်တွင်းက င့ါအရေပြားနဲ့တောင်
အတိုင်းသားကြားနေရတယ်…

နွေဦးပေါက်တုန်းက
ငါ့ဆီ တခေါက်ရောက်လာခဲ့ကြဖူးတဲ့
စိတ်ကူးစိတ်သန်းများ
အခုတော့လည်း
အငွေ့ပျံတက်သွားတဲ့
မိုးမီးခိုးတန်းတွေလို…
ငါ့ရင်ဘတ်ကို ရှိုက်ယူရင်း
ပြီးတော့..ပြန်မှုတ်ထုတ်ရင်း
ဆောင်းရဲ့ သက်ပြင်းတွေကသာ
ဘဝကို ခြေချော်နင်းနေခဲ့ကြ…..

အပ်နှစ်ချောင်းရဲ့ ထိစပ်မှုမှာ
ဆောင်းအခါခါ
နွေအခေါက်ခေါက်
မိုးတဖြောက်ဖြောက်ကျခဲ့ဖူးပေမယ့်….
နောက်ဆက်တွဲဖြစ်ရပ်များရဲ့
ပိတ်ကားအဖွင့်ဟာ
ရှေးဟောင်းနှောင်းဖြစ်တွေရဲ့
နေဝင်မိုးချုပ် ဇာတ်ထုတ်တခုဖြစ်မှန်း
လမ်းခပ်ကြမ်းကြမ်းကို ဖြတ်မိမှ
ဘဝသုံးဆစ်ချိုးအရွယ်
လေးဆယ်ဆိုတဲ့
လူသားတယောက်ရဲ့ အသိနဲ့
ရင်ခုန်သံစာအုပ်ကို ပြန်ထုတ်ဖတ်မိခဲ့တယ်….

ကောင်မလေးရေ..
ဈေးတွေခေါင်ခိုက်နေသလို
အတွေးတွေကသာ
ခေါင်ခိုက်နေကြရင် သိပ်ကောင်းမှာပဲ
ခုတော့…အတွေးတွေက မှောင်မိုက်
ဆောင်းက ငါ့ကိုအိပ်ငိုက်နေပြန်ပေါ့
နင်နဲ့ ပြန်ဆုံဖို့ရက်အတွက်…
ငါ့အတွေးတွေက နက်နေရတုန်း
အင်ဒီယာနာရဲ့ ဆောင်းလေထန်ကုန်းမှာ…..။

Sunday, October 18, 2009

”အသစ်နဲ့အဟောင်းထဲမှာ အစစ်ကို လှန်လှောရှာဖွေခြင်း (၂)”

ငါတို့ကိုယ်တွေက…
ဆယ်ပိုင်းလောက်သေနေရပြီး
ငါတို့စိတ်တွေက…
အပိုင်းပိုင်းသေနေကြတဲ့အခါ
ဘာကိုကြည့်ကြည့် အမြင်တွေမရှိခဲ့….

ဒီလိုနဲ့…
ငါတို့ကိုယ်နဲ့စိတ်ကို ဖြတ်မောင်းသွားခဲ့တဲ့
နာရီပေါင်းများစွာမှာ
ဘာကိုဖြစ်လို့ဖြစ်ရမှန်းမသိခဲ့တဲ့ သူတွေဟာ
လူလူသူသူမဖြစ်ခဲ့တဲ့ ကမ္ဘာမှာ
ကိုယ့်ကိုကိုယ် ညာမှန်းမသိညာနေခဲ့ရ..

မကြာခင်ပြန်လာခဲ့မယ်ဆိုတဲ့ စကားနဲ့
မုသာဝါဒများအပေါ် ပျားရည်သုတ်လိမ်း
ဇာတိနဲ့ ခပ်စိမ်းစိမ်းနေခဲ့ရတဲ့ နှစ်တွေမှာ
ကိုယ့်ဒဏ်ရာကိုယ် အခါခါပြန်မြိုချနေရရင်းက
အနာဂတ်ဆိုတဲ့ ပင်လယ်ဝကိုလည်း
ငါတို့..တခေါက်တလေမျှ အလည်မရောက်နိုင်ခဲ့ကြသေး…

ပစ္စုပ္ပန်ဈေးခင်းမှာ
ငါတို့ကိုယ်ကိုငါတို့ ရောင်းချနေခဲ့ကြရရင်း
အသက်ကို ခပ်မျှဉ်းမျှဉ်းသာရှုနိုင်ခဲ့ကြ..

အတိတ်မုန့်လုံးကို စက္ကူအခါခါကပ်
သေတတ်ဖို့ နေတတ်ခဲ့ရသူတွေမှာ
ဘဝကို
ကံမျက်လှည့်ဆရာရဲ့ လက်ထဲထိုးအပ်
အရာရာကို ဖာသိဖာသာနေတတ်ဖို့ ကြိုးစားနေခဲ့ကြရ…

ဒီလိုနေထိုင်ကြီးပြင်းမှုတွေနဲ့ပဲ
သေမင်းခံတွင်းဝ
ငါတို့ ခုန်ချရတော့မှာလား
ဟင့်အင်း….
ကိုယ့်ချဉ်ခြင်းအတွက်
ကျန်ရှိနေသေးတဲ့ နာရီတွေကို
ကိုယ့်ဘက်ဆွဲလှည့်ပြီး
ပစ္စုပ္ပန်ကို တည့်တည့်လျှောက်
အနာဂတ်တခုကိုတော့ တည့်တည့်ရောက်ကြရအောင်….။

(ကိုမင်းကိုနိုင် အသက်၄၇နှစ်မြောက်မွေးနေ့အတွက် အမှတ်တရရေးဖွဲ့သော ကဗျာ)

Thursday, October 15, 2009

”အသစ်နဲ့အဟောင်းထဲမှာ အစစ်ကို လှန်လှောရှာဖွေခြင်း”

လူတကာကို ရေတွက်ဖို့ထက်
မိမိကိုယ်မိမိ လှန်လှောရှာဖွေကြည့်ရအောင်
ကိုယ့်ဘဝကို ကိုယ်မက်ခဲ့တယ်…

အကြောင်းကြောင်းကြောင့်…
မိမိကိုယ်မိမိ ရေတွက်ကြည့်မိတဲ့ ခရီးမှာ
အကျိုးမဲ့ဆယ်စုနှစ်တွေက လေးလံဖိဆီးလို့
သောကမီးတောက်တွေရဲ့ အပေါ်မှာ
ကိုယ့်ကိုကိုယ် လိုက်လံဖွေရှာရင်း
မိမိကိုယ်မိမိ ပျောက်ဆုံးနေခဲ့ရ…

ဖဝါးပြင်ပေါ်က
ဇာတိ မရဏ အရေးအကြောင်းတွေထက်
မျက်နှာပေါ်က
ဇရာအရေးအကြောင်းတွေထက်
ပိုပြီး အရေးကြီးခဲ့တဲ့ နေ့ရက်များ
ကိုယ့်အော်သံကိုယ် ပြန်မကြားနိုင်ခဲ့တဲ့
တောအုပ်တခုထဲက
သုညတွေပေါက်တဲ့ အပင်အိုထက်မှာ
နေလောင်ရင့်မှည့်ခဲ့ကြ…

အပြန်လမ်းမှာ
ဘာနဲ့ဘယ်လို ထုတ်ပိုးသယ်ဆောင်ရမှန်းကို
မနေ့တနေ့ကအထိ မသိနိုင်ခဲ့သေး…..

ခပ်ဝေးဝေးမှာရှိနေခဲ့ကြဖူးတဲ့
သံဝေဂတရားတချို့က
မေ့မေ့လျော့လျော့ နေထိုင်ကြီးပြင်းမှုကို
လက်တို့ သတိပေး
ကိုယ်နဲ့ဝေးနေခဲ့ကြတဲ့ အတွေးများ
တဖြေးဖြေး….ကိုယ်နဲ့နီးကပ်လာခဲ့ကြ….

ရေတွက်နိုင်ခဲ့သမျှကို သယ်ဆောင်ခဲ့သူရဲ့
ရင်ခွင်အခန်းဝမှာ
အနာဂတ်မဲ့ ဒဏ်ရာဒဏ်ချက်တွေကသာ
မလျှော်ဖွပ်ရသေးတဲ့ အိပ်ယာခင်းတခုလို
တွန့်ကြေမွလိပ်
ညတွေကို…
လွမ်းဆွတ်ခြင်း တေးသားတွေထဲ
အကြိမ်ကြိမ် ထည့်သိပ်ခဲ့ရ…

အရာအားလုံးကို..
အကောင်းဆုံး ထားရစ်ခဲ့နိုင်ဖို့အတွက်
လတ်တလောနေ့ရက်တွေမှာ
အသက်ကို ခပ်ပြင်းပြင်းရှုထုတ်သွင်းရင်း
လေးကြောင်းမျဉ်း စာအုပ်ပေါ်မှာ
လက်ရေးလှကျင့်တဲ့ ကလေးငယ်တယောက်လို
”ဘဝ”ဆိုတဲ့ စာသားကို
အမှားမှားအယွင်းယွင်း ရေးခြစ်လေ့ကျင့်နေရတုန်း…

အပြန်ခရီးမှာ
ကိုယ်နဲ့အတူ သယ်ယူသွားနိုင်မယ့်
တစုံတခုအတွက်
တချို့ကိုလွှင့်ပစ် တချို့ကိုသိမ်းဆည်းလို့
သိက္ခာနဲ့အရှက်ကို ထူထူထဲထဲထုပ်ပိုးရင်း
အသစ်နဲ့ အဟောင်းတွေထဲက
အစစ်တခုကိုတွေ့အောင်
ရှာဖွေတူးဆွနေရဦးတော့မယ်……………….။

Tuesday, October 13, 2009

”ဖိနပ်တရံနဲ့ ကော်ဖီတခွက်ရဲ့ရာဇဝင်”

အကြမ်းမဖက်ဆန့်ကျင်သူတို့ရဲ့ ဆန္ဒအမှန်ကို
ဖိနပ်တရံနဲ့ အမြင့်မားဆုံးဖော်ထုတ်နိုင်ခဲ့ကြတယ်…

ကလော်တုတ်တာကို ရိုင်းတယ်လို့ဆိုရင်
တတိုင်းပြည်လုံးကို မှောက်လိုမှောက်လှန်လိုလှန်အုပ်ချုပ်
အာဏာသေနတ်နဲ့ဗိုလ်လုပ်နေသူတွေက ယဉ်ကျေးတာလား..

အကြမ်းမဖက်ဆန့်ကျင်သူတွေရဲ့ ဆန္ဒအမှန်ကို
ကော်ဖီပူတခွက်နဲ့ အမြင့်မားဆုံးဖော်ထုတ်နိုင်ခဲ့ကြတယ်….

အော်ဆဲတာကို ရိုင်းတယ်လို့ စွပ်စွဲရင်
တနိုင်ငံလုံးကို လက်ဝါးကြီးအုပ်
ကိုယ်ထင်ရာကိုယ်လုပ်နေသူတွေက ယဉ်ကျေးတာလား…

သေနတ်ရှိသူတွေက သေနတ်ကိုင်ပြီးမဟုတ်တာလုပ်ရင်
ပါးစပ်ရှိသူတွေက စကားလုံးနဲ့ဖောက်ခွဲပြီး ဟုတ်တာကိုပြောမယ်….

မှန်ခြင်းမှားခြင်းကို အများကဆုံးဖြတ်မှရတာပါ…

အာဏာပိုင်သူတွေက လက်နက်ကိုင်ပြီးအနိုင်ကျင့်ရင်
အာဏာလက်မဲ့ ကော်ဖီပူတခွက်ကိုကိုင်နိုင်တဲ့သူက
သူ့လက်ထဲကကော်ဖီခွက်နဲ့ သူ့ဆန္ဒကိုဖွင့်လှပ်ပြတာ ရိုင်းသွားသလား……

တရားတယ်မတရားဘူးဆိုတာကို အများကဆုံးဖြတ်မှရတာပါ….

အာဏာရှင်တွေကိုပစ်ပေါက်လိုက်တဲ့ ဖိနပ်တရံထဲမှာ
မြန်မာပြည်သူလူထုတရပ်လုံးရဲ့ မကျေနပ်မှုတွေထည့်ထားသလို….

အာဏာရှင်တွေကိုပစ်ပေါက်လိုက်တဲ့ ကော်ဖီခွက်ထဲမှာ
မြန်မာပြည်သူလူထုတရပ်လုံးရဲ့ ပေါက်ကွဲမှုတွေပါတယ်….

မှားသလား မှန်သလား
ရိုင်းသလား ယဉ်ကျေးသလားဆိုတာကို တိုင်းတာဖို့ ပေတံဟာ
အာဏာရှင်တွေလက်ထဲမှာကိုင်ထားတဲ့ ကျည်ဆံနဲ့သေနတ်မဟုတ်ဘူး
ပြည်သူလူထုနှလုံးသားကထွက်ကျလာမယ့် ပြည်တန်တဲ့စကားပဲဖြစ်တယ်….

ဖိနပ်တရံနဲ့ ကော်ဖီတခွက်ရဲ့ရာဇဝင်ဟာ စာတွင်အောင်ထင်ရှားတယ်…

ဒါဟာ….
ဖိနှိပ်ခံရသူများရဲ့ သေရာပါဒဏ်ရာအမှတ်အသားများကို
တရားနည်းလမ်းတကျ ဖောက်ခွဲပြလိုက်တဲ့ သင်္ကေတတခုသာဖြစ်တယ်….….။

Thursday, October 8, 2009

”လွယ်လွယ်လေးကိုများ”

ဒီအက်ကြောင်းက တော်တော်ကြီးနေပြီ
အင်း…..သိတယ်ဗျ
ကျနော်လည်း ရုန်းရင်းကန်ရင်း ခုန်ပေါက်ရင်းကိုးဗျ
ဟောဗျာ…ပြောရင်းဆိုရင်း
လေသံက
အက်ကြောင်းထပ် ဓာတ်ပြားဟောင်းကြီှးဆီကိုပဲ
တန်းတန်းမတ်မတ် ဝင်သွားပြန်ပါပြီ…

ခက်ပါသကောဗျာ…
ကိုယ့်ကိုကိုယ် တုသလားစစ်သလားတော့
သေသေချာချာ ပြန်ဆန်းစစ်ဦးမှ
အက်ကြောင်းတွေထပ်နေတာကတော့ သေချာတယ်….

ဒီလိုပေါ့ဗျာ
ဘာသာဗေဒတူသူမရှိ
စကားပြောဖော်လူကမရှိဆိုတော့လည်း ပိုဆိုးတယ်ဗျ…

ဒါနဲ့
ခင်ဗျားနဲ့စကားပြောတဲ့ အကြောင်းကို
ကျနော် ဒီစာမျက်နှာပေါ်မှာ ချရေးလိုက်ရမလား
ဖြစ်တာသေချာတယ်နော်.
ခင်ဗျားပဲပြောတာ မွန်းကျပ်မှုတွေကို ဘေးချိတ်ပြီး
လူတွေကို လမ်းဘေးကဖေး ပေးမအိပ်ဖို့ဆိုတာ….

ကဲ…ခင်ဗျားဘက်ကသေချာပြီဆိုရင်
ကျနော် ကဗျာစရေးတော့မယ်
ခင်ဗျားက တိုက်တွန်းလို့သာ
ကျနော် ဒီကဗျာကိုရေးဖြစ်သွားခဲ့တာပါ
တကယ်တမ်းကျတော့..
ဒီကဗျာအတွက်
ကျနော့်မှာ ကုန်ကြမ်းတစက်မှ မရှိခဲ့ပါဘူး…

ဘာပဲဖြစ်ဖြစ်
အက်ကြောင်းတွေ တရစ်ပြီးတရစ်ထနေတဲ့
မွန်းကျပ်မှုတံတိုင်းကို ရိုက်ချိုးပြီး
အနာဂတ် ခရီးသစ်တခုထဲက
လက်တွေ့တံတားတခုဆီကို
ကိုယ်တိုင်လမ်းခင်းပြီး ကိုယ်တိုင်မောင်းနှင်ဖို့
ကျနော်..ဒီကဗျာကို မောင်းတင်ပြီးရေးလိုက်ပြီ သူငယ်ချင်းရေ..

အလာပ သလာပတွေကိုဖြုတ်လိုက်ချင်ရင်
အပေါ်အပိုဒ်တွေထဲက ကျနော်ရေးထားခဲ့တာတွေကို
မဖတ်ရင်မဖတ်နဲ့တော့…..ဖြစ်ပါတယ်…
ဒါပေမယ့် အပေါ်အပိုဒ်တွေကို
ခင်ဗျား.ဖတ်ပြီးပြီမဟုတ်လား
အဲဒါကိုပြောတာပေါ့..လွယ်လွယ်လေးပါဆိုတာ….

