Tuesday, December 4, 2007

”ကြွက်.ခြင်နဲ့.လူတွေအကြောင်း“ကိုခံစားခြင်း

အခုတလောမှာဘလော့ဂါမိတ်ဆွေအတော်များများဟာကောင်းနိုးရာရာသူတို့နှစ်သက်ရာ
သီချင်းလေးတွေကို သူတို့တတွေရဲ့ဘလော့တွေကတဆင့် ကျနော်တို့အားလုံး ခံစားစေနိုင်ဖို့အတွက်မျှဝေပေးနေကြတာကိုတွေ့ရပါတယ်။ ကျနော့်အနေနဲ့လည်း ကျနော်
ငယ်ငယ်ကတည်းက အရမ်းနှစ်သက်ခဲ့တဲ့သီချင်းလေး တပုဒ်ကိုအားလုံးအတွက်ဒီလိုမျှဝေ
ခံစားစေချင်ပါတယ်။ သီချင်းလေးနာမည်ကတော့”ကြွက်.ခြင်နဲ့.လူတွေအကြောင်း“ ဖြစ်ပြီး
တေးရေးဆရာစိုင်းခမ်းလိတ်ရဲ့ တေးသီချင်းကို အဆိုတော်စိုင်းထီးဆိုင်က သီဆိုထားခဲ့တာ
ဖြစ်ပါတယ်။ သီချင်းလေးရဲ့သက်တမ်းကတော့အနှစ်၂၀ကျော်လောက်ရှိပြီထင်ပါတယ်။
ဒီသီချင်းလေးကိုလောလောဆယ်တော့ရှာရဖွေရဖို့အနည်းငယ်အခက်အခဲရှိနေတာကြောင့်
စာသားလေးဘဲမျှဝေလိုက်ပါရစေ။
”ကြွက်.ခြင်နဲ့.လူတွေအကြောင်း“
ကြောင်အိမ်ထဲမှာ ကြွက်ထောင်ချောက်နဲ့ ကြွက်ဖမ်းဖို့ရာ ကြံမလို့လား
သြော် ကြွက်ထက်မင်းပစည်းတွေ ခိုးယူနေတဲ့သူကိုတောင် ဘာမှမလုပ်နိုင်မှတော့
ကြွက်ကိုချမ်းသာပေးသင့်ပါတယ်………
ခြင်ထောင်ထဲမှာ ဖယောင်းတိုင်မီးနဲ့ ခြင်ထွန်းဖို့ရာ ကြံမလို့လား
သြော် ခြင်ထက်မင်းအသွေးအသားတွေ စုပ်ယူနေတဲ့သူကိုတောင် ဘာမှမလုပ်နိုင်မှတော့
ခြင်ကိုဘေးမဲ့ပေးသင့်ပါတယ်………..
မင်းရဲ့ပျိုမြစ်ခြင်းကိုတနေ့တခြားတိုက်စားသွားတဲ့အချိန်ကို မင်းတားမြစ်နိုင်မလား တားမြစ်နိုင်မလား……
မင်းရဲ့အသက်ရှင်မှုကို နေ့စဉ်နေ့တိုင်းခြိမ်းခြောက်နေတဲ့သေမင်းကို မင်းအလွတ်ရုန်းနိုင်မလား
အလွတ်ရုန်းနိုင်မလား……
အိုချိန်တန်အို နာချိန်တန်နာ သေချိန်တန် သေကြရမယ့်သူချည်းပါ
သြော် ဒါငါ့ပစည်းဘဲလို့ သေရင်ယူသွားနိုင်ပါ့မလား
သြော် ဒါငါ့အသွေးအသားဘဲလို့ သေရင်တောင်အစိုးမရနိုင်ဘူး…….
ဒီသီချင်းလေးဟာ သိပ်ကိုရသမြောက်ပြီး ကျနေုာ်တို့လူသားတွေအားလုံး မမေ့သင်တဲ့တရားသဘောလေးကို တေးရေးဆရာကပိုင်ပိုင်နိုင်နိုင်ရေးစပ်ခဲ့ပြီး
တေးသံရှင်ကလည်းပိုင်ပိုင်နိုင်နိုင်သီဆိုခဲ့တဲ့သီချင်းလေးဘဲဖြစ်ပါတယ်။
ကျနော့်အနေနဲ့ကတော့သီချင်းလေးထဲကစာသားတွေကိုလေးလေးနက်နက်စဉ်းစားရင်းနဲ့
နေ့တနေ့ရဲ့အဆုံးသတ်ညတာကိုခက်ခက်ခဲခဲကျော်ဖြတ်ရဦးမှာပေါ့လေ..
ကျနော့်ရဲ့မိတ်ဆွေ ခင်ဗျားတို့တတွေလည်း ကျနော့်လိုဘဲခံစားနားလည်နိုင်ကြလိမ့်မယ်လို့
ကျနော့်အနေနဲ့မျှော်လင့်ယုံကြည်မိပါတယ်လေ….
လူဖြစ်ပြီး လူလိုအသိစိတ်မရှိတဲ့ခွာသေးသေးခွေးသာသာရှိတဲ့ နဝတစစ်အစိုးရခေါင်းဆောင်တွေအနေနဲ့ကတော့ ဒီလိုရသပြည့်စုံတဲ့သီချင်းမျိုးကိုနားလည်ခံစားနိုင်မှာမဟုတ်ပါဘူး။
နားထောင်ပြီးတော့သံဝေဂရနိုင်စရာအကြောင်းလည်းမမြင်ပါဘူး။ သူတို့အတွက်အထိုက်တန်ဆုံးတခုကတော့ ယမမင်းရဲ့သေဒဏ်ကလွဲပြီး ဘာမျှမရှိနိုင်ပါဘူးလို့ဘဲ ကျနော့်အနေနဲ့ယူဆမိပါတော့တယ်……။
ဆောင်းယွန်းလ

No comments: