Friday, January 25, 2008


”သူမလို.သတ္တိမျိုး”
စုစုနွေးရေ.
ချစ်သူပေးတဲ့ပန်းတပွင့်ကိုင်ထားတဲ့လက်တွေထက်
မင်းရဲ့ဝမ်းနည်းပန်းခြင်းလေးကိုင်ထားတဲ့လက်က
ပိုလို့တန်ဘိုးရှိ..
မင်းကို.ငါလေးစားမိတယ်..

စုစုနွေးးရေ..
သိပ်ပြီးကြီးမြတ်လှပါတယ်လို့ခံယူထားတဲ့
အတ္တအရေခွံခြုံ.ဂုဏ်သရေရှိလူကြီးမင်းတွေထက် ..
မကုန်ခမ်းနိုင်တဲ့ပညာတွေသင်ရင်း
ပညာတတ်စာရင်းပြုစုခံချင်သူတွေထက် ..
မင်းရဲ့အသွားထက်နှုတ်ဖျားဓားတလက်ပေါ်က
ပွင့်အန်ထွက်ကျလာတဲ့စကား
ပိုလို့တန်ဘိုးထား
မင်းကို.ငါ.လေးစားမိတယ်..

စုစုနွေးရေ
ဖြစ်တည်မှုနဲ့ပြောင်းလဲမှုတွေထဲ
ဖာသိဖာသာနေကြကြေးဆို
မင်းကို.ငါတို့ဘယ်တွေ့ကြပါ့မလဲ
အဲဒီလို.သေမင်းပြူတင်းနဲ့နီးတဲ့လမ်းမပေါ်မှာ
ထောင်စော်နံနေတဲ့ လမ်းမပေါ်မှာ
လူအများစုက.ကိုယ့်အတ္တအတွက်တက်သုတ်နှင်နေတဲ့လမ်းပေါ်မှာ
ကုန်ဈေးနှုန်းကျဆင်းရေး
လူ့အခွင့်အရေးကြေငြာစာတန်းကိုရဲရဲဝံ့ဝံ့ဟစ်ကြွေးရင်း
ဒီမိုကရေစီမြှားတစင်းကိုပစ်ခွင်းခဲ့တဲ့ မင်းရဲ့စိတ်ဓာတ်
ကြီးမြတ်မှန်း.ငါ.သိတယ်..

စုစုနွေးရေ..
မင်းနဲ့.မင်းလိုကြီးမြတ်တဲ့စိတ်ထားပိုင်ရှင်တွေအတွက်
အာဏာပါးကွပ်သားတွေက
မင်းနဲ့ မင်းတို့ရဲ့ ခန္ဓာကိုယ်ကိုထောင်သွင်းအကျဉ်းချထားပေမယ့်
မင်းတို့ရဲ့ ရဲရင့်မြင့်မြတ်တဲ့စိတ်ဓာတ်
အမြဲလွတ်လပ်နေတယ်ဆိုတာ
ငါတို့ကိုယ်တိုင်ခံစားသိ တွေးကြည့်လို့ရတယ်..

စုစုနွေးရေ
သမိုင်းဆိုတာ..
အောင်နိုင်သူတို့ရဲ့မှတ်တမ်းဆိုတဲ့စကားထက်
အမှန်တရားတွက် ရဲရင့်စွာပေးဆပ်သူတို့ရဲ့မှတ်တမ်းဆိုတာ
ကမ္ဘာသူကမ္ဘာသား ခပ်များများကသိလာတဲ့တနေ့ကျရင်
ကမ္ဘာ့သမိုင်းရင်ပြင်တခုမှာ
မင်းအကြောင်းအရာတခုအခိုင်အမာရှိလာမှာသေချာတယ်..

အဲဒီနေ့အတွက်..
ငါတို့..ထိုင်နေလို့မဖြစ်ဘူး
မှိုင်နေလို့မဖြစ်ဘူး
ငါတို့..နာရီမလပ်ကူးခတ်ရမယ်
တလွဲကောင်းနေကြတဲ့ သတ္တိတွေကိုရုတ်သိမ်း
တဦးနဲ့တဦး ထိန်းထိန်းသိမ်းသိမ်းဆက်ဆံကြရင်း
စုစုနွေးလိုမိန်းခလေးတယောက်ရဲ့သတ္တိမျိုးခင်းကျင်းကြရမယ်..