တကယ်တမ်း…
ကျနော် ခင်ဗျားကိုပြောပြချင်နေတာက…
ကျောင်းကို ဇရပ်ထင်တဲ့လူတွေနဲ့
ဝေးရာမှာနေရင်း
ကွေကွင်းရခြင်း သီချင်းကို
ပြောင်းပြန်လုပ်ဆိုကြည့်မိတဲ့အခါ
အတော်ကြာကြာ မပျော်ပိုက်လာခဲ့မိတဲ့စိတ်
ဒီတညမှာ
ဟောဒီကဗျာကြောင့်ပဲ
ကျနော် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မိတော့မယ်ဆိုတာပါပဲ
ကဲ…ပြီးပါပြီ……
ဒီလောက်ပါပဲ သူငယ်ချင်းရေ
ကဗျာဖြစ်မဖြစ်တော့ ကျနော်လည်းမသိဘူးဗျ
ပျော်သလိုဖတ်ပြီး တော်သလိုသာမှတ်ပေတော့ဗျာ….။


သူငယ်ချင်းကြီးကိုကျော်သက်နဲ့စကားတွေပြောပြီး ရေးဖြစ်သွားတာပါ။

Saturday, October 3, 2009

”လပြည့်ညစိတ်ကူး”

လှုပ်လှုပ်ရှားရှား
သွားသွားလာလာသာ မရှိခဲ့ရင်
ကမ္ဘာကြီး ဘာတွေဖြစ်နေတယ်ဆိုတာတောင်
နဲနဲလေးမှ သတိထားမိမယ့်ကောင်မျိုးမဟုတ်ဘူး
အဲဒါ…သေချာတယ်…

ကမ္ဘာကြီး လုံးလုံး ပြားပြား
ကိုယ့်လမ်းကိုယ်သွားနေရရင်တော့ ကျေနပ်ပါတယ်….

ကြားဖို့ဖြစ်လာခဲ့တဲ့ နားရွက်နဲ့
မြင်ဖို့တပ်ထားပေးခဲ့တဲ့ မျက်စိနှစ်ဖက်ရှိနေပါလျက်က
ကြားတာကို ကြားတယ်လို့မမှတ်နိုင်ခဲ့သလို
မြင်တာကို မြင်တယ်လို့လည်းမမှတ်နိုင်ခဲ့တာ
ကိုယ့်ပြဿနာနဲ့ကိုယ်
ပျားအုံကို မီးခွက်တက်ထွန်းတယ်လို့ပဲ
စွဲချက်ပိုတင်ကြဦးမှာလား…..

အခုလည်း.ကြည့်လေ
လူတွေ ကုသိုလ်ဆီမီးကပ်လှုနေကြမှ
သီတင်းကျွတ်လပြည့်ည ရောက်နေတာကို
သတိထားမိခဲ့တဲ့ကောင်
ကိုယ့်ကိုကိုယ်တောင်
ဘယ်ချောင်က ပြန်ဆွဲထုတ်ပြီး
ဘယ်စိတ်နဲ့ ဘယ်ညကိုမီးထွန်းရမှန်းမသိတဲ့ကောင်ပေါ့…

အိပ်ပျော်နေခဲ့တာမဟုတ်မှန်းတော့ သိပါရဲ့
တနေရာရာမှာ စူးရောက်နေတဲ့ စိတ်ကြောင့်သာ
”အရူးတယောက်”ဖြစ်မှန်းမသိ ဖြစ်နေမိခဲ့တာပါ….

ကဲ..
သီတင်းကျွတ်တယ်ဆိုတော့ကော
ဒဏ်ရာအရောအနှောတွေပေါ်မှာ
အထိအခိုက် အပွန်းအရှတွေသာပေါတဲ့ဘဝတွေက
ဘာတွေများ ပိုထူးပြီး
ဘယ်လိုညတွေထဲ လင်းလက်သွားကြဦးမှာမို့လဲ….

တကယ်တော့ ဒီညလည်း
သီတင်းကျွတ်ညကို
အလင်းမဲ့ဘဝနဲ့ ဆင်ယင်ကျင်းပရဦးတော့မှာပါပဲလေ..

ဖြစ်နိုင်ရင်…
၅၀၀၀တန် ငွေသားစက္ကူစစ်စစ်တွေနဲ့
၂၀၁၀ မီးပုံပျံသစ်ကြီးတခုလုပ်ပြီးတော့မှ
ရုတ်ရုတ်ရုတ်ရုတ် ဇာတ်ရှုပ်နေကြတဲ့
လူလွန်မသား တအုပ်ကို
အဲဒီ မီးပုံးပျံကြီးထဲကိုထည့်ပြီး
ကမ္ဘာ့အပြင်ဘက်ရောက်တဲ့အထိ လွှတ်ထုတ်ကြည့်လိုက်ချင်တယ်….။

Thursday, October 1, 2009

”တနင်္ဂနွေတရက်နဲ့အတူ ပေါ့ပါးစွာ စီးဆင်းချင်တယ်”

ကံကြမ္မာစာရွက်ကို ဖတ်တဲ့
နဂါးတကောင်ရဲ့ ဥာဏ်မျက်စိက
အရပ်ရှစ်မျက်နှာတိတိကို ပြောင်းလှည့်ပြီးတဲ့အခါ
လွမ်းရေးခက်နေရရှာတဲ့
ရွက်ကြွေ စနေနံနက်တွေကတော့
တပတ်စာ မျက်ဖြေလကာင်္ တေးထပ်ဖို့အတွက်
မိတ်သင်္ဂဟ ခေါင်းလောင်းသံတွေနဲ့
ပန်းသတင်း လွေ့လွေ့ကြွေရာ
လူနေအိမ်ယာတွေဘက်ဆီကို အသာခေါင်းထိုးလို့
မျြိ့ပြကိုယ်သင်းနံ့ကို တိတ်တခိုးနမ်းရှိုက်
ငါ့ရဲ့မနက်ခင်းကို တိတိပပ ခင်းကျင်းလိုက်လေရဲ့…

မနေ့တနေ့တုန်းဆီက နာရီတချို့နဲ့
ရာသီရဲ့ ခြောက်ကြိုးကို
သူ့ရဲ့ လေပြေတသိုက်နဲ့
ခပ်တိုးတိုးလေး ရိုက်ခတ်ပြီး
နွေးထွေးမှုကို စည်းချက်လိုက်သွားခဲ့သူက
ခုတော့လည်း…. သူစိမ်းတရံဆန်ပုံကို ဖမ်းလို့
၃၆၅ မျက်နှာရဲ့ ခပ်နွမ်းနွမ်း စာတရွက်မှာ
အတိတ်ဘောင်းဘီကို ဝတ်ဆင်ရင်း
နွေကို အိပ်မောကျခြင်းတွေနဲ့ အိပ်ပျော်ခေါ်ယူသွားခဲ့ပေါ့…

ခုတော့…
ဆောင်းလေပြင်း ကဝေမက
ရင့်ကျက်အရေပြားကို ခြွေနမ်းနေလိုက်ပုံများ
အသွေးအသားတွေထဲထိအောင် အေးစက်
အန္တာတိက မြို့ဟောင်းရဲ့
ညနေခင်းတခုဘက်ဆီကို
အသိမဲ့ ခြေနှစ်ဖက်နဲ့ ရောက်သွားရသလိုမျိုးပ….

ဟောဟို မြင်ကွင်းတွေရဲ့ ရှေ့နား
အိမ်ရဲ့…ပြတင်းတံခါး အပြင်ဘက်ဆီမှာ
ဇာတ်ဖျာလိပ် ပတ်စာခွာသွားတဲ့ ရာသီရက်တွေကို
ခပ်တိုးတိုး လက်ချိုးရေတွက်နေကြသူ
နီဝါရောင်စုံ သစ်ရွက်အိုတွေတောင်
ကျယ်ပြန့်တဲ့လမ်းမနဲ့ ရောနှောကြွေပစ်ကြရင်း
ဒရောသောပါးခုန်ပေါက်လို့ ကြွေအံခင်းနေကြလေပေါ့…

ဒီလိုပါပဲ..
နွေကုန်လို့ မိုးပီပီသသမရောက်တဲ့ တိုင်းပြည်မှာ
သစ်ရွက်ကြွေတာကို ကြည့်ငေးရင်းနဲ့
ဆောင်းဦးပေါက်စ အခင်းအကျင်းကို
အနွေးဓာတ်ပေး မီးလင်းဖိုနံဘေးကနေ
အတွေးချည်မျှင် ဟိုတစဒီတစ
ဖြည်ချနေရသူတွေအတွက်ကတော့
စိတ်လက် ပေါ့ပါးစရာရယ်လို့
ကဗျာ သီချင်းတွေကလွဲလို့ ဘာမှမရှိ
ရောက်မလာသေးတဲ့ မနက်ဖြန်အကြောင်းတွေနဲ့သာ
အတွေးကာရန် ညှိနေခဲ့ရပေါ့…

ဒီလိုနဲ့..မနက်ဖြန်ခါဆိုရင်.
နောက်ထပ် တနင်္ဂနွေတခေါက်က
တပတ်တာ ရင်ခွင်ရဲ့ ပထမတံခါးပေါက်ကို
တိတ်တိတ်ဆိတ်ဆိတ် ဝင်ရောက်လို့
၁၉၂၀ ကြိမ်မြောက်ထက်ပိုတဲ့
နောက်ထပ် ”အကြိမ်မြောက်” တခုအဖြစ်
ဘဝစာမျက်နှာမှာ တစွန်းတစ ထင်ကျန်ရစ်ဦးတော့မယ်….

ဒီတခါလာမယ့် တနင်္ဂနွေမှာ
ဆောင်းဦးပေါက် သစ်ရွက်တွေခြွေတဲ့
ဟဲဗီးရော့ခ်သံစဉ်ဂီတ လေအပြင်းစား ညတွေကို
၂၄ နာရီစာလောက် ခဏမေ့ထားပြီး
ဓမ္မသံစဉ် တေးသီချင်းတပုဒ်နဲ့
စိတ်တွေ ပျော်မွေ့နိုင်ဖို့အတွက်
တနင်္ဂနွေ ဥပုသ်သီတင်းသုံးရာ
နာရီစင်ကြီး သီချင်းညည်းဆိုတတ်ရာဘက်
အကောင်းဆုံး မနက်ခင်းတခုနဲ့အတူ
စိတ်ကူးယဉ် ကမ္ဘာတပတ်လောက်ပတ်လိုက်ချင်ပါရဲ့….

အကွဲ အရှ ဘဝဒုက္ခတွေနဲ့
မျက်ရည် အရောအနှော သောက အမောတို့ရေ
ဘဝရဲ့ တနင်္ဂနွေမီးပွိုင့်တနေရာမှာ….ငါ
ဓမ္မတေးတပုဒ်လောက်နဲ့
နှလုံးသားတရားအားထုတ်ခဲ့ချင်လို့
ငြိမ်းချမ်းရေးလမ်းဆုံ တနေရာဆီက
အလင်းလက်ဆုံး သုခမီးစိမ်းကို ဖွင့်ပေးလှည့်ပါတော့…

အဲဒီနေ့မှာ ငါ့စိတ်တွေကို…..
တနင်္ဂနွေလေတံခွန်နဲ့ အမြင့်ဆုံးလွှင့်ပြီး
ကောင်းကင်တော်တမ်းချင်း တေးသီချင်းတပုဒ်နဲ့အတူ
ဆောင်းဦးပေါက်နေ့ရက်တွေရဲ့ တရားဓမ္မတွေမွေ့လျော်ရာ
စမ်းချောင်းလေးတခုရှိရာဆီကို
လွတ်လပ်ငြိမ်းချမ်းစွာ စီးဆင်းခွင့်ပြုပါရစေ…………..........။

Tuesday, September 29, 2009

”စက်တင်ဘာ ၃၀မှာ မေမေ့ဆီကို ရေးပို့လိုက်တဲ့ ကျနော့်ရင်ထဲက ကဗျာ”

စက်တင်ဘာ မိုးနှောင်း
နံနက်ခင်း အဟောင်းတွေရဲ့
အိမ်တံစက်မြိတ်မှာ ယီးလေးခိုပြီး
မြေနီလမ်းလေးပေါ်မှာ ရွှဲစိုလိမ့်စီးနေကြတဲ့
မိုးရေစက်လေးတွေကို
အရင်လို..အဓိပ္ပာယ်မဲ့စွာနဲ့ ငေးကြည့်နေဖို့..

ဂီတ သီချင်းတပုဒ်ရဲ့ အသံလိုမျိုး
တဖျောက်ဖျောက် မြည်ကြွေးနေတဲ့
မိုးရေစက်လေးတွေရဲ့ ကြိုးညှိသံကို
ခပ်တိုးတိုးလေးဖွင့်ပြီး နားစွင့်ဖို့အတွက်
အရင်လို နေ့ရက်တွေ
ကျနော့် ဒိုင်ယာရီစာရွက်တွေပေါ်ကနေ
လွင့်စင် ပျောက်ရှသွားခဲ့ကြတာ
ဘယ်လောက်တောင် ကြာခဲ့ပြီလဲဆိုတာ
ကျနော် မမှတ်မိချင်တော့ပါဘူး မေမေ…

မရေမတွက်ချင်ဘူး ဆိုပေမယ်လို့
တနှစ်စာ ပြက္ခဒိန်ကို
အမှတ်မထင် လှန်လှောကြည့်မိလိုက်တိုင်း
ကျနော်ချစ်တဲ့ တိုင်းပြည်မှာ
အလိုအပ်ဆုံး တထောင့်တနေရာစာအတွက်
နေ့ရက်တရက် ယုတ်လျော့နေသေးတာကိုပဲ
အမြဲသတိထားမိခဲ့ပါတယ် မေမေရယ်…..

အခု ကျနော့်စိတ်တွေကို
မေမေနဲ့ အဝေးဆုံးတနေရာဆီကနေ
တခဏတာလောက် အမိုးဖွင့်ထားပြီး
အတိတ်ဆိုတဲ့ တံခါးတချပ်ကို
အရိပ်လို ကပ်ပါလာတဲ့ သော့တလက်နဲ့
အသာအယာ ဖွင့်လှပ်ကြည့်မိလိုက်တဲ့အခါ
ကျနော့်နံဘေးနားမှာ
နာနာကျင်ကျင် နေ့ရက်တွေက အစီအရီ
စိတ်တွေကို အလေးပင်ဆုံး အရာဝတ္ထုတခုနဲ့
ဆွဲချည်ထားသလို ခံစားနေရပါတယ် မေမေ…..

လူတွေ တက်သုတ်ရိုက်ပြီး
ခလုတ်တိုက် လှုပ်ရှားသွားလာနေကြတဲ့
လမ်းမကြီးတွေရဲ့ အပေါ်မှာ
ကျနော့်ရဲ့ လူလူသူသူဖြစ်လိုခြင်း ငတ်မွတ်မှုတွေက
အများပြည်သူနည်းတူပဲ ဆာလောင်ထကြွခဲ့ဖူးပါတယ် မေမေ…

ကိုယ့်လောက်တောင် မလွတ်လပ်ခဲ့ကြတဲ့
စာငှက်ကလေးတချို့ကို
ကိုယ့်လိုလွတ်လပ်စေချင်တဲ့ စိတ်တွေနဲ့
စာငှက်ရောင်းသူတွေလက်ထဲကနေ ဝယ်ယူခဲ့ပြီး
မိုးမြင့်ကောင်းကင်ကြီးဆီကို လွှတ်ပေးခဲ့တုန်းက
စာငှက်ကလေးတွေက ကိုယ့်ကိုပြန်ကြည့်ခဲ့တဲ့ အကြည့်တွေရဲ့
အဓိပ္ပာယ်ပေါင်း မြောက်များစွာတို့မှာ
ဘယ်အရာက ဘယ်နှစ်ရာခိုင်နှုန်း ရောယှက်ပါဝင်ခဲ့မှန်း
ကျနော် မဝေခွဲ မခန့်မှန်းတတ်ခဲ့ပါဘူး မေမေ…

ရောင်စုံ ကောင်မလေးတချို့တလေကို
ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်စိတ်တချို့နဲ့
အာရုံမျက်စိထဲ တည့်တည့်ထည့်ငေးရင်း…
တဝီဝီ တတီတီ
ဖြတ်သန်းသွားလာ အော်မြည်နေကြတဲ့
မြင်သာမြင် ကြင်ခွင့်မရခဲ့တဲ့
ရောင်စုံ မော်တော်ယဉ်တွေပေါ်က
ရောင်စုံ လူသားတွေရဲ့အကြောင်းကို
ခေါင်းခါ လည်ခါ တွေးတောရင်း
စီးကရက်တလိပ် ချဉ်ခြင်းတပ်မှုရဲ့အောက်
နေပူအောင် လမ်းလျှောက်ခဲ့ရတဲ့ ဘဝနဲ့
စုတ်တိစုတ်ခြာ ပတ်ဝန်းကျင်အပေါ်ကို
ခပ်ရွဲ့ရွဲ့ ဖြတ်သန်းကျင်လည်ဖူးခဲ့တဲ့
နွေလယ် နေ့ခင်းတချို့ကလည်း
အခုတော့ အိပ်မက်သာသာ
ဝိုးတဝါးအာရုံမှာ မှုန်ပျပျထင်ဟပ်
ကျနော် ဘာကိုမှ မလွမ်းတတ်တော့ပါဘူး မေမေရယ်…

