Sunday, December 16, 2007

”တိုက်ပွဲထဲကထပ်ဆင့်တိုက်ပွဲခေါ်သံ”
သွားနှင့်သူတို့ရဲ့ စေးထန်းထန်း သွေးလမ်းတွေထက်မှာ
ခြေရာ၊ ဖိနပ်ပျက၊် လွယ်အိတ်ဟောင်းတလုံး
ပြီးတော့လူလုံးမလှတော့တဲ့ ကျန်ရစ်သူမိသားစု
ပြုစုသူမဲ့နေတဲ့ လသားအရွယ်လူမမယ်
အပြစ်မဲ့ ထောင်တွင်းအကျဉ်းသား
ကွဲရှသွားခဲ့ကြတဲ့နှလုံးအိမ်များစွာ
ကြိမ်ဖန်များစွာလဲပြိုကျသွားတဲ့ မိဘတွေရဲ့အိပ်မက်တောင်
အမှောင်ဖုံးသွားတဲ့ သားမယားတွေရဲ့မနက်နဲ့ညနေ
မျက်ရည်စတွေတွဲခိုနေတဲ့ ချစ်သူတို့ရဲ့ဆွေးမြေ့မျက်ဝန်း
လစ်လပ်သွားတဲ့ကျောင်းခေါ်ချိန်စာရင်းထဲကနာမည်တချို့
ဆွမ်းခံကြွကိုရင်နဲ့ဘုန်းကြီးမရှိတော့တဲ့နံနက်ခင်း
ကုလားတက်ခေါက်သံဆွံ့အသွားတဲ့အရုဏ်တက်
ကျေးလက်၊မြို့ပြ အားလုံးမှောင်အတိကျသွားခဲ့။
ဒါတွေအားလုံးရဲ့တရားခံဟာ
အနှစ်၄၀ကျော်ကြာမာန်တက်နေခဲ့
အာဏာနဲ့လုပ်ပိုင်ခွင့်ရဲ့ဖြားယောင်းမှုပေါ်မှာအနေကြာရင်း
ကိုယ့်အမျိုးကိုယ်ပြန်သတ်
အဇာတသတ်ထက်မိုက်ရိုင်းကမ်းကုန်
ဒီလိုပုံ၊ ဒီလိုလူမျိုးတွေအတွက်
မနက်ဖြန်နံနက်နေထွက်စေသင့်သလား
စဉ်းစား
စေးထန်းထန်းသွေးလမ်းတွေပေါ်ကဘဝတွေနဲ့ယှဉ်ပြီး
မငြီးနဲ့
ရှေ့ဆက်တိုက်ပွဲဝင်
အာဏာရှင်တွေ နေဝင်သည်အထိ။
အရှက်မဲ့သူတို့ရဲ့အာဏာနဲ့ခင်းတဲ့လမ်း
ယောင်လို့တောင်မလှမ်းမိစေကြနဲ့
ယမ်းနံ့မပြယ်သေးတဲ့စေးထန်းထန်းသွေးလမ်းတွေမှာ
ငါတို့အတွက်တင်ကျန်နေတဲ့ကြွေး
ငါတို့ကိုယ်တိုင်သွေးနဲ့ရေးသင့်ရင်ရေးရမယ်။
ဆောင်းယွန်းလ



1 comment:

Kaung Kin Ko said...

ကဗျာလေးကောင်းတယ်ဗျာ။ ခေါင်းစဉ်ပေးထားတာလည်းလှတယ်။