Thursday, December 6, 2007

“အကောင်းမြတ်ဆုံးအလံတွေ….လွှင့်ထူဖို့“
ခွေးဟောင်သံတွေညံနေဆဲ
ပထဝီမြေကြီးရဲ့ ခေါင်မိုးနဲ့ကြမ်းပြင်တွေထဲမှာ
သားသတ်သမားဝတ်စုံကို ခုံခုံမင်မင်ဝတ်လို့
အတုန့်အလှည့်တရားကိုမေ့နေလိုက်ကြပုံများ
သဘာဝတရားမသိ
ရှေ့ မကြည့်နောက်မကြည့်
ဖြုတ်အသိနဲ့
သန်းပေါင်းများစွာသောဘဝတွေကို ချောက်ထဲတွန်းချနေကြ။
ဘူချင်ဝေါအကျဉ်းစခန်းထက်ဆိုးဝါးတဲ့
ဗမာပြည်ရဲ့အကျဉ်းထောင်အနှံ့မှာ
အမှန်တရားတွေခြေကျင်းကျခံနေရ
ဖောင်တိန်ကိုင်တဲ့လက်တွေ
စာအုပ်ကိုင်တဲ့လက်တွေ သပိတ်ပိုက်တဲ့လက်တွေ
အမှန်တရားရေးခြစ်မိတဲ့လက်တွေ လက်ထိပ်ခတ်ခံနေကြရ။
အမှန်တရားကိုအသက်ထက်ပိုပြီးတန်ဖိုးထားတတ်တဲ့
ရဲဘော်ရဲဘက်အားလုံး
နာနာကျင်ကျင်အသံတွေကို
အမြဲနားထောင်နေကြ
အက်ကွဲကွဲခေါင်းလောင်းသံတွေကိုံ
ရင်ဘတ်နဲ့နာခံကြ။
ခင်ဗျားတို့ ကျုပ်တို့အားလုံး
ဘဝရဲ့ ပေါင်းနုတ်မြှောက်စားတွေကို
မေ့ထားလို့မရဘူး
ဥခွံကျဉ်းထဲကနှာခေါင်း
ဈေးကောင်းမရနိုင်ဘူး
အဟောင်းအမြင်းကိုစွန့်
ကောင်းမြတ်ခြင်းအလံထူဖို့
ဘာမဆိုတိုက်ယူရမယ်။
မမေ့ကြနဲ့
တန်ဖိုးအနဂ္ဂသွေးမြေခတဲ့နေ့တွေ
ဒိုင်ယာရီဟောင်းစာမျက်နှာမှာစေးထန်းနေတုန်း
စတေးရဲသူတွေရဲ့ဝိဥာဉ်တွေ
ကျုပ်တို့စာမျက်နှာတွေကို
မကျွတ်လွတ်သေးတဲ့ဘဝတွေကနေဖတ်ရှုနေကြတုန်း။
အကောင်းမြတ်ဆုံးအလံတွေ
အမြင့်မားဆုံးမှာနေရာယူဖို့
တော်လှန်ရေးတေးတွေကို နာနာကျင်ကျင်ရွတ်ဆိုကြ
ဘဝမမေ့ကြနဲ့
ရင်ဘတ်ရဲ့အနာကိုဦးနှောက်နဲ့ကုစားကြ
ဦးနှောက်ရဲ့အနာကိုရင်ဘတ်နဲ့နာခံကြ
ရင်ဘတ်နဲ့ဦးနှောက်ရဲ့အနာကို
ခေတ်အဆက်ဆက်ပေးဆပ်ခဲ့တဲ့သွေးတွေနဲ့ဆေးကြောကြ။
ဆောင်းယွန်းလ

5 comments:

Chaos said...

ရင်ဘတ်ထဲက
ဆွဲထုတ်ထားတဲ့
ကဗျာမှာ
ရင်ဘတ်ထဲက
နှလုံးသားရဲ့
သွေးအစွန်းအစတွေကို
ခံစားနေမိတယ်
အစ်ကိုရေ.........

Kaung Kin Ko said...

ကဗျာကောင်းတယ် ကိုဆောင်းရေ။ ကြိုက်လွန်းလို့ နှစ်ခေါက်ဖတ်သွားတယ်။

“ခွေးဟောင်သံတွေညံနေဆဲ
ပထဝီမြေကြီးရဲ့ ခေါင်မိုးနဲ့ကြမ်းပြင်တွေထဲမှာ
သားသတ်သမားဝတ်စုံကို ခုံခုံမင်မင်ဝတ်လို့
အတုန့်အလှည့်တရားကိုမေ့နေလိုက်ကြပုံများ
သဘာဝတရားမသိ
ရှေ့ မကြည့်နောက်မကြည့်
ဖြုတ်အသိနဲ့
သန်းပေါင်းများစွာသောဘဝတွေကို ချောက်ထဲတွန်းချနေကြ။

အရမ်းထိမိတဲ့ နိမိတ်ပုံတွေပဲဗျာ။

MCT said...

ရင်ဘတ်ရဲ့အနာကိုဦးနှောက်နဲ့ကုစားကြ
ဦးနှောက်ရဲ့အနာကိုရင်ဘတ်နဲ့နာခံကြ
ရင်ဘတ်နဲ့ဦးနှောက်ရဲ့အနာကို
ခေတ်အဆက်ဆက်ပေးဆပ်ခဲ့တဲ့သွေးတွေနဲ့ဆေးကြောကြ။

အဲဒီအပိုဒ်လေး အရမ်းကြိုက်တယ်။
ကျေးဇူး အကို။
ကဗျာလေးအတွက်။

Nyein Chan Aung said...

ကြိုက်တယ်ဗျာ...။ တပုဒ်လုံးကိုကြိုက်တယ်..။

Mintasay said...

ကဗျာလေး ကောင်းတယ် အကို