ဒူးယားစီးကရက် တပွဲကိုမှာလို့
မျက်နှာပြင် မာတောင့်အေးခဲနေတဲ့
လက်ဖက်ရည် တယောက်တခွက်ကို
(ဒါမှမဟုတ်) တခါတလေ…
လက်ဖက်ရည် တယောက်တဝတ်ကို
ပေါက်ကွဲမှု အကြောင်းအရာတချို့နဲ့
ရောသမငုံသောက်ရင်း လုံးထွေးရှိုက်ဖွာရင်း
သူငယ်ချင်း တယောက်တလေနဲ့
ပေါက်ပြဲနေတဲ့ နိုင်ငံခေါင်မိုးအကြောင်း
တအိတ်ထဲကို ယိုဖိတ်စီးနေတဲ့
ငွေပင်လယ်ကြီးအကြောင်း
ကဗျာတပိုင်းတစနဲ့ သံစဉ်စာသားတချို့အကြောင်းကို
ဒူးချင်းတိုက် ခေါင်းချင်းရိုက်ခဲ့ကြဖူးတဲ့
ဆယ်ကျော်သက်အရွယ် ငယ်ဘဝတုန်းဆီက
ဆောင်းကာလတချို့ကို ပြန်ရဖို့ဆိုတာလည်း…
ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး မေမေ…

သံယောဇဉ် ထမင်းဝိုင်းရဲ့
စနေ တနင်္ဂနွေ မနက်နဲ့ညစာကို
မိသားစုအတူတကွ လက်ဆုံစားကြရင်း
မေမေ့သံယောဇဉ် ဟင်းအပိုတဖတ်
တခါတရံမှာ ပိုရတတ်ခဲ့တဲ့ အချိန်တချို့က
ခုတော့လည်း…..
ဆံပင်တွေဖြူလာခါစ ခေါင်းထဲမှာ
ခပ်နွမ်းနွမ်း အလွမ်းဓာတ်ခံကောင်းတဲ့
နှလုံးသားရဲ့ ဒေါင့်စွန်းတနေရာမှာ
လွမ်းမောစရာ အမှတ်အသားတခုအဖြစ်သာ
ပုံရက်သား ကျိုးပျက်ကြေမွလို့ပေါ့ မေမေရယ်…
ဓနငွေကြေး မကြွယ်ဝခဲ့ပေမယ့်
လှပဖူးခဲ့တဲ့ မိသားစုအတိတ်ကာလတွေကို
ဘယ်လိုနည်းနဲ့မှ…..
ရီဝိုင်းပြန်လုပ်လို့ မရတော့တာလည်း
အသေအချာပေါ့ မေမေရယ်…

”လရောင်”ကို ပွေ့ယူ ထောင်ဖမ်းဖို့အတွက်
မြဝါးရုံ အောက်ဖက်ဆီက
စံပယ်ရုံလေးဘေး ဂစ်တာသံပေးရင်း
တေးသီချင်းလုပ် သံစဉ်ထုတ်ခဲ့ဖူးခဲ့တဲ့ အချိန်တုန်းက
ကျနော် ဘာကိုမှ သိပ်မမုန်းတတ်ခဲ့သေးပါဘူး မေမေရယ်…

အမုန်းတရားတွေက
ခုလို စွတ်စိုတဲ့ မိုးနှောင်းကာလတခုမှာပဲ
ကျနော့်လို ကျောင်းသားတယောက်ရဲ့ ရင်ခွင်ကိုဖြန်းပက်လို့
ကျနော်ဟာ အာဃာတလက်သီးကို
ကျစ်ကျစ်ပါအောင် ဆုပ်တတ်ခဲ့တာပေါ့ မေမေရယ်..

တဘဝစာလုံးနီးပါး
ထားစရာနေရာ ခေါင်းပါးခဲ့ရတဲ့
စိတ် ကိုယ်စီကိုယ်ငှအတွက်
အိပ်မောကျ အတိတ်ဒဏ်ရာတွေထကြွလို့
လက်သီးမာမာကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး
ပေါက်ကွဲမှုတွေကို ခါးခါးသီးသီးအန်ထုတ်မိကြခါမှ
စိတ်တွေ မလွတ်မလပ်နေခဲ့ရတဲ့ တိုင်းပြည်ထဲမှာ
ခြေတွေ လက်တွေပါ ထပ်ပြီးထောင်ချခံခဲ့ရတာက
ဘယ်လို လောကပါလ ဥပဒေသစိုးမိုးမှုကြောင့်မှန်းလည်း
ကျနော် မခန့်မှန်းတတ်ခဲ့ပါဘူး မေမေ….

စကားလုံးတွေ
ကမ်းကုန်အောင် ပြောခဲ့ကြပြီးတာတောင်
အမှားဆုံး အကောင်က
တရားရှုံးအောင် အဝိဇ္ဖာဖုံးနေတုန်းမို့
အကောင်းဆုံး မျိုးစေ့ကိုကြဲဖို့
လက်ပစ်ဗုံးကို ဆွဲ
မောင်းပြန်အေကေ သေနက်တလက်နဲ့
တောနက်နက်ထဲ ဝင်ခဲ့မိတာ
ကျနော်မှားသွားခဲ့ပါသလား မေမေရယ်…..

မတရားတာကို မတရားမှန်းသိလာတဲ့အခါ
တော်လှန် ပုန်ကန်တဲ့နည်း
အများကြီး မရှိခဲ့ပါဘူး မေမေ
ဒီတော့ တချို့စကားနဲ့ ပုန်ကန်ကြသလို
ကျနော်က ဓားနဲ့ ပုန်ကန်ခဲ့ပါတယ် မေမေ….

တော်လှန် ပုန်ကန်မှုတွေထဲမှာမှ
ကိုယ့်ကိုကိုယ် တော်လှန်ပုန်ကန်မှုဟာ
လက်တွန့်ချင်စရာ အကောင်းဆုံးနဲ့
ချောက်ခြားချင်စရာအကောင်းဆုံး အလုပ်တခုပါပဲ မေမေ….

ကိုယ့်ကိုကိုယ် သိပ်ချစ်တတ်နေတဲ့ အချိန်တွေမှာ
ကျနော်ဟာ ကိုယ့်အပြစ်ကိုယ်ပြန်ပြီး
မီးထွန်း လိုက်ရှာဖို့အတွက်
မိမိကိုယ်မိမိ ဝေဖန်ဆန်းစစ်ရေးဆိုတဲ့
သေနတ်တလက်ကို တဘဝစာမောင်းတင်
ကိုယ့်အမှားကိုကိုယ် ပြုပြင်ပြောင်းလဲဖို့အတွက်တော့
အတ္တကို ပိုင်းဖြတ် လျှော့ချပစ်နိုင်မယ့်
အသွားထက်ထက် ဓားတလက်ဆောင်ထားခဲ့ပါတယ် မေမေ…

စိတ်ခလုတ်ကို တေ့ဖြုတ်ခံလိုက်ရတဲ့
နေ့ရက်တွေရဲ့ အစွန်အဖျားမှာ
နားနှစ်ဖက်ပိတ်ပြီး ထိုင်နေခဲ့တာတောင်
ခွေးလေခွေးလွင့် တကောင်ရဲ့
ဆွဲဆွဲငင်ငင် အူဟောင်နေတဲ့အသံကို ကြားနေရတုန်း
ကိုယ့်ကိုကိုယ် မုန်းမိတဲ့အထဲမှာ
ကျနော့် နားရွက်နှစ်ဖက်လည်းပါခဲ့ပါတယ် မေမေ…

ကိုယ်တန်ဖိုးထား လေးစားရတဲ့
မိခင်လို အမျိုးသမီးတယောက်
သူမရဲ့နေ့ရက်များစွာမှာ တံခါးအလုံပိတ်ခံထားရတာကို
အဝေးကနေပြီး ဒီအတိုင်းကြည့်နေရတဲ့ ကျနော့်မျက်စိနှစ်လုံး
ကိုယ်ချစ်တဲ့ တတိုင်းတပြည်လုံး အမှောင်ချခံထားရတာကို
အဝေးကနေပြီး ဒီအတိုင်းကြည့်နေရတဲ့ ကျနော့်မျက်စိနှစ်လုံး
အဲဒီမျက်စိနှစ်လုံးကို ကျနော်သိပ်မုန်းနေခဲ့မိပြီ
ကိုယ့်ကိုကိုယ် မုန်းတဲ့အထဲမှာ
ကျနော့် မျက်စိနှစ်လုံးလည်းပါခဲ့ပါတယ် မေမေ…

တကယ်တော့
ကျနော့်ရဲ့ အိမ်ခြေယာခြေမဲ့ ခြေထောက်တွေက
အမေရိကားရောက်နေပေမယ့်
လျှောက်စရာ မြေပုံပျောက်နေရပြီး
ချောက်နက်နက်ကြီးထဲ ကျနေခဲ့ရတုန်းပေါ့ မေမေ….

ကျနော့် ဘဝပေး လွယ်အိတ်ထဲမှာတော့
ယဉ်ခဲ့မိသမျှ စိတ်ကူးတွေက
ခုချိန်ထိ မည်း နက် မှောင် ပြာ
ဟိုတစဒီတစ အမှိုက်တွေသာဖြစ်နေခဲ့ရပေါ့ မေမေရယ်…

အမှတ်ထင်ထင် အိုမင်းလာခြင်းတွေရဲ့
စက္ကန့် မိနစ်နဲ့ နာရီ.. ပြီးတော့..နေ့တွေ လတွေ
နှစ်တွေ ရာစုတွေရဲ့ အရေးအကြောင်းတွေ အပေါ်မှာ
ရာသီခွင်စူးနေကြတဲ့
အနီရင့်ရောင် ဆူးခက်တွေကသာ
သိသိသာသာ အိပ်ပျော်နေခဲ့ကြပါတယ် မေမေရယ်…

တသက်လုံး ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့တဲ့
ကျနော့် ယုံကြည်ချက်တွေကို
ဘယ်နားသွားထားခဲ့ရမှာလဲ မေမေရေ
မဟုတ်ဘူး…ကျနော်ဒီလိုအဖြစ်မခံနိုင်ဘူး မေမေ
ရာခိုင်နှုန်းတချို့တဝတ် အပေါ်မှာ
ရာခိုင်နှုန်းတချို့တဝတ်လောက် ပေးဆပ်ရမှ
ကျနော်..ဒီည ကောင်းကောင်းအိပ်ပျော်နိုင်မှာပါ မေမေ…

”အမြဲတမ်း နေကောင်းပါတယ်” ဆိုတဲ့လူဟာ
ကိုယ့်ကိုကိုယ် မသိမသာညာနေခဲ့မိသူပေါ့ မေမေ…
ဒီမှာတော့….လူချင်းနီးပြီး
စိတ်ဆယ်ကမ္ဘာလောက်စီ ခြားနေကြတဲ့
ဘာသာဗေဒမတူသူတွေနဲ့
နှုတ်ခွန်းဆက် ဗွေဆော်ဦးစကားကလွဲရင်
ကျန်တာတွေ အားလုံးက
ရေပေါ်မှာရေးခြစ်ခဲ့မိတဲ့ အရုပ်တွေလို
ကောက်ကြောင်းတွေက လွင့်ပါးပျောက်ကွယ်
လောကနယ်ပယ်မှာ
ကျနော်လည်း မငယ်တော့ပါဘူး မေမေ….

မစိမ်းမကျက် မျက်နှာတွေနဲ့
မျက်နှာချင်းဆိုင်မိတိုင်း
”ဟိုင်း”တလုံးကလွဲရင်
ပြောစရာစကား တခြားဘာမှမရှိ
ရင်းနှီးကျွမ်းဝင်မှုတွေကို
မလိုအပ်ပဲ အပိုအိတ်ထောင်ထဲ
ထပ်ပြီး ဇွတ်မထည့်ချင်တော့တာ
ဘဝကပေးလာတဲ့ သင်ခန်းစာတချို့ကြောင့်ပါ မေမေ…

မနက်ဖန်အကြောင်း မစဉ်းစားမိတာကလည်း
မနဲလှတော့တဲ့ မရေမရာ မနေ့တနေ့တွေနဲ့
အဖန်တရာတေ မသေမချာ ဒီကနေ့တွေကြောင့်ပါ မေမေ
ဒါပေမယ့်…ကျနော်ဟာ
ပစက္ခမှာ တည့်တည့်ပဲနေဖို့ကြိုးစားနေပါတယ် မေမေ…

ဘယ်လိုပဲဖြစ်ဖြစ်
မေမေတားမြစ်ခဲ့တဲ့ သစ်သီး
ကျနော်ဟာ ခုချိန်ထိ မြည်းတောင်မမြည်းကြည့်ခဲ့ပါဘူး
ဒါကြောင့်လည်း
မေမေ မွေးဖွားသန့်စင်ပေးခဲ့တဲ့
ရိုးသားခြင်း ဂုဏ်အရှိန်
ခုချိန်ထိတော့.အရောင်မမှိန်ခဲ့သေးပါဘူး မေမေ…

မေမေ
မေမေမွေးဖွားပေးခဲ့လို့
လူလားမြောက်ခဲ့တဲ့ မေမေ့သား
လောကပါလတရားထဲ
အမှားနည်းအောင် နေထိုင်ခဲ့တဲ့တိုင်
အနည်မထိုင်သေးတဲ့ အမှားတချို့အတွက်
လည်ပတ်ခြင်း သံသရာဝဲဂယက်မှာတော့
ခဲဖျက်တခုကို ခဲရာခဲဆစ်ရှာဖွေနေရတုန်းပေါ့ မေမေ…

၄၀မှ ဘဝစတယ်လို့ တချို့ကပြောကြတဲ့တိုင်
မေမေ့သား…ကျနော်
လောကရဲ့ သင်ပုန်းကြီးတန်းမှာတင်
ဘဝစာမေးပွဲတွေ တဖုန်းဖုန်းကျ
တခါတရံ ခွကျတတ်ခဲ့သူမို့
လူမှုရေးသတ်ပုံတွေလည်း လုံးလုံးမလှခဲ့သေးပါဘူး မေမေ…

သို့….မေမေ
ဟောဒီ စက်တင်ဘာလရဲ့ နောက်ဆုံးတရက်မှာ
ဟောဒီကဗျာကို ၂၁နှစ်စာဘဝနဲ့ရင်းပြီး ရေးဖြစ်တဲ့အတွက်
မေမေ့နှလုံးသားနဲ့ ဖတ်ရှုနားလည်နိုင်ခဲ့သော်
ကျနော်ကျေနပ်နေပျော်မှာပါ မေမေ
မာတာမိခင်၏ ကျေးဇူးအား
အမိနိုင်ငံကို ချစ်မြတ်သောစိတ်ထားဖြင့်
ဖေးမကယ်တင် ပေးဆပ်ခြင်းအမှုကို ပြုပါရစေ မေမေ……….။

Monday, September 28, 2009

ကိုချိုတူး ဆိုခိုင်းလို့ ကျနော်ဆိုညည်းနေကျ သီချင်းတွေ
သစ်ကောင်းအိမ်
ငယ်နာမည် ၀ဏ္ဍ

လူညံ့တွေနဲ့ အမဲလိုက်တမ်း မကစားဘူး
မိန်းမမြတ်တယောက်ကို ချစ်တတ်တယ်

သေခြင်းတရားနဲ့ လက်ထပ်ပြီး
သေရည်ပြင်းပြင်း ကြိုက်တယ်

စိတ်ရှည်ရှည်မထားနိုင်တဲ့ နှစ်တွေမှာ
ဆံပင်ရှည်ထားခဲ့သမျှ
ကိုယ့်တောစီးဖိနပ်ရဲ့ အမှတ်တံဆိပ်က တောင်တန်းများ
ကိုယ့်ဂျင်းဘောင်းဘီက လောကဓံရှစ်ပါးအာမခံ
ကဗျာက ငါ့နိုင်ငံတော်အလံ

တခါသုံးခေတ်ကြီးထဲမှာ
တခါသုံးအချစ်တွေရှိသလို
တခါသုံးငွေစက္ကူတွေကို ထုတ်ဝေသင့်တယ်

လူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့မလိုဘူး
အာဏာကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့လိုတယ်

တကယ်တော့
လွတ်လပ်ခြင်းဆိုတာလည်း
ကျယ်ဝန်းတယ် ...
သပ်ရပ်သန့်ရှင်းတယ် …

ဒါပေမယ့်
ဘုရားသခင်ရဲ့အကျဉ်းစခန်းတခုပဲမဟုတ်လား
မိုးကုတ်စက်ဝိုင်း
တံတိုင်းရှိရင်
ကောင်းကင်ကိုလည်း ငါမုန်းတယ်

ခုလို သစ်ရွက်ကြွေတဲ့ ရာသီထဲ
ငါ့လည်ကုပ်ပေါ်က မှဲ့နက်လေးရယ်
မင်းဘယ်ဆီ လွင့်ပါးသွားပြီလဲ

ဘယ်သူတက်နင်းလို့ ပြားသွားမှန်းမသိတဲ့
ကမ္ဘာကြီးပေါ်မှာ
မြန်မာပြည်သားတယောက်အနေနဲ့
ပျော်ပျော်ရွှင်ရွှင် အသည်းကွဲခဲ့တယ်။ ။

သစ်ကောင်းအိမ်
(၂၇၊ စက်တင်ဘာ၊ ၂၀၀၉)

ဒီကဗျာကို ကိုလွမ်းဆွေရဲ့ ဘလော့ http://drlunswe.blogspot.com/ မှ ကူးယူ ဖော်ပြခြင်းဖြစ်ပါတယ်။

Saturday, September 26, 2009


”တခါတလေမှာ ဒီသီချင်းလေးတွေကို ညည်းတတ်တယ်”


တကယ်ဆိုရင် ကျနော်သီချင်းတွေကို တယောက်တည်း ညည်းလေ့
ညည်းထမရှိတော့တာ ကြာခဲ့ပါပြီ..ငယ်ငယ်တုန်းကတော့ မကြာမကြာ
ဆိုသလို တယောက်တည်း သီချင်း ညည်းလေ့ရှိခဲ့ပါတယ်.
အခုအသက်ကြီးလာတဲ့အချိန်ကျတော့ သီချင်းကိုဖွင့်နားထောင်ရင်း
လိုက်ဆို ညည်းတတ်တဲ့ အချိန်တွေနည်းလာခဲ့သလို သီချင်းမဖွင့်ပဲ
ကိုယ့်ဖာသာကိုယ် တယောက်တည်း စိတ်ကူးပေါက်သလိုမ ညည်းတတ်
တာလည်း ကြာခဲ့ပါပြီ..
ကားထဲမှာ စီဒီဖွင့်ပြီး ကိုယ်ကြိုက်တတ်တဲ့ သီချင်းတချို့ကို နားထောင်
တတ်တာကလွဲရင် ကျန်တဲ့အချိန်တွေဆိုရင် အိမ်မှာတောင်သီချင်းနား
မထောင်ဖြစ်တာ ကြာပါပြီ။
ညီလေးဗညားရှိန်က ”အကိုရေ ကျနော် အကို့ကိုတဂ်ထားတယ်ဗျ.
အချိန်ရရင် ရေးပေးပါဦး” ဆိုလို့သာ ကိုယ်ဘယ်သီချင်းတွေကို ညည်းလေ့
ညည်းထရှိတတ်သလဲဆိုတာကို မနဲပြန်တွေးပြီး ဒီပို့စ်ကိုရေးလိုက်တာပါ.
ဒီအတွက် ညီလေးဗညားရှိန်တယောက် ကျနော့်အပေါ်မှာ နားလည်
ကျေနပ်လိမ့်မယ်လို့လည်း ထင်ပါတယ်။

ညတွေကိုယ်တိုင်က ကျနော့်ကို အိပ်တန်းတက်ခဲ့ကြ
”မိုးလင်းမယ့်ည”တွေက ဘဝကို လမ်းလျှောက်ထွက်ခဲ့ကြ
ဒီဓာတ်ပြားဟောင်းကြီး အပ်ကြောင်းထပ်ခဲ့ရတာလည်း
ဘဝအလွဲထဲမှာ အဖန်ဖန်အခါခါ မွစာကိုကျဲလို့ပေါ့….

ဘဝက သီချင်းတပုဒ် ညည်းရတာလောက် မလွယ်ကူခဲ့တာတော့ အမှန်ပါပဲ..
ဒီတော့လည်း လူကသာအိပ်နေခဲ့ရပြီး စိတ်တွေအိပ်ရေးပျက်ခဲ့တဲ့ ညတွေက
အဖန်တရာကိုတေလို့ပေါ့.
အဲဒီလို ညမျိုးတွေမှာ အိပ်နေတဲ့ခန္ဒာကိုယ်ပေါ်က စိတ်တွေက ခဏခဏနိုးထလာပြီး
ဆရာစိုင်းခမ်းလိတ်ရဲ့ “မိုးလင်းမယ့်ည”သီချင်းတပုဒ်ကို ခပ်တိုးတိုးလေး

ညည်းထုတ်တတ်ခဲ့ဖူးပါတယ်…

”မိုးလင်းမယ့် ည ဓာတ်ပြားဟောင်း အပ်ကြောင်းထပ်ပြီ မဆန်းတော့ဘူး အချစ်ရေ

မဆန်းတော့ဘူး…တယောထိုးသံလေးတွေ ဟိုအဝေးက ကြားမိတဲ့အခါ
ရမ်းယောင်ပြီး ဘယ်ရင်ခွင်တိုးရမယ်”

ဘဝကို ကျယ်ကျယ်လောင်လောင် အော်ဟစ်ထုတ်ပစ်ဖို့တွက်
သီချင်းစာသားတို့က နှုတ်ကမထွက်တဲ့အခါ
”နာရီရဲ့ သီချင်း”တပုဒ်ကသာ
ဟင်းလင်းနှလုံးသားထဲ ဗုံးများလိုအခါခါကွဲခဲ့…..


လူဆိုတာက အမြဲတမ်းရုန်းကန်နေရမှ လှုပ်ရှားသွားလာလို့ရနိုင်တဲ့ သတ္တဝါဆိုတော့
ရုန်းကန်ဖို့အခြေအနေမပေးနိုင်ခဲ့တဲ့ အချိန်တွေမှာ တွေ့ကြုံလာတတ်တဲ့
အခက်အခဲတွေကို ပေါ့ပါးသွားစေနိုင်ဖို့အတွက် ဘဝအမောတွေကို
နက်နက်နဲနဲ နာနာကျင်ကျင်နဲ့ သီချင်းတပုဒ်လို အော်ဟစ်ထုတ်ပစ်လိုက်ချင်တဲ့
အခါတွေမှာ…
အခြေအနေ အကြောင်းကြောင်းကြောင့် ဘဝရဲ့သံစဉ်တွေကို နှုတ်ဖျားက သွန်မချနိုင်ခဲ့ပဲ
သွေးသံရဲရဲ နှလုံးသားထဲကနေ စစ်မြေပြင်သုံးဗုံးတွေကို တလုံးပြီးတလုံး ခွဲခဲ့သလိုမျိုးနဲ့
ကိုငှက်ရေးစပ်သီဆိုခဲ့တဲ့ ”နာရီရဲ့ သီချင်း”ကို အကြိမ်ကြိမ်အခါခါ ဆို ညည်းခဲ့မိဖူးပါတယ်။


”လောကမှာ ကိုယ်အသက်ဆက်ဖို့တွက် တခြားဘဝတွေ ဆုံးရှုံးမသွားဖို့ပဲ နှလုံးသားမှာ

သတိရှိနေ အိုး စွန့်လွှတ်ဖို့အသင့်ပဲ ကိုယ် ရည်ရွယ်တာတွေမဖြစ်သေးလည်း သန့်သန့်
ရှင်းရှင်း နေထိုင်အသက်ရှင်မယ်…လောဘ ဒေါသ မောဟတွေ မီးတောက်တွေ ငြှိမ်းရ
သတ်ရ ခက်ခဲ့ရင် သီချင်းလေးနားစွင့်ဦး နာရီရဲ့ သီချင်း နာရီရဲ့ သီချင်း နာရီရဲ့

သီချင်းလေး အိုး သတိပြုကွယ်”


ပိုက်ဆံတပြားမှမရှိခဲ့တဲ့ ဘဝမှာတောင်
သိက္ခာတောင်ကြီး ပြိုလဲပျက်စီးမှာကို စိုးရိမ်နေမိတုန်း
အမေ့ရဲ့ ဒုက္ခအိုးလေးတလုံးဖြစ်ခဲ့တဲ့ ကျနော်
အိပ်မက်တွေကို အိပ်မက်တွေနဲ့သာ အခါခါထပ်မျှော်နေခဲ့မိ….


မပြေလည်ခြင်းတွေနဲ့ သိက္ခာထပ်ဖို့သက်သက်ပဲ လူဖြစ်လာခဲ့သလား!..
လူ့ဘဝရဲ့ အဓိပ္ပာယ်ကိုယ်တိုင်က မပြေလည်မှုတွေနဲ့ လုံးထွေးသတ်ပုတ်နေရခြင်းလို့
အနက်ထွက်သလား!…မသိသေးဘူး..ကျနော်ကိုယ်တိုင် မသိခဲ့မိသေးပါဘူးလေ..
ခုထိတော့ အမေးရှိလျှက် အဖြေကိုတွက်မထုတ်နိုင်သေးတဲ့ လူ့ဘဝပုစ္ဆာတပုဒ်ထဲမှာ
သိက္ခာနဲ့မာနကို ကိုယ်သိပ်မြတ်နိုး တန်ဘိုးထားတဲ့ အဝတ်ဟောင်းတထည်လို မချွတ်တမ်း
ဝတ်ရင်း အသက်တွေ တနှစ်ပြီးတနှစ်ကြီးပြင်းလာခဲ့တဲ့ ကျနော်ဟာ မကြာမကြာဆိုသလို
”အမေ့ရဲ့ ဒုက္ခအိုးလေး”သီချင်းကို ညည်းတတ်လေ့ရှိခဲ့ပါတယ်…

”အမေ ကျနော့်ကိုစိတ်မပျက်ဘူးလား ဘဝမှာ အကြိမ်ကြိမ် အခါခါရှုံးလည်း
မာနကအကြီးသား ကိုယ်ယုံကြည်ရာ ကိုယ်ဈေးကွက် တင်ရောင်းဖို့ ရှက်နေလို့တဲ့
ပိုက်ဆံတပြားမှ မရှိတယ် သူ သိက္ခာရှိချင်သေးသတဲ့ ကဲ အမေ့ရဲ့ ဒုက္ခအိုးလေးပေါ့”

အမှောင်ဆုံးညနက်တွေရဲ့ ဟိုမှာတဘက်ဟာ
အိပ်မက်အလွန် တဘူတာပေါ့
အိပ်ပျက်ညတွေရဲ့ အဆုံးသတ်နောက်တနေ့
ရင်ခုန်သံတွေနီးစပ်ရတော့မယ့်
ခြောက်သွေ့လွင်ပြင်တွေရဲ့ အဆုံးတနေရာမှာ
ပြာလွင်တဲ့ မိုးကောင်းကင်ကြီးတခုရှိနေမှာ သေချာပါတယ်….


အိပ်မက်ကို ငွေ့ရည်ဖွဲ့ပြီးမှ စိတ်ကူးတွေ ရွာချလိုက်တဲ့ ကောင်းကင်တခုမှာ
ဝင်းလက် တောက်ပနေတဲ့ သက်တန့်ကို မျှော်လင့်ချက်ရယ်လို့ ကင်ပွန်းတပ်လို့
ရနိုင်မလား!…ဒီလိုဆိုရင် အဲဒီ သက်တန့်တွေထဲက ထိုးဖောက်ကျရောက်လာမယ့်
အလင်းရောင်တခုဟာ ကျနော့်ရဲ့ မျှော်လင့်ချက်စစ်စစ်တခုပဲဖြစ်မှာပါ…
ကျနော့်အိပ်မက်ထဲမှာ ကျနော်မျှော်လင့်ထားတဲ့ အလင်းရောင်တခုအတွက်
သီချင်းတပုဒ်ကို ရင်ထဲမှာ အကြိမ်ကြိမ်အခါခါဆိုသလို ရွတ်ဖတ် ညည်းဆိုခဲ့ဖူးပါတယ်…

”အလင်းရောင် သန်းခေါင်ယံ ညနက်ထဲ ကြယ်စင်များလည်း အိပ်မက် အလင်းရောင်
အလင်းရောင် အခါတရာမက်ခဲ့သော ဒဏ်ရာများလည်း အိပ်မက် အလင်းရောင်
အလင်းရောင် မျှော်လင့်ထားရခြင်း ရင်မှာရူးသွပ်ဆဲ အလင်းရောင်
ရင်ခုန်သံတွေနီးစပ်ပါရစေ အချစ်ရေ ဒီကံကြမ္မာ အမှောင်တွေကို ကြောက်ရွံ့နေဆဲ
နေရောင်ခြည်မနက်ခင်းကို ရောက်မယ် အကြင်နာရင်မှာလေ ကိုယ့်ရဲ့လမင်း
အလင်းရောင် သန်းခေါင်ယံ ညနက်ထဲ ကြယ်စင်များလည်း အိပ်မက် အလင်းရောင်”


တိုက်ပွဲတကာ့ တိုက်ပွဲတွေထဲမှာ
အတ္တကိုပြန်တိုက်ရတဲ့ တိုက်ပွဲက အပြင်းထန်ဆုံး
ဘဝတခုလုံး ခင်းကျွေးခဲ့တာတောင် ရှုံးခဲ့တဲ့စစ်ပွဲမှာ
တဘဝစာပြန်ရလိုက်တဲ့ စစ်လျော်ကြေးက
သံသရာရဲ့ ဟိုမှာတဘက်ကို ယူသွားနိုင်ခဲ့မယ့်
တန်ဘိုးမဖြတ်နိုင်ခဲ့သော သံစဉ်တချို့သက်သက်မျှသာ….

ရောင်စုံအတ္တတွေက သိပ်ကိုလှပပြီး မြှုဆွယ်တတ်လွန်းလှတော့ အတ္တတွေထဲမှာ
အခြေတကျ နေထိုင်လာတတ်ခဲ့တာကိုပဲ လူပီသလွန်းတယ်လို့ ဆိုနိုင်မလား!…
မကောင်းမှန်းသိတာကို ဖြတ်တောက်ပစ်ရမယ်ဆိုတာသိနေလျှက်က ဖြတ်တောက်
ပစ်ဖို့အခက်ဆုံးက ကျနော့်ရဲ့ ရောင်စုံအတ္တတွေပါပဲလေ..ဒီရောင်စုံအတ္တတွေကို
နည်းမျိုးစုံနဲ့ ဖြတ်တောက်ပစ်ဖို့ အမျိုးမျိုးလည်း ကြိုးစားခဲ့ဖူးပါတယ်..
ဘဝမှာ အတ္တမရှိရင် လူဆက်လုပ်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကိုလည်း
အသေအချာတော့ နားလည်ထားခဲ့မိပါတယ်.
ဒါ့ကြောင့် လူသားပီပီ ကျနော့်ခန္ဒာနဲ့စိတ်တွေကို ရောင်စုံအတ္တကြိုးတချောင်းနဲ့
ချည်နှောင်ထားခဲ့မိတာလည်း ဘဝရဲ့ လက်ရှိအခြေအနေတွေအထိပဲပေါ့…
ဒါပေမယ့် အတ္တတွေကို တတ်နိုင်သလောက် လျှော့ချနိုင်ခဲ့ရင်တော့ အကောင်းဆုံး
ပေါ့လေ…အတ္တတချို့ကို လျှော့ချနိုင်လိုက်ပြီဆိုရင်တော့..
ကိုယ့်အတွက်လည်း ပေါ့ပေါ့ပါးပါးဖြစ်နိုင်သလို စိတ်တွေကို လွတ်လွတ်လပ်
လပ်နဲ့ ကိုယ်သွားလိုရာနေရာကို စေခိုင်းသွားလာနိုင်စေမှာပေါ့….
ဒါကြောင့် အတ္တတွေများနေလို့ ကိုယ့်ကိုကိုယ် မွန်းကျပ်လာတယ်လို့ ခံစားရမိတဲ့
အချိန်တွေကျရင် ဆရာစိုင်းခမ်းလိတ်ရဲ့ ”ကြွက် ခြင်နဲ့ လူတွေရဲ့
အကြောင်း” ဆိုတဲ့ သီချင်းတပုဒ်ကို တိုးတိုးလေး ညည်းဆိုရင်း အတ္တဖြေလျှော့ရေး
သံစဉ်တွေထဲမှာ ပေါ့ပေါ့ပါးပါး လမ်းလျှောက်လေ့ရှိခဲ့ပါတယ်…


”ကြောင်အိမ်အောက်မှာ ကြွက်ထောင်ချောက်နဲ့ ကြွက်ဖမ်းဖို့ရာ ကြံမလို့လား
သြော် ကြွက်ထက် မင်းပစ္စည်းတွေ ခိုးယူနေတဲ့ သူကိုတောင် ဘာမှမလုပ်နိုင်မှတော့
ကြွက်ကို ချမ်းသာပေးသင့်ပါတယ်..
ခြင်ထောင်ထဲမှာ ဖယောင်းတိုင်မီးနဲ့ ခြင်ထွန်းဖို့ရာ ကြံမလို့လား
သြော် ခြင်ထက် မင်းအသွေးအသားတွေ စုပ်ယူနေတဲ့ သူကိုတောင်

ဘာမှမလုပ်နိုင်မှတော့ ခြင်ကို ဘေးမဲ့ပေးသင့်ပါတယ်
မင်းရဲ့ ပျော်ရွှင်မှုကို နေ့စဉ်နေ့တိုင်း ခြိမ်းခြောက်နေတဲ့ သေမင်းကို မင်းတားမြစ်နိုင်မလား
တားမြစ်နိုင်မလား
မင်းရဲ့ ပျိုမြစ်ခြင်းကို တနေ့တခြား တိုက်စားသွားတဲ့ အချိန်ကို မင်းအလွတ်ရုန်းနိုင်မလား
အလွတ်ရုန်းနိုင်မလား
အိုချိန်တန် အို နာချိန်တာ နာ သေချိန်တန် သေကြရမယ့် သူချည်းပါ
သြော် ဒါ ငါ့ပစ္စည်းပဲလို့ သေရင် ယူသွားနိုင်ပါ့မလား
သြော် ဒါ ငါ့အသွေးအသားပဲလို့ သေရင်တောင် အစိုးမရနိုင်ဘူး….”


ချစ်ခြင်းနဲ့တိုက်ရိုက်ဆက်သွယ်တဲ့ နှလုံးသား
တိုက်ဆိုင်မှု ကမ်းပါးပေါ်မှာ ကပ်ငြိတဲ့အခါ
ရည်းစားဦးမျက်နှာ ကဗျာတပုဒ်က
အလွမ်းမုခ်ဦးကို ကာရန်အဖြစ်ဖြန့်ကျက်
သီချင်းအပိုင်းအစတချို့တဝတ် ရင်ဘတ်ထဲကထွက်ခဲ့တယ်….


အချစ်ဆိုတဲ့အရာက ကျနော့်အတွက်တော့ ဆန်းကြယ်တယ်ဆိုတာထက်
ပိုပြီးတော့ အဓိပ္ပာယ်ဖွင့်ဆိုလို့မရနိုင်တဲ့ အရာတခုပါပဲ…….
တိတ်ဆိတ်စွာ လွမ်းနေတတ်ခဲ့ခြင်းဟာ အပြစ်လား!
ဒါကို ကျနော်ကိုယ်တိုင် သေသေချာချာ ဝေခွဲလို့မရခဲ့သေးပါဘူး…
အိမ်ထောင်သည်ဘဝမှာ ကာမပိုင် အမျိုးသမီးတယောက်လုံး ဘေးမှာ
ငုတ်တုတ်ကြီးရှိနေရက်က အတိတ်ကာလတခုတုန်းက အချစ်နဲ့ပတ်သက်ခဲ့ဖူးတဲ့
အပိုင်းအစတွေကို လက်ချိုးရေတွက်နိုင်လောက်တဲ့ တခါတလေတွေမှာ

ကျနော်လွမ်းတတ်ခဲ့ဖူးပါတယ်..
အချစ်နဲ့ပတ်သက်တဲ့ တိုက်ဆိုင်မှုတွေကို တခါတရံဆိုတဲ့ အချိန်တွေမှာ

လွမ်းမောတမ်းတတ်ခြင်းတခုကရော အပြစ်တခုဖြစ်တတ်ပါသလား!…
ဒါလည်း ကျနော်ကိုယ်တိုင် တိတိကျကျအဖြေမထုတ်တတ်ခဲ့သေးပါဘူး….
တခါတရံဆိုတဲ့ တခါတလေတွေမှာ မောင်မောင်ဇော်လတ်ရေးပြီး

ကိုလေးဖြူဆိုတဲ့”စာမျက်နှာ တဆယ့်ငါး”ဆိုတဲ့ သီချင်းကို နှစ်သက်စွာနဲ့
ဆိုညည်းလေ့ရှိတတ်ခဲ့ဟာ အပြစ်ဖြစ်မယ်ဆိုရင်တော့လည်း
အဲဒီအပြစ်တွေအတွက် လောကကြီးကပေးတဲ့ အပြစ်ဒဏ်ကို ကျနော်ရဲရဲကြီး
ခံလိုက်ပါရစေ…။


”အတိတ်တွေက မှုန်ဝါးပေမယ့် ငါတို့နှစ်ဦးဇာတ်လမ်းမှာ တချို့နေရာက
အကောင်းအတိုင်း ရှိနေဆဲပါပဲ
ဟိုတကွက် ဒီတကွက် ပိတ်သားထက် အရင်လိုကြည့်မကောင်းပေမယ့်
မြင်ရတယ်
အဓိပ္ပာယ်မရှိတာ သိပေမယ့် တခါတလေ တိုက်ဆိုင်မှုတွေရှိလာတော့လည်း
အမှတ်တမဲ့ မင်းကိုလွမ်းပါတယ်
အပေါ်ယံရှပ်ထိသော ဒဏ်ရာမဟုတ်တော့ လွယ်ကူစွာနဲ့ ငါမေ့မရဘူးကွယ်
တွေ့ရင်မှတ်မိဦးမယ် ထင်ပါတယ် နှစ်တွေ လတွေက အတော်ကြာပြီပဲ
ဘယ်ဆီကို မင်းရောက်နေမလဲ ဘာတွေကို မင်းလုပ်နေမလဲ
ဘယ်သူနဲ့ မင်းရှိနေမယ် တွေးမိပါတယ် လွမ်းမောရင်ထဲ စဉ်းစားရင်လည်း
သတိရပါတယ်”


ဒီပို့စ်ကိုရေးပြီးတဲ့အချိန်မှာ တခုစဉ်းစားမိတာက တချို့တချို့သော ဘလော်ဂါ
သူငယ်ချင်းညီအကို မောင်နှမတွေရော ဘယ်လိုသီချင်းမျိုးတွေကို ညည်းဆိုလေ့
ရှိကြသလဲဆိုတာကို ကျနော်သိချင်မိပါတယ်။
အပမ်းမကြီးဘူးဆိုရင် ညီအကိုမောင်နှမတချို့ရဲ့ ရင်ထဲကအသံလေးတွေကို
ကြားပါရစေ။

သစ်ကောင်းအိမ် (P: ဇော်ကြီးကို နဲနဲအလုပ်ပေးလိုက်ချင်လို့)
ကိုဂင်ကြီး၊ ကိုအောင်၊ ဒူကဘာ၊ အိုင်လွယ်ပန်၊ ကောင်းကင်ကို
မိုးစက်အိမ်၊ လေပြေ၊ မိုးမြင့်တိမ်၊ မောင်ငယ်၊ စိတ်စမ်းရေ
ကိုငြိမ်းချမ်းအောင်၊ ဖြိုးငယ်၊ လင်းဒီပ၊ ပြည့်စုံ၊ မိုးသွေးငယ်

မနော်၊ ညီမလေး နှင်းဟေမာ၊ မယ်ကိုး၊ အိန္ဒြာ၊ မိုးချိုသင်း၊ မသီရိ
ငယ်နိုင်၊ အမရာ၊ မေ့သမီးလေး၊ ပန်ဒိုရာ၊ မသိင်္ဂါကျော်၊
မအိအိချော၊ မှုးဒါရီ
တို့အားလုံးကို အမှတ်တရအနေနဲ့တဂ်ချင်ပါတယ်။
တချို့လည်း ရေးပြီးသားတွေဖြစ်နေကြလို့ တဂ်တဲ့အထဲမှာ နာမည်မထည့်
တော့ပါဘူး။
အချိန်ရမယ် ရေးဖို့လည်း အဆင်ပြေကြမယ်ဆိုရင် စာရင်းထဲမှာ
ပါတဲ့ ညီအကိုမောင်နှမ အားလုံးကို အမှတ်တရပို့စ်တခုအဖြစ်
ရေးစေချင်ပါတယ်။

Tuesday, September 22, 2009

”ကဗျာကမ်းနဖူးမှာ ယဉ်ယဉ်လေးရူးနေတဲ့…အလွမ်းရူး”

အမြဲရွဲ့နေတဲ့ကောင်
ဘယ်သူ့စကားမှလည်း နားမထောင်ချင်ဘူး..

အမြဲစောင်းနေတဲ့ကောင်
ဘယ်သူအချိုးချချ
ကိုယ်က တည့်တည့်နေမပြချင်ဘူး…

ဘယ်ခွက်ထဲထည့်ထည့်
ကိုယ့်ပုံစံကလွဲပြီး ဘယ်ပုံစံမှမထွက်ဘူး
ဘယ်ပေတံနဲ့တိုင်းတိုင်း
ကိုယ်က ခပ်ရိုင်းရိုင်းပဲ ယဉ်ကျေးတတ်တယ်….

အရာရာကို
အကောင်းမြင်ဝါဒနဲ့ ကြည့်နိုင်ဖို့အတွက်
နဲနဲတော့ ခက်နေသေးတယ်
တချို့အရာတွေကို
အဆိုးမြင်ဝါဒနဲ့ ကြည့်နိုင်ဖို့အတွက်
နဲနဲတော့ လွယ်ကူခဲ့တယ်….

ဘယ်သူသဘောတူတူ မတူတူ
ကိုယ့်အယူနဲ့ကိုယ် ကွဲလွဲစွာနေထိုင်တယ်
လွဲမှားတယ်ပဲပြောပြော
ကိုယ့်သဘောနဲ့ကိုယ်
ဘဝကို ဂျစ်ပစီတကောင်လိုကျင့်ခဲ့ပြီး
စိတ်တွေကို ဂျစ်ပစီတကောင်လိုလွှင့်ခဲ့တယ်….

ဟန်ဆောင်နေရမှ
အချိုးလှနေတတ်တဲ့ လူ့အသိုင်းအဝိုင်းထဲမှာ
ကိုယ်က အရိုင်းကျောက်ခဲတလုံး
ဘယ်သူသုံးသုံး မသုံးသုံး
ကိုယ့်နှလုံးနဲ့ကိုယ် ကိုယ့်ထုံးကိုယ်မူတယ်….

လူရယ်လို့ဖြစ်လာကတည်းက
ကိုယ်က အားနည်းတဲ့ဘက်မှာ နေသားကျခဲ့တယ်
လက်ဖဝါးနှစ်ဖက်နဲ့ ရုံပွဲမကြည့်တတ်ပေမယ့်
နှလုံးသားတစုံနဲ့တော့
အားနည်းသူကို ဝိုင်းကူရင်ခုန်ပေးတတ်ခဲ့ပါတယ်…

ဘာရယ်မဟုတ်ပါဘူး
လူတိုင်းသုံးဖူးတဲ့ လက်သုံးစကား
လူတိုင်းလည်း ကြားဖူးမှာပေါ့
လူတိုင်း တယောက်တနေရာ
သူ့အထာနဲ့သူ ရူးသွပ်နေကြတယ်ဆိုတာ…....

ဒီတော့
ကိုယ်လည်း ကိုယ့်ရုးသွပ်မှုနဲ့ကိုယ်
ကိုယ့်မာနအိုအိုတွေအပေါ် တွဲခိုနေပျော်ရုံလောက်ပါ
တချို့တဏှာရူး တချို့အချစ်ရူး
တချို့အာဏာရူး တချို့ဥစ္စာရူး
တချို့ဘဝင်ရူး တချို့….ရူး
တဒေါင့်တနေရာစီရူးနေကြတဲ့ အရူးလောကမှာ
ကိုယ်က တမျိုးတဘာသာ ခပ်ဆန်းဆန်း
ကိုယ့်အမြင်ခပ်ကြမ်းကြမ်းတွေပေါ်မှာ
တစုံတရာကို ယဉ်ယဉ်လေး လွမ်းနေတတ်တဲ့ကောင်
ကဗျာကမ်းနဖူးမှာ တောင်တောင်မြောက်မြောက်တွေးရင်း
ယဉ်ယဉ်လေးရူးနေတဲ့ အလွမ်းရူး…………………………….။

Monday, September 21, 2009


”ငါးအတုတကောင် မှန်လှောင်ကန်တခုထဲမှာ”

ကိုယ်ပိုင်သတ်ပုံလွဲခဲ့တဲ့
နာရီမျက်မည်းထဲ
ကိုယ်တိုင်တိုးဝင်မိချိန်ကတည်းကစပြီး
ငါ့လောကကြီး ဘာဖြစ်သွားမှန်း
ငါကိုယ်တိုင် မသိခဲ့ရ
လောကကြီးကိုယ်တိုင်ကလည်း
ငါ့ကို စာပြန်မချနိုင်ခဲ့တော့သလိုလို
အဲဒီအချိန်တွေကစလို့ ဆိုပါတော့
ငါဟာ..
ရေရှင်မှာ မကူးခတ်နိုင်တော့တဲ့
ငါးအတုတကောင်ဖြစ်ခဲ့ရ
ရေတိမ်မှာနစ်ခဲ့ရပါတယ် ကောင်မလေးရေ…

ဝစ်စနှလုံးပေါက်တစုံ
ငါ့အပေါ်ကို ရင်ခုန်လမ်းမှားလျှောက်လိုက်ရုံနဲ့တင်
ငါ့ဘဝတခုလုံး စုံလုံးကန်းစုတ်ပြတ်သတ်
ပါးဟပ်အတုနဲ့ အသက်လုနေခဲ့ရတဲ့
ငါးအတုတကောင်ဘဝကိုလည်း
ရောက်ခြင်းမလှ ရောက်ခဲ့ရ
ငါးပင်စင်ရခဲ့ပါတယ် ကောင်မလေးရေ…

အခုတော့…
တနေ့လုံး မောပမ်းစွာရပ်တန့်နေရမှုတွေနဲ့
ငုတ်တုတ်နာရီတွေရဲ့ တိုင်တခုမှာ
အခါခါ ချည်နှောင်ခြင်းခံထားရတဲ့
ငါ့ဗီဇစိတ်ဓာတ်တခုဟာ
ချော်လဲရောထိုင်နေရမှုတခုဆိုတာထက်
ဘာမှ ပိုပြီးမထက်မြတ်နိုင်ခဲ့တော့သလို
ဘယ်ကမ္ဘာ ဘယ်ခရီးကိုမှလည်း
မကူးခတ်နိုင်ခဲ့တော့ပါဘူး ကောင်မလေးရေ..

အခုတော့…
ငါက ရေကူးထပ်မသင်ချင်တော့တဲ့
ငါးအတုတကောင်ပေါ့
တစုံတဦးဆီကနေ
နောက်ထပ်တစုံတယောက်က ထပ်လုဝယ်မှာကို
ကြောက်ကြောက်နဲ့ စောင့်နေခဲ့ရတဲ့
ငါးအတုတကောင်ပေါ့ ကောင်မလေးရေ….

ဟုတ်တယ်…
ဘယ်သူ့လက်ထဲရောက်ရောက်
မှန်လုံလှောင်ကန်ထဲက မလွတ်မြောက်သရွေ့
ကိုယ့်ဘဝကို ကိုယ်မေ့နေရမယ့်
လှောင်ကန်ပျော် ငါးအတု
ငါ..အခုဖြစ်နေခဲ့ရပါပြီ ကောင်မလေးရေ….

ဟောဒီမှာ….
ငါးအတုတကောင်ဟာ
အစာကို ငံ့တလင့်လင့်ဆိုတဲ့
မျှော်လင့်ခြင်းအတု တရားတခုကို
ဝတ်ကျေတမ်းကျေ ကျင့်နေရုံကလွဲပြီး
နောက်ထပ် ငရဲကြီးစရာအလုပ်
ဘာမှ ထပ်မလုပ်နိုင်တော့ဘူးဆိုတာကိုရော
မင်းသိနိုင်ပါရဲ့လား ကောင်မလေးရေ…

တကယ်ဆိုရင်..
ငါးမွေးကန်လှလှလေးတခုရဲ့
ကျောက်ခက်ကျောက်သား အတုတွေထဲ
ကိုယ်တိုင်ကိုယ်ကျ ဆင်းသက်ခဲ့ရတဲ့
ဘဝငရဲကို…ငါ
သံယောဇဉ်ကြိုးတွေနဲ့ ချည်မြဲခံခဲ့ရတဲ့
ကံကြမ္မာအနှောင်အဖွဲ့တခုကြောင့်သာ
လှပစွာရောက်ခဲ့ရတာပါ ကောင်မလေးရေ…

ဒီမှာ..
ငါးအတုတကောင်ရဲ့ ငရဲတခုနဲ့
ငါးအတုတကောင်ရဲ့
အသက်ရှုသံအတုတွေကို
ဘယ်သူကြားသိနိုင်မှာလဲ
မှားမိတဲ့ ဟောဒီဘဝ
ဝစ်စနှစ်လုံးပေါက်တစုံက စခဲ့တာပေါ့ ကောင်မလေးရေ…

တချိန်တခါတုန်းက.
ကျောက်ခက် ရေမှော်တွေကို
ပေါ့ပေါ့ပါးပါး လွတ်လပ်စွာစားခဲ့ရတဲ့
ငါးအစစ်တကောင်ဟာ
အခုတော့…
ငွေရောင်ကြေးရောင် ရောထွေးပေကျံနေတဲ့
ငါးစာတွေကိုသာ
နေ့ညမပျက် အလုအယက် စားနေရရင်း
မှန်လှောင်အိမ်တွင်း အသက်ပြင်းနေခဲ့ရ
အလှကြည့်ခံ အကျဉ်းစံငါးတုဘဝနဲ့သာ
ငါးလွှတ်ရက် တရက်ကို
အသက်နဲ့အမျှ စောင့်ဆိုင်းနေခဲ့ရပါတယ် ကောင်မလေးရေ….။

Friday, September 18, 2009

”ကဗျာလူ ကဗျာကမ်းပါးမှာသောင်တင်နေမိတဲ့ညနေခင်းများ”

ဆောင်းဦးပေါက် ညနေခင်းတွေမှာပဲ….
မရေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ စိတ်တွေနဲ့
အခု ဒီကဗျာကို ရေးဖြစ်သွားခဲ့ပြန်တယ်
မတွေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ အတွေးတွေနဲ့
အခု စကားလုံးတချို့ကို တွေးဖြစ်သွားတယ်
မကြည့်တော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ အသိတွေနဲ့
အခု ဒီကဗျာကို တချက်တွေပြီး ကြည့်မိပြန်တယ်
ပြန်မလှည့်တော့ဘူးဆိုတဲ့ အသိနဲ့ ရှေ့ကိုတည့်တည့် လျှောက်ကြည့်မှပဲ
လျှောက်နေတဲ့ ခြေထောက်တွေက အနောက်ကိုပြန်ရောက်နေကြတယ်
နှုတ်မဆက်တော့ဘူးဆိုတဲ့ အသိတချက်ဝင်ချိန်မှာ
ရုတ်တရက်ပြန်ငဲ့ကြည့်နေမိတာ ဒီလူရဲ့ ပျော့ညံ့ချက်တွေသာဖြစ်မှာပါ…

တချက်ပြန်လှည့်အကြည့်မှာတင် တသက်စာဘဝင်ကို ကိုင်လှုပ်
အရုပ်ကြိုးပျက်ကျသလိုဖြစ်သွားအောင် ဗို့တထောင်ပြင်းအားထန်လို့
သူ့ရဲ့ညှို့ဓာတ်ထဲမှာတင် အပင်ပြန်ပေါက်သွားခဲ့မိတာလည်း ကဗျာ
ဘယ်လိုဖူးစာရေးနတ်ကြောင့်ပါလိမ့်
တစိမ့်စိမ့်တွေးရင်း ရေးမိသွားတာလည်း ကဗျာ
တသိမ့်သိမ့်တုန်နေတဲ့ ရင်ထဲမှာ မှေးဝင်အိပ်စက်နေတာကလည်း ကဗျာ
ကံကြမ္မာရဲ့ ထားရာနေစေရာသွား ဘဝသမားရဲ့ သစ်တပင်မှာ
နွေအကုန် ဆောင်းအဝင် ကဗျာငှက်တွေသာ အိပ်တန်းဝင်နေကြလေရဲ့….

ဆင်းရဲခြင်းအမှောင်မှာ တကြိမ်တခါမှမလာတဲ့ အသပြာမီးပျက်ကြောင့်
တကြိမ်တခါ ပြောင်းလဲခြင်းခရီးထွက်ကြည့်ဖို့ ကြိုးစားမိတဲ့ အတွေးထဲ
ကဗျာသွေးရဲရဲတွေကသာ အကြိမ်ကြိမ်အဖန်ဖန်ပြန်ပြီး စီးဝင်
ငါးစာကို ငါးစာလို မမြင်တတ်သေးချိန်ထိ
ကဗျာကိုတော့ ကဗျာလိုမြင်တတ်တဲ့ အသိရှိနေခဲ့တဲ့
ကဗျာကိုယ် ကဗျာစိတ် ကဗျာနှလုံးသုံးပါးနဲ့ ကဗျာလူဟာ
ကဗျာကမ်းပါးမှာ ဆည်းဆာကို ညတွေက တိုက်စားယူသွားချိန်ထိ
ကဗျာတွေနဲ့ပဲ လွတ်လပ်စွာ သောင်တင်နေမိတော့တယ်…………။

Monday, September 14, 2009

”တချိန်သောညနေခင်း”

အဲဒီညနေခင်းပေါ့
ညနေဟာ ညနေလိုတောင်မလင်းခဲ့ရဘူး…

အဲဒီညနေဟာ
ဆည်းဆာအရှင်လတ်လတ်ကို
လူသတ်သမားတွေရဲ့လက်ထဲ ဝကွပ်လွှဲခဲ့ရတဲ့ညနေပေါ့…

အဲဒီညနေဟာ
ကျောင်းခေါ်ချိန်မပြည့်ခဲ့ရတဲ့ ညနေ
တချို့မျက်ရည်ကျ တချို့အသက်မြေခခဲ့ရတဲ့ညနေပေါ့…

အဲဒီညနေမှာ
အိမ်ပြေးမဟုတ်ခဲ့ပဲ အိမ်နဲ့တဘဝစာလွဲခဲ့ရ
မိသားတစုလုံးနဲ့လည်း ကွဲခဲ့ရတယ်…

အဲဒီညနေဟာ
မြေနီလမ်းလေးထဲ
ပန်းနူရောင်စကားသံတွေစဲခဲ့ရတဲ့ ညနေပေါ့….

အဲဒီညနေဟာ
လိမ္မော်ရောင်ကဗျာတွေ ဆုတ်ဖြဲခံခဲ့ရတဲ့ညနေ
အဖြူရောင်ပန်းချီကား သွေးထွက်သွားခဲ့ရတဲ့ညနေပေါ့…

အဲဒီညနေဟာ
အစိမ်းတောက်တောက် အညှီအဟောက်တွေ
ငရဲရဲ့ခြေထောက်နဲ့လမ်းလျှောက် အဓမ္မသေနတ်ဖောက်ခဲ့တဲ့ညနေပေါ့…

အဲဒီညနေမှာ
ရင်ဘတ်တခုလုံးကို သွန်မှောက်ချကြည့်လိုက်ရင်
တက်ခေါက်သံတွေချည့်သာ မိုးယံလွန်တဲ့ထိပဲ့တင်ထ
ဘဝပေါင်းများစွာ ပိုးစိုးပက်စက်လွင့်စင်ကျသွားခဲ့ရပေါ့
အဲဒီညနေမှာ….
အဲဒီညနေမှာ………………………။

အဲဒီညနေခင်းအတွက် ကျနော့်ရဲ့ကိုယ်ပိုင်သံစဉ်သီချင်းတပုဒ်ဖြစ်တဲ့
”တချိန်သောညနေခင်း”ဆိုတဲ့သီချင်းလေးကို ပို့စ်ရဲ့အောက်ဆုံးမှာ
ခံစားနားဆင်နိုင်ပါတယ်။

ဒီသီချင်းကို ၁၉၉၅ခုနှစ်လောက်က တောတွင်းတနေရာမှာစပ်ခဲ့တာပါ။
အဆိုတော်ကိုမွန်းအောင်ဆိုထားခဲ့ဖူးပါတယ်။ အခုကျနော်ပြန်ဆိုထားတဲ့
သံစဉ်နဲ့တော့မဟုတ်ခဲ့ပါဘူး။ ကျနော်နဲ့ ကျနော့်ရဲ့ရဲဘော်ကြီးကိုကျော်သက်
တို့က ပြန်လည်ဆန်းသစ်ထားပြီး လွန်ခဲ့တဲ့၂နှစ်ကျော်ကျော်လောက်တုန်းက
ကျနော်ပြန်ဆိုထားခဲ့တာပါ။ အသံပိုင်းဆိုင်ရာချို့ယွင်းချက်များအားလုံးကတော့
ကျနော့်ညံ့ဖျင်းမှုသက်သက်သာဖြစ်တယ်ဆိုတာကို ဝန်ခံပါရစေ။

အားလုံးကိုချစ်တဲ့
ဆောင်းယွန်းလ

Get this widget | Track details | eSnips Social DNA

Saturday, September 12, 2009

”ရောင်စုံဒုက္ခဆေးဆိုးထားတဲ့ နှလုံးသားမြို့ရိုးပေါ်က မီးခိုးတန်းများ”

အမှားနေဝင်ချိန်မရောက်သေးသမျှ
ငါ့အမှန်တွေအားလုံး အမှောင်ထဲမှာပဲပုန်းနေကြရဦးမှာလား လောကကြီးရေ.
ဒီလိုဆိုရင်တော့ ငါ့မီးခိုးတန်းတွေပေါ်မှာငါ့လမ်းကိုငါလျှောက်
ငါ့မီးခိုးတန်းတွေပေါ်မှာပဲ ငါ့လမ်းနဲ့ငါပျောက်နေပါရစေ…..

ကာလအမှားကြီးတခုထဲက ခါးသီးမှုပေါင်းစုံတို့ရေ
အတွင်းကြေသမားကို အပျင်းဖြေကြွေအံများလို ကစားဖို့တွက်
ဟောဒီရင်ဘတ်ထက်ကို နောက်ထပ်သောကခဲတလုံးလောက် ပစ်ပေါက်တင်လိုက်ပါဦးလား
ငါ့နှလုံးသားရဲ့မြို့ရိုးကို ဒုက္ခရောင်ဆေးဆိုးပြီး ခြံစည်းရိုးတခုခတ်
ရောင်စုံဒဏ်ရာဒဏ်ချက် အရှင်လတ်လတ်တွေနဲ့
ကိုယ့်ဘဝကိုကိုယ် လုံခြုံအောင်နေတတ်ခဲ့ချင်လို့ပါ….

ဒီမှာတော့ ငါ့ရဲ့ယာယီခိုလှုံရာ တတိယမြေယာဘုံဟာ
ငါ့ကိုလုံးဝရင်မခုန်စေတဲ့လူမျိုးကွဲတွေရဲ့ ကွန်ဆာဗေးတစ်အစွဲတွေနဲ့ဒေသပါ..

ဒီနေရာမှာ ကိုယ်တိုင်ကဆင်းရဲခြင်းစိုးရိမ်ရေမှတ်အောက်ဆုံးထပ်အလွှာနဲ့
နောက်ကျခြင်းအပူဒီဂရီရဲ့အထက်ဆုံးအမှတ်ကို အမှီရောက်နေပေမယ့်
စိတ်အလံကိုအမြင့်ဆုံးရောက်အောင် လွှင့်ထောင်ထားနိုင်မှ
တော်ရုံနေသားကျနိုင်တဲ့ နေရာတခု
လူမျိုးကွဲတွေရဲ့ အလေးဂရုပြုမှုကိုခံရနိုင်မယ့် နေရာတခုလည်းဖြစ်တယ်…

ဟောဒီနေရာထိုင်ခင်းမှာပဲ
စိတ်လက်မပါတဲ့ဟုတ်ကဲ့ခါးခါးတွေနဲ့ အပြင်းစားညနေခင်းတွေကိုလည်းကျော်ဖြတ်ခဲ့ရ
စိတ်လက်နာတဲ့ဟုတ်ကဲ့ခါးခါးတွေနဲ့ အပြင်းဖျားမနက်ခင်းတွေကိုလည်းဆေးကုသခဲ့ရပေါ့
သောတကမ်းခြေကိုအပမ်းဖြေရွက်တိုက်ဝင်လာတဲ့ သတင်းစကားအမှိုက်တချို့ကိုတော့
ဘယ်နင်းညာလူးလှေနံလိုနားနှစ်ဖက်ပေါ်ကနေ ဖာသိဖာသာလှဲကျင်းထုတ်လို့
စည်းအပြင်ပြတင်းတံခါးတွေကိုဖွင့် တကိုယ်တော်တရားနဲ့ပဲလေလွင့်နေခဲ့မိတော့တယ်….

တမြန်တနေ့ကအကြောင်းတွေလား!
စဉ်းစားရင်းလွဲမှားသွားလိုက် လွဲမှားခြင်းကိုစဉ်းစားလိုက်နဲ့
လွဲမှားခြင်းအမှိုက်တောင်းထဲမှာ ဝါကျင့်ကျင့်ပြက္ခဒိန်အဟောင်းတွေသာစုပုံလာခဲ့ကြ
ခပ်သိမ်းကုန်သောအရာတို့ကိုလည်း ချင့်ပြီးယုံတတ်လာခဲ့ရပေါ့….

မနေ့ကအကြောင်းတွေလား!
ဘယ်ပြပြီးမှညာနဲ့ဝိုက်ချသွားတဲ့ ကမ္ဘာကျော်စီးပွားတွက်လက်ဝှေ့သမားရဲ့
အရှိုက်ကိုတိုက်တဲ့ အငိုက်လက်သီးကစားကွက်တွေအောက်မှာ
ကြိုးဝိုင်းပြင်ကို လွင့်စင်ကျသွားတဲ့အထိ
ကျဆုံးခန်းတွေကိုသာ စိမ်ပြေနပြေကြည့်နေခဲ့ရသလိုပေါ့
ရွာယောင်ပြပြီးမှ အရှေ့ဖက်ကတိမ်လိပ်တွေကိုအနောက်ဖက်မှာမှေးသိပ်
ခပ်မဆိတ်ဇယားကြိတ်ရှုပ်လိုက်တဲ့ အိမ်ပြေးမိုးသားတိမ်လိပ်တအုပ်လိုပါပဲ
စေ့စေတွေ့းကြည့်ခဲ့မိတာတောင် ရေးရေးပေါ်မလာခဲ့တဲ့အကြောင်းတရားရေအိုင်ဟာ
မျှော်လင့်ခြင်းမိုးစက်တပေါက်တလေကိုတောင်မှ မသောက်မြိုမမှီဝဲနိုင်တဲ့အခါ
ကိုယ့်ငရဲကိုကိုယ် အလွမ်းသူရာရည်တချို့နဲ့ ရောချက်ကျိုသောက်ရင်း
ဌာနေငတ်မွတ်မှုဂျောက်တွင်း ပြောင်းပြန်ဇောက်ထိုးဆင်းနေခဲ့ရပေါ့…

တကယ်တမ်းကျတော့လည်း ဘာမှမဟုတ်ခဲ့ပါဘူးလေ
ဒီလိုပါပဲ ပြီးခဲ့တာတွေကပြီးသွားခဲ့သလို
မပြီးသေးတာတွေကလည်း ပြီးသွားခဲ့ကြဖို့ပဲမဟုတ်လား!!
ဖုတ်ဖတ်ခါထခဲ့လိုက်ရ စုပ်သပ်ခါငြီးငြူခဲ့လိုက်ရနဲ့
ဒဏ်ရာတွေကဒဏ်ရာလိုနာတတ်ရုံမျှနဲ့ အဟောင်းပေါ်အသစ်ထပ်တင်
ဆေးဖက်ဝင်စေဖို့လောက်မျှနဲ့ သွေးထွက်ရင်းယဲ့ယဲ့ရှင်သန်နေရတဲ့ကျောက်ရုပ်ဘဝမှာ
အချိန်ဆိုတဲ့ကျိန်စာရထားက လူကိုလှည့်ပတ်လိမ်ခေါက်ပြေးသလောက်
လူကိုယ်တိုင်က ဘူတာအမှားမှာခဏမှေးနားနေရတဲ့ အိမ်ငေးသမားတကောင်မျှသာဖြစ်ခဲ့ရတယ်…

အကြောင်းတရားမမှန်တာတွေအတွက်တော့ ခေါင်းစားမခံခဲ့ပါဘူးလေ
ဦးခေါင်းအပိုတလုံးနဲ့နားရွက်အပိုတစုံကို ကိန်းဂဏန်းကိန်းကြီးခမ်းကြီးတွေထဲမှာနှစ်
နှာခေါင်းမဖော်နိုင်လောက်အောင် ကိုယ့်ကိုကိုယ်ချစ်တတ်နေသူတွေရဲ့အကြောင်းကိုတော့
ကိုယ်ပိုင်ဆင်ခြင်မှုခေါင်းထဲမှာအကြောင်းတရားတခုလုပ် ခေါင်းမရှုပ်စေခဲ့မိပါဘူး….

လက်ရှိဘဝရဲ့ဒီကနေ့အကြောင်းလား!
ဒီကနေ့ဆိုတာကလည်း နေအထွက်ကိုဂဏန်းသစ်တလုံးနဲ့စပြီးဖောက်ခွဲ
နေအဝင်မှာဂဏန်းဟောင်းတလုံးနဲ့အဆုံးသတ်မိုးချုပ် အားလုံးကိုသိမ်းရုတ်သွားရတာပါပဲလေ
မနက်ဖြန်အကြောင်းလား!...ဟင့်အင်း….
တခါမှမစဉ်းစားမိခဲ့ပါဘူး……ဘာထူးတာမှတ်လို့..
စည်းအပြင်ဖက်မှာ ရပ်နေတာပါဆိုမှတော့ဗျာ….အဲဒီလိုလေ အဲဒီလိုပဲပေါ့….

အဲဒီလို.
ပါးစပ်ကပါးစပ်လို ပါးစပ်နေရာပါးစပ်မနေပဲ
ရင်ထဲရှိသမျှစိတ်ကျစကားလုံးတွေကို အချပ်ပိုတရွက်အဖြစ်
ကဗျာသီတဲ့မြစ်ပေါ်မှာ ခပ်ပြစ်ပြစ်အန်ချမိလို့
အဲဒီလို
နေသားကျဒဏ်ရာကဒဏ်ရာလိုငြိမ်သက် ဒဏ်ရာထက်မတ်မတ်မရပ်ပဲ
နေညိုရင် မေးခွန်းသာပိုပိုလာပြီး အဖြေမရှိတဲ့လမ်းအိုထဲ
အားနည်းတဲ့ခြေထောက်နဲ့ စမ်းစမ်းလျှောက်ကြည့်မိတော့
နောက်ကျိမှုအာရုံနွံအိုင်ထဲ အပွဲပွဲမှောက်ကျချော်လဲခဲ့ရသလို…
မာကျောခက်ထန်တဲ့ လောကငရဲတွေကသာ
ကွဲကြေရင်ဘတ်ထဲ အကြိမ်ကြိမ်အဖန်ဖန်နစ်မြုပ်ပျော်ဝင်ကာမည်းနက်
ကိုယ့်စိတ်ရဲ့ဘုံဖျားကိုတော့ ကိုယ်ပိုင်နှလုံးသားနဲ့တိုးရင်းတိုက်ရင်းတက်ခဲ့မိတယ်…

အဲဒီလို…
ရင်ဘတ်ကရင်ဘတ်လို ရင်ဘတ်ထဲမနေပဲ ပြင်ပငရဲကိုခဏခဏထိုးခွဲကြည့်ချင်တော့
အသွင်မကျတဲ့မြင်ကွင်းတချို့တဝတ်ကို ဘဝင်မကျသလိုမြင်ပြင်းကပ်ဆံပင်မွှေးဆူး
ကိုယ့်အတတ်နဲ့ကိုယ်စူးခဲ့ရဖူးတဲ့ ဇာတ်မှာ
ထားရာနေစေရာသွားဗီလိန်အမူးသမားတယောက်အဖြစ် ကိုယ့်ကိုကိုယ်ဘေးဖယ်စွန့်ပစ်
ဘဝနာနာနဲ့ပဲ ကံကြမ္မာရဲ့ပိုင်းဖြတ်ခုတ်ထစ်ခြင်းကိုကျေကျေနပ်နပ်ခံပစ်လိုက်မိတယ်….

ကဲ…နာနေခဲ့ပြီးသားဟောဒီဘဝကြီးရဲ့ နှလုံးသားနှုတ်ခမ်းပါးပေါ်ကို
နောက်ထပ်သောကခဲတလုံးလောက်ပစ်ပေါက်သွင်းလိုက်ပါဦးလား လောကကြီးရေ
ငါ့ဘဝရင်ဘတ်မြို့ရိုးကို ဒဏ်ရာမီးခိုးတွေနဲ့ခိုင်ခံ့အောင် အုတ်မြစ်ချဆေးဆိုးလိုက်ချင်လို့ပါ..။

Saturday, September 5, 2009

”အတွင်းကြေ”

သူလိုကိုယ်လိုဘဝတွေထဲမှာတောင် ကြပ်ကြပ်တည်းတည်း
ငါတို့ဖယောင်းတိုင်တွေကျမှ မီးတောက်ကမစွဲဘူး
ကံကောင်းခြင်းဆိုတဲ့ ငနဲသားကလည်း
ခေတ်စကားအရပြောရရင် ”ပဲ”သိပ်များတဲ့အကောင်
ဝင်လာရင်ခဏ ထွက်သွားရင်ပြန်ပေါ်မလာ
ပျောက်ချက်က ဘာမြူဒါမှာစုံးစုံးမြုပ်တဲ့လိပ်တကောင်လိုမျိုး
ကံဆိုးခြင်းတွေကသာ မိုးမှောင်ခြင်းနဲ့ပေါင်း
ငါတို့ဘဝဂိုးတိုင်တည့်တည့်ကိုမှ တဂိုးပြီးတဂိုးသွင်းထည့်ကြတယ်….

ဒီလိုပါပဲ
ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့
အရောင်မပြောင်တဲ့ နေ့ပေါင်းထောင်ချီဖြတ်သန်း
တောင်ကိုမှန်းပြီးစမ်းလျှောက်နေရတဲ့ခြေထောက်တွေက မြောက်ကိုရောက်နေ
ကိုယ့်ခြေထောက်နဲ့ကိုယ့်လမ်း ပဋိပက္ခဖြစ်နေရတဲ့ဘဝ
ကိုယ့်ရာစုမှာဇောက်ထိုးကျတဲ့ဂျောက်ကမှ တမင်ရွေးပြီးနက်ရတယ်လို့
”အင်း” ဘယ်လို အာမေဋိတ်မျိုးကို ရေရွတ်ရမယ်တောင်မသိ
ဒါနဲ့ပဲ ”တချို့”ဆိုတဲ့တချို့ကို ”မြို့”အမည်ခံတဲ့မြို့တမြို့ကနေ
တိတ်ဆိတ်စွာခြေရာခံကြည့် အကောင်းမြင်ဝါဒနဲ့ဟောဒီလိုသိလိုက်ရတယ်…

တချို့က မမြင်နိုင်တဲ့ ငရဲကိုမကြောက်ကြတော့
ထင်သာမြင်သာတဲ့ငရဲမှာ ကိုယ်ဖော့ပညာနဲ့လမ်းလျှောက်
အဝီဇိကိုဗီဇာမပါပဲ ကမ္ဘာတပတ်ရောက်ကြတယ်….

တချို့က လျှပ်တပြတ်စိတ်ယာဉ်ကို ဘရိတ်မပါပဲမောင်း
ကိုယ်ရည်သွေး လမ်းကြောင်းတွေတောင်းတောင်းပြီး
ဓာတ်ပြားဟောင်းတီးလုံးကြီး လှည်းလုပ်လုပ်စီးကြတယ်…

တချို့က အစာပြေအာရုံကို ကာမဂုဏ်ပန်းကုံးတွေတိတ်တိတ်ခိုးချိတ်
လူရှေ့ရောက်ရင် ဂုဏ်တော်ပုတီးတွေစိတ်စိတ်ပြ
သြကာသနဲ့ဦးသုံးကြိမ်ချပြီး ဘုရားကိုတောင်မျက်လှည့်ပြကြတယ်….

တချို့က ကမ္ဘာမကြေတေးကို မျက်လုံးမှာတံတွေးဆွတ်ရွတ်ဆို
ပါးစပ်အော်စကာအက်ရှင်နဲ့ လက်တမ်းပုံပြင်လုပ်ငိုကြ
ဂိုးမသွင်းပဲခြေထောက်ရိုက်ချိုးတဲ့ ဘောလုံးပွဲကိုပဲဇွဲနဲ့ကန်ကြတယ်….

တချို့က စိတ်မေ့ဆေးကို နှစ်ပြားတပဲစည်းစိမ်နဲ့ရောထိုး
ကိုယ့်ဂိုးကိုယ်သွင်းပြီး အကောင်းဆုံးရွှေတံဆိပ်ဆုကိုယူ
ရာဇမတ်ထူသဲဖြူခင်း ရွှေနားတော်သွင်းသီချင်းတွေနဲ့ အပျင်းဖြေကြတယ်….

တချို့က ဖျာတလိပ်ကိုခေါင်းပေါ်တင် ပွဲခွင်တိုင်းဝင်ခင်း
ကိုယ့်လှေကို သူများတက်နဲ့လှော်နင်းတော့
ဘယ်နေရာပဲရောက်ရောက် မတ်တပ်အိပ်ပျော်လမ်းပျောက်နေကြတယ်…..

စသဖြင့် စသဖြင့်…အဆုံးမရှိသော
မယုံကြည်နိုင်စရာ အကြောင်းအရာများကသာ
ယုံကြည်မှုရင်ဘတ်ဟောင်းထဲထိုးခွဲစိုက် ကျည်ဆံရထားလိုဝုန်းဒိုင်းကျဲဝင်လာခိုက်
စိတ်ကြယ်သီးကိုဖြုတ်လို့ ရင်ဘတ်တောအုပ်ကိုငုံ့ကြည့်လိုက်မိတယ်
ဒီတခါဖြစ်တဲ့ဒဏ်ရာက…အရင်အခါပေါင်းများစွာရလိုက်တဲ့ဒဏ်ရာလိုပဲ…
တဖြည်းဖြည်းနဲ့ ………………………အတွင်းကြေ
တဖြည်းဖြည်းနဲ့ ……………………………………….အတွင်းကြေ
တဖြည်းဖြည်းနဲ့ …………………………………………………....အတွင်းကြေ…။

Thursday, September 3, 2009

”စိတ်ကမ္ဘာထဲ ကဗျာစွန်တွေလွတ်လပ်စွာပျံဝဲပါရစေ…ကောင်မလေးရေ”

သူများစကားလုံး အငှားသုံးနေရတဲ့ အရှုံးနဲ့ဘဝကြီးထဲမှာ
အရှုံးကိုသိမ်းဖျောက် အပြုံးတုတွေနဲ့လျှောက်နေရတာလောက်
ကြီးမားလေးပင်လွန်းတဲ့ အရှက်အကြောက်တွေရဲ့ အစက်အပြောက်တွေရှိဦးမလား
အရှေ့ခြမ်းကိုလွမ်းနေတဲ့ ငါ့ရဲ့အနောက်ဖက်ကမ်းစာမျက်နှာတွေက
ခါးသက်ရှတ ဒဏ်ရာလှလှတွေနဲ့ ချိုမြ ကြေမွနေခဲ့ရပါတယ် ကောင်မလေးရေ…

တကယ်တော့ ငါဟာအမှုန်အမွှားအစက်အပြောက်လေးတခုအဖြစ်
ကမ္ဘာ့မြေပုံရဲ့တနေရာမှာ ခဏတာအမြစ်တွယ်နေရရှာတဲ့
အလေ့ကျ သောကပေါက်ပင်ဆိုလည်းဟုတ်
ဒုက္ခတောအုပ်ထဲက အပင်ငယ်တပင်ဆိုရင်လည်းဟုတ်ခဲ့ပါတယ်
တနေ့နေ့မှာတော့ မမြဲတဲ့တရားက သူ့ရဲ့ခံတွင်းကိုဟ
ငါ့ကိုကောက်နှုတ်ပြီး မျိုချသွားမှာသေချာပါတယ် ကောင်မလေးရေ….

ကမ္ဘာကြီးရဲ့ ချို့တဲ့မှုပေတံနဲ့ ချိန်ထိုးရမယ်ဆိုရင်တော့
ငါ့ချို့တဲ့မှုဆိုတာက အမှုန်အမွှား အစက်အပြောက်လေးတခုရယ်ပေါ့
ကမ္ဘာကိုမှန်မယ့် နျူကလီးယားဗုံးတလုံးက ငါ့ကိုမှန်မယ့် နျူကလီးယားဗုံးတလုံးပါ
ငါ့ကိုမှန်မယ့် အနူမြူဗုံးတလုံးကတော့ ကမ္ဘာကိုမှန်မယ့် အနူမြူဗုံးစတစပေါ့
ဘာမှမမြဲတဲ့တရားထဲမှာ အမှားနည်းအောင်နေနိုင်ရင်ပဲ
ဘဝကိုကျေနပ် ဘဝမှာနေတတ် ရဲရဲသေတတ်ရတော့မှာပေါ့ ကောင်မလေးရေ…

စိတ်တခုအတွက် အလျော်အစားပေးလိုက်ရတဲ့ စိတ်တခုနဲ့ပဲ
နားမလည်ခြင်းတချို့ကို မစို့မပို့နားလည်ခြင်းတချို့အဖြစ် အရေခွံလဲ
စိတ်မဲ့ခန္ဒာကိုယ်ပေါ်မှာ ရာသီဥတုသုံးပါးကို ထည်လဲဝတ်ရင်း
ဆုံးရှုံးသွားခဲ့တဲ့ နေ့လည်ခင်းတွေအတွက် စိတ်ပျက်ခြင်းလွှာရုံကိုခြုံ
ပိုင်ပိုင်ယုံယုံမကိုင်နိုင်သေးတဲ့ နောက်တနေ့ကိုမျှော်တလင့်လင့်
နေထွက်လှုံ လမ်းလျှောက်ကျင့်နေခဲ့ရသူဟာလည်း ငါပါပဲ ကောင်မလေးရေ….

ဆုံးရှုံးခြင်းကို စိမ်ပြေနပြေခံစားနိုင်ဖို့အတွက်
၃၆၀ဒီဂရီ လည်ပတ်မှုမောင်းနှင်တံတချောင်းရဲ့ လှည့်ပတ်မှုပေါင်းများစွာကို
ငါ့ကမ္ဘာမှာ ဥဒဟိုဝင်ထွက် အကြိမ်ကြိမ်လည်ပတ်စေခဲ့ပြီးပါပြီ ကောင်မလေးရေ….

သွားသွက်သွက်လာသွက်သွက် ၂၄နာရီစာရွက်တရွက်ထဲမှာတော့
မင်နီကြက်ခြေခတ်တွေက ငါ့ရဲ့ဖွားဘက်တော်မိတ်ဆွေတွေပဲပေါ့
အခုတော့ ငါ့ဦးနှောက်တွေကလည်း အရင်လိုမသွက်နိုင်ကြတော့ပါဘူး ကောင်မလေးရေ…

ငါ့ဦးနှောက်တွေက လေးလံလွန်းလှတော့
အတွေးဆိုတဲ့သောင်ပြင်ပေါ်မှာ ငါ့စာမျက်နှာကိုကျောက်ချ
အချစ်ဆိုတဲ့ရင်ဘတ်တံခါးမကို ပိတ်ထားခဲ့တာလည်းကြာခဲ့လှပါပြီ ကောင်မလေးရေ….

လောကရဲ့ အချက်ပေးခေါင်းလောင်းသံတွေအောက်မှာ
အမြဲတမ်းလိုလို ခြေတလှမ်းမဟုတ် နောက်တလှမ်းနောက်ကျနေခဲ့တဲ့ ငါဟာ
ဖြတ်သွားဖြတ်လာ ရင်းနှီးကျွမ်းဝင်ခဲ့ရာရောင်စုံကမ္ဘာကို စိတ်အဆာပြေရုံရင်ခုန်ခဲ့ရင်း
စိတ်တချို့ကိုတော့ မြက်ခင်းစိမ်းတနေရာမှာ နေသားတကျဖြန့်ခင်းချတတ်ခဲ့ပါပြီ
ခဏတဖြုတ်ဖြစ်ဖြစ်ပေါ့
ကြည့်လိုက်ဦး….ဒီမှာ..ရင်ဘတ်ထဲ
ရောင်စုံစက္ကူစွန်ကလေးတွေ လေထဲ ပျံဝဲမြောလွင့်နေတဲ့ ညနေခင်းတခု
မင်းရော.စိတ်ရဲ့ကမ္ဘာတခုထဲ လွတ်လပ်တဲ့ကဗျာစွန်တွေနဲ့ ပျံဝဲဦးမလား ကောင်မလေးရေ…..။

Tuesday, September 1, 2009

DID: The Philanthropist (မြန်မာပြည်)#links#links#links#links#links#links#links#links#links#links

DID: The Philanthropist (မြန်မာပြည်)#links#links#links#links#links#links#links#links#links#links

Saturday, August 29, 2009

“နေ့တဓူဝစီးဆင်းမှုများနဲ့ တောင်တန်းတိမ်တိုက်တွေရဲ့အကြောင်း”

တိမ်တိုက်တွေကို တောင်တန်းထင်ခဲ့မိတဲ့အခိုက်
တောင်တန်းတွေတောင် တိမ်တိုက်ဖြစ်သွားခဲ့ကြတယ်
တနင်္ဂနွေမှတ်တိုင်မှအစပြု စနေဘူတာအဆုံးသတ်သည်အထိ
ကြည့်သမျှကိုမမြင်နိုင်တော့ မြင်သလောက်ကိုပဲကြည့်နေခဲ့ရတယ်…

တကယ်ပါ…နဝေတိမ်တောင်ဖြစ်ခဲ့တာမဟုတ်ပါဘူး
ကိုယ့်စိတ်ကူးနဲ့ကိုယ်တော့ အိမ်တဆောင်ကိုအလှဆုံးဖြစ်အောင်ဆောက်
တမူးလောက်သာရုံမျှလောက်နဲ့ပဲ
ဂုဏ်သရေရှိလူကြီးလူကောင်းဆိုသူများနဲ့ အဝေးဆုံးသောအရပ်မှာ
ကိုယ်စိတ်နဲ့ကိုယ့်ကိုယ် ပုန်းဖျောက်ထားမိတတ်ခဲ့ပါရဲ့….

အဝေးကွင်းမှာ ခေတ်ဆွေးနေရတာကြာလှဆိုတော့လည်း
အတွေးအခင်းအကျင်းက သိပ်မလှ ….
အနှေးဆင်းနေရတဲ့ မည်ကာမတ္တဘဝဆိုတာ
လက်ဖက်ရည်ဆိုင်နဲ့ပြတ်လပ်နေသူတိုင်း နက်နက်ရှိုင်းရှိုင်းသိမှာပါ
ဒါကြောင့်ပဲနေမှာပေါ့
တိမ်တွေကိုတောင်လို့မှတ် ကိုယ့်အသိနဲ့ကိုယ်ကျေနပ်နေတတ်ခဲ့မိတာ…

အရာရာကို သတိနဲ့နေအသိနဲ့စား နှလုံးသားနဲ့ကြားချင်ခဲ့ပေမယ့်
ခါးသက်သက်ပူရှရှ ကော်ဖီတခွက်ကိုဇွတ်မြိုချနေရရုံမျှနဲ့ပဲ
သတိမေ့အသိပျောက် နှလုံးသားကခြောက်သွေ့….
ဈေးကွက်ဝင် စီးပွားတွေ့ ခေတ်သစ်လုပ်ကြံမှုသတင်းဆွေးမြေ့မြေ့တွေက
ဘယ်ဖက်ဝင်ညာဖက်ထွက် အာရုံပျက်နေတဲ့သောတနှစ်ဖက်ပေါ်မှာ
အပျော်ကြံရုံသတ်သတ် နေ့နဲ့ညစာအုပ်ကိုပုံပြင်တပုဒ်လိုဖတ်တယ်….

ပုံပြင်မဟုတ်တဲ့ လောကလူ့ဘဝဇာတ်ထုတ်မှာတော့
ဟောဒီကောင်က ခါချဉ်အုံတအုံထဲကခါချဉ်တကောင်ဖြစ်ရုံပေါ့
ခါချဉ်တကောင်ရဲ့မာနဟာ တိမ်တွေထက်မြင့်မားခဲ့ပြီး
တောင်တွေထက်လည်း ထွားကျိုင်းခဲ့ပါတယ်
ဒါပေမယ့် ဖဝါးသားအောက်မှာ ခုံပါးပါးဖိနပ်တရံသာရှိခဲ့ပါရဲ့လေ
တန်ဘိုးရှိသော မြေမှုန်တချို့ရေ…
ခင်ဗျားတို့ကိုတော့ လေးနက်စွာဦးခိုက်နေလိုက်ပါတယ်….

ပြက်ပြက်ထင်ထင်ရှိလှတဲ့ တနေ့နေ့ရဲ့မုချအကြောင်းတရားကို
ဝါးတားတားဖြစ်နေလေ့ရှိတဲ့ပစက္ခတိုင်းမှာ တွေးလေ့တွေးထရှိတဲ့အခါ
ကိုယ်မပါရင်မပြီးတဲ့ပွဲဆိုတာ နှစ်ပွဲပဲရှိမှန်းသေသေချာချာသိလာခဲ့ရ (မွေးဖွားခြင်းနှင့်သေဆုံးခြင်း)
တချို့ကတော့ သွားလာ ဝင်ထွက် နှုတ်ဆက်
ပြီးတော့လည်း အပြုံးမပျက်ပွဲဖျက်သိမ်းသွားတတ်ကြတာပါပဲလေ
ဒါကြောင့် မိတ်ဆွေစစ်ဆိုတာ
မယိမ်းတတ်တဲ့နွယ် မကွယ်တတ်တဲ့တိမ် မပြိုတတ်တဲ့တောင်မှန်း
တဦးကိုတဦးလှမ်းမကြည့်ပဲ အနှစ်၄၀ကြာရင်ဘတ်အနွမ်းနဲ့တန်းသိနေခဲ့ရပါတယ်….

ဒီလိုနဲ့ပဲ….ကိုယ့်ပေတံတချောင်းနဲ့
ကိုယ့်ခေါင်းကိုကိုယ် မျဉ်းညှိချဖို့ကြိုးစားမိခဲ့တော့
မျက်လုံးနဲ့မြင်ပြီးသမျှထဲကမှ နှလုံးသားနဲ့တွေ့နိုင်တဲ့အရာတချို့သာ
ကဗျာတပုဒ်အဖြစ်
စိတ်ဆိုတဲ့ကြိုးမျှင်တချောင်းပေါ်မှာ သပ်သပ်ရပ်ရပ်ငြိတွယ်
အတွေးဆိုတဲ့ လူမမြင်သူမမြင်မြစ်အသွယ်သွယ်ထဲ စီးဆင်းသွားခဲ့ကြပါတယ်….။

Thursday, August 27, 2009

”ကဗျာ”

ကိုယ့်အကြိုက်နဲ့
တည့်တည့်တိုက်မိတဲ့အခါ
တကိုယ်လုံးကို
ပစ်ချခံရဲတယ်
နက်နက်
နဲနဲ..

ရေတွင်းထဲကျသွားရသလိုမျိုးပဲ
ပြန်တက်ဖို့တောင်
မိုးက
မှောင်သွားခဲ့ပြီ…

ဒါကြောင့်…….
ဒီတွင်းထဲမှာပဲ
တရေးတမော
အနားယူရင်
ကောင်းမလားလို့
ကောင်းမလားလို့
ကောင်းမလားလို့
ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ
စဉ်းစားမိရင်း…

အင်း………….
ချဉ်ခြင်းက
ပြန်တပ်လာမိ
တကျိုက်
ကျိုက်မိပြန်လေရဲ့
ကြိုက်မိပြန်လေရဲ့…

ဒီလိုနဲ့
တပိုဒ်ပြီး
တပိုဒ်
နှုတ်ကို
တည့်တည့်လာတိုက်တယ်….

ဒီလိုနဲ့..
တပုဒ်ပြီး

တပုဒ်
စိတ်ကို
တေ့ဖြုတ်ခံလိုက်ရတယ်.....။

မှတ်ချက်။ ။ မနော် (မနော်ဟရီ)ရဲ့ ကျမချစ်သောကဗျာများဘလော့ပေါ်မှာလောလောလတ်လတ်တင်ထားတဲ့
ကဗျာဆရာလူဇော်သစ်ရဲ့ ကဗျာတွေကိုဖတ်မိပြီးတဲ့နောက် ဒီကဗျာလေးကို
”ကဗျာ”ဆိုတဲ့ခေါင်းစဉ်နဲ့ရေးဖြစ်သွားခဲ့ပါတယ်။


Wednesday, August 26, 2009

”အိပ်မက်အလွန် တဘူတာ”

ကိုယ်တိုင်က ခရီးပြင်းကြောင်းထွင်သူဖြစ်ခဲ့ရသလို
ကိယ်တိုင်ပဲ စီးနင်းမောင်းနှင်သူလည်းဖြစ်ခဲ့ရတယ်…

ပထဝီအနေအထား သမိုင်းကျောထောက်နောက်ခံနဲ့
တယောက်ချင်းစီရဲ့ မျိုးစေ့ဗီဇစိတ်အလှတွေအပေါ်တည်မှီရင်း
ခရီးကပြင်းခဲ့တခါ နာခဲ့တချီ ပြာချီတလှည့်
စိတ်နဲ့နဲ့ လူယဲ့ယဲ့ ကိုယ့်အသက်ကိုယ်မနဲပြန်ကဲ့ယူနေရခဲ့တဲ့အခါ
ရောင်စုံကြားဘူတာတွေရဲ့ တံတားအထပ်ထပ်ကိုဖြတ်တိုင်း
နိုးလျက်မက်မိနေရတဲ့ အိပ်မက်တွေက
ခရမ်းလွန်နွေဦးပေါက်လို အထိုင်းထိုင်းအမှိုင်းမှိုင်း
အပြိုင်းပြိုင်းအရိုင်းရိုင်းနဲ့ စိတ်တွေပေါ်လဲပြို
လူကိုဘိုင်းကနဲ လဲသေနိုင်လောက်အောင်ဆိုး
အက်ဆစ်မိုးတွေရွာ နျူကလီးယားဆောင်းနှင်းတွေပွင့်….

အိပ်မက်ကိုလည်း အိပ်မက်ထဲနေတံခါးဖွင့်စေချင်လှပါပြီ….

လတ်မှတ်ဖြတ်ထားခဲ့တဲ့ ခရီးကတော့
ကိုယ်တိုင်ဘယ်ထိသွားရမယ်မှန်းမသိခဲ့ရတဲ့ ခရီးပါ
အလွယ်ဆုံးနာမည်တခုပေးရမယ်ဆိုရင်
လမ်းဆုံးဘူတာဟာ
ဝေဒနာတွေရဲ့ပြင်ပဘူတာ လူညာတွေနဲ့ဝေးရာအရပ်
တရားနဲပြီး စကားမစဲတဲ့လူတွေနဲ့ဝေးရာ ငြိမ်းချမ်းရေးရွာပေါ့…..

အိပ်မက်အလွန်တဘူတာမှာ လူညာတွေမစုကြေး
တူရာတွေအခုရွေးကြရအောင်လား…………။

မှတ်ချက်။ ။ ”ခရမ်းလွန်နွေဦး၊ အက်ဆစ်မိုး၊ နျူကလီးယားဆောင်း” တို့သည် ဆရာမြသန်းတင့်၏ ဘာသာပြန်စကားလုံးများသာဖြစ်ပါသည်။

Thursday, August 20, 2009

”မဆုံးတဲ့.. ကဗျာ”

တီထွင်မှုတွေခြေချင်းလိမ်နေတဲ့ လမ်းပေါ်မှာ
ကျနော့်ခြေထောက်တွေလည်း တောင့်နေခဲ့ပါပြီ…

ရောင့်ရဲမှုကိုမျက်နှာလွှဲထားတတ်တဲ့ ခေတ်ထဲမှာနေရတာ
ပျင်းစရာတော့အကောင်းသား
အပြင်းစားငြီးငွေ့မှုမျိုးတွေနဲ့လည်း ငြီးငွေ့ခဲ့ဖူးပါတယ်
အဆိုးဆုံးကတော့ အမီမလိုက်နိုင်တဲ့ပြဿနာပါပဲ
လေယာဉ်ပျံကိုခဲနဲ့ပေါက်လို့လည်း ကိစ္စကငြိမ်းသွားမှာမဟုတ်ဘူး
ဝှုး…………မောတယ်
အပြောလွယ်သလောက် အလုပ်ကျတော့မတွင်ကျယ်ပြန်ဘူး
အပြောကျယ်တဲ့ နေ့တဓူဝတထွာရေးရာကိစ္စ
သမုဒ္ဒရာလိုတီထွင်မှုတွေကစခဲ့တော့တာပါပဲ…..

အကောင်းစားဇာတ်လမ်းတပုဒ်ကို အမီလိုက်နိုင်ဖို့အတွက်တောင်
စိတ်တွေအဆန်ချောင်ပြီး မြေလျှိုးမိုးပျံဖြစ်နေခဲ့ရတဲ့အခါ
ဟာသပြဇာတ်တပုဒ်ထဲမှာ ကိုယ့်ကိုယ်ကိုဒေါင်လိုက်ထိုးထည့်
အတည့်ကိုပြောင်းပြန်လုပ် ခပ်အုပ်အုပ်ရယ်ခဲ့မိရတယ်
အသံကျယ်ကျယ်တော့ မရယ်ရဲခဲ့ပါဘူး
ကိုယ့်တွင်းကိုယ်တူးနေရမှာစိုးလို့
ကိုယ့်အတွက်ပျင်းဖို့နည်းနည်းချန်ထားတတ်တာ မွေးရာပါဗီဇမို့
တနေရာရာမှာချို့တဲ့နေတာ ခန္ဒာကိုယ်တခုလုံးပါပဲ…..

စိတ်ဓာတ်ပြုပြင်ရေးစက်တလုံးကိုတော့
ခေါင်းအုံးတလုံးအဖြစ်အသုံးချ
ညတွေကို ဆေးမြီးတိုနဲ့ကြိတ်ကုခဲ့ရဖူးပါတယ်
ကားမရှိရင်လည်း ခြေထောက်နှစ်ချောင်းဟာဘီးတွေပဲပေါ့
လေယာဉ်ပျံမရှိတော့လည်း လက်နှစ်ဖက်ဟာအတောင်ပံတွေပဲပေါ့
သိပ်ပြီးထူးဆန်းမယ်လို့တော့ မထင်မိပါဘူး....

ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ သဘောတရားအတိုင်း
လူကိုလူက လူအဖြစ်မွေးထုတ်ပြတယ်
လူကလူကို ပြန်မြိုဖို့အတွက်
လူကိုပြန်ဖျောက်တဲ့ ကရိယာတွေကို
လူလိုမဟုတ်တဲ့စိတ်တွေနဲ့ မက်မက်မောမောတီထွင်ကြတယ်
လူစွမ်းကောင်းတွေလက်ရည်သွေးနေကြတဲ့ လောကမှာ
ကျနော်ကတော့ လက်ချည့်ဗလာသက်သက်
အသက်ငွေ့ငွေ့ကိုတော့ မသေရုံတမယ်ရှုတတ်ခဲ့ပါတယ်
တစုံတဦး၏ဂုဏ်ကျေးဇူးများ မိမိတွင်ပူးကပ်နေပါစေ…

ဒီဆုတောင်းကောင်းသလား!
ဟောင်းသွားခဲ့တာတော့ တော်တော်ကြာပြီ
နာရီကိုတီထွင်တဲ့သူပဲ အချိန်အကြောင်းကောင်းကောင်းသိမှာပေါ့
ကျနော့်ကိုမွေးတဲ့အချိန်တုန်းက အပိုလို”၁၁” လကမ္ဘာပေါ်ရောက်တယ်
သက်တောင့်သက်တာ အသက်ရှင်နေထိုင်မှုတွေအတွက်
တီထွင်ရှာဖွေမှုတွေကလည်း သိပ်ကိုပြောင်မြောက်လှချည်ရဲ့….

ချွင်းချက်ဆိုတာ ဘယ်တော့မှယွင်းပျက်မသွားမယ့်အရာ
တီထွင်ဆန်းသစ်မှုအတော်များများဟာ
သက်တောင့်သက်တာ အရင်းအနှီးစိုက်ထုတ်နိုင်သူတွေအဖို့ပါပဲ
ဒီတီထွင်ဆန်းသစ်မှုတွေအတွက် ဘာကိုကျေးဇူးတင်နေရဦးမှာလဲ!
တော်ရုံပဲပြောပါ မောနေမှာစိုးလို့
ကျနော်ကတော့ ချွင်းချက်မရှိအတိအကျမောနေတယ်…

ကျနော်သောက်ဖို့ရေတစက်ကိုတောင်
ကျနော်ကိုယ်တိုင်ရှာရင်း ဖက်ဖက်မောနေတုန်း
ခုရောက်နေတဲ့နေရာက သဲကန္တာရမဟုတ်ပေမယ့်ရေရှားတယ်
ကျနော်ကိုယ်တိုင် ဘယ်လေနဲ့အရှိန်ယူ
ပျံသန်းမှုကို ဘယ်လိုသင်ယူရမှန်းမသိတဲ့နေရာမှာ
စိတ်တွေပျာယာခပ်နေတာကို
အပေါစားဆန်တယ်လို့ထင်ရင်လည်း ပြဿနာမရှိဘူး
လူတိုင်းကိုယ့်အလုပ်နဲ့ကိုယ် မြုပ်ချီပေါ်ချီလှုပ်ချီလှော်ချီပါပဲ….

အလုပ်ဆိုလို့ပြောရဦးမယ်
တချို့က အလုပ်ရှာတဲ့အလုပ်ကို အလုပ်တခုအဖြစ်လုပ်နေရတယ်
ဘယ်လိုတီထွင်မှုတွေအပေါ်များ ရပ်တည်ကြရဦးမှာလဲ!
ကျပ်ညပ်နေတဲ့ဘတ်စ်ကားလို လူကမ္ဘာကြီးထဲမှာ
လက်လှုပ်ခြေလှုပ်ရုံလောက်နဲ့တော့ အသက်ပြုတ်သွားတာပဲအဖက်တင်မယ်
ဥာဏ်တွေကိုလှုပ်လှုပ်ပြီးသုံးနိုင်တဲ့သူတွေတောင်
အသက်မပြုတ်ရုံတမယ် ချောင်ချောင်လည်လည်မရှိလှပါဘူး
အလိုက်သင့်မောင်ဘဦးကတော့ ရေကူးတတ်တယ်လေ
ငါးမရလို့ရေချိုးပြန်ရုံလေးနဲ့တင် ပင်လယ်ပြင်မှာရေခမ်းသလောက်ဖြစ်နေပြီ…

အခုတော့လည်း
ကိစ္စခပ်များများဟာ ယုံတမ်းစကားတွေကိုဖြစ်လို့
ကိုယ်ပါလို့မပြီးခဲ့တဲ့ ပွဲအားလုံးဟာ
ကိုယ်မပါတော့လည်း ဒီအတိုင်းပဲမဟုတ်လား!
ဒါကြောင့် ရှေးဟောင်းနှောင်းလူတွေကိုလည်း အပြစ်မမြင်ရဲတော့ပါဘူး
ထူးခြားတာတခုကတော့ မထူးခြားတာတခုပါပဲ
မကောင်းဘူးဆိုတာကို မကောင်းမှန်းသိပေမယ့်
မကောင်းတာကို ကောင်းအောင်လုပ်ဖို့အတွက်ကျပြန်တော့
စိတ်ကလွယ်သလောက် လက်တွေကမရောက်ဖြစ်အောင်ခက်နေပြန်ရော
ဘယ်လိုအဟောနဲ့များ ဒီတရားမှာဆက်မြောနေရဦးမယ်မသိပါဘူး….

ဘာလိုလိုနဲ့ အပြင်ဖက်မှာမိုးတောင်တော်တော်ချုပ်နေပြီ
စိတ်တွေကိုကြိုးဖြည် ရွက်လွှင့်ခြင်းတေးသီဖို့
ဟောဒီကဗျာက ဒီမှာမဆုံးသေးဘူး
ဝှုး…………မောတယ်
အပြောလွယ်သလောက် အလုပ်ကျတော့မတွင်ကျယ်ပြန်ဘူး
အပြောကျယ်တဲ့ နေ့တဓူဝတထွာရေးရာကိစ္စ
သမုဒ္ဒရာလိုတီထွင်မှုတွေကစခဲ့တော့တာပါပဲ…………..။