တကယ်တော့ဒီကဗျာလေးကို မြန်မာ့ဒီမိုကရေစီအရေးအတွက် အမှန်တကယ်အသက်စွန့် ဘဝတွေပေးဆပ်ပြီးတိုက်ပွဲဝင်နေကြသူအားလုံးအတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ရေးဖွဲ့ခဲ့တာပါ။
အခုတလောမှာ.မြန်မာဘလော့တော်တော်များများရဲ့ စီဘောက်တွေထဲမှာ အရေမရအဖတ်မရ
ပဲတယောက်နဲ့တယောက်ပုဂ္ဂိုလ်ရေးတွေတိုက်ခိုက်နေကြတာမကြာခဏတွေ့နေရပါတယ်။ များသောအားဖြင့်တော့လွတ်လပ်စွာကွဲလွဲကြခြင်းမျိုးမဟုတ်ကြပဲ ခုတ်ရာတခြားရှရာတလွဲတွေ
ဖြစ်နေကြတာဖြစ်တယ်လို့ပဲ ကျနော့်အနေနဲ့လွတ်လပ်စွာယူဆမိတဲ့အတွက် ဒီကဗျာလေးကိုရေးဖွဲ့ခဲ့တာဖြစ်ပါတယ်။ နားလည်ခံစားနိုင်ကြပါစေလို့ မျှော်လင့်ဆုတောင်းရင်း…
ဆောင်းယွန်းလ







3 comments:

Chaos said...

အစ်ကို့ကဗျာလေးလာဖတ်သွားတယ်
လေးစားထိုက်သူကို
လေးစားရမယ်
ရိုသေထိုက်သူကိုရိုသေရမယ်
မစုစုနွေးဆိုတာ
နောင်တစ်ချိန်ကျရင် သမိုင်းစာမျက်နှာမှာ
မော်ကွန်းတင်ကျန်ရစ်ဦးမှာပါ

Kaung Kin Ko said...

အဲဒီနေ့အတွက်..
ငါတို့..ထိုင်နေလို့မဖြစ်ဘူး
မှိုင်နေလို့မဖြစ်ဘူး
ငါတို့..နာရီမလပ်ကူးခတ်ရမယ်
တလွဲကောင်းနေကြတဲ့ သတ္တိတွေကိုရုတ်သိမ်း
တဦးနဲ့တဦး ထိန်းထိန်းသိမ်းသိမ်းဆက်ဆံကြရင်း
စုစုနွေးလိုမိန်းခလေးတယောက်ရဲ့သတ္တိမျိုးခင်းကျင်းကြရမယ်..

ကဗျာလေးခံစားသွားတယ်အစ်ကို ။ အနှစ်သာရ ရှိလိုက်တာဗျာ။

Nyein Chan Aung said...

စုစုနွေးရေ.
ချစ်သူပေးတဲ့ပန်းတပွင့်ကိုင်ထားတဲ့လက်တွေထက်
မင်းရဲ့ဝမ်းနည်းပန်းခြင်းလေးကိုင်ထားတဲ့လက်က
ပိုလို့တန်ဘိုးရှိ..
မင်းကို.ငါလေးစားမိတယ်..

စုစုနွေးးရေ..
သိပ်ပြီးကြီးမြတ်လှပါတယ်လို့ခံယူထားတဲ့
အတ္တအရေခွံခြုံ.ဂုဏ်သရေရှိလူကြီးမင်းတွေထက် ..
မကုန်ခမ်းနိုင်တဲ့ပညာတွေသင်ရင်း
ပညာတတ်စာရင်းပြုစုခံချင်သူတွေထက် ..
မင်းရဲ့အသွားထက်နှုတ်ဖျားဓားတလက်ပေါ်က
ပွင့်အန်ထွက်ကျလာတဲ့စကား
ပိုလို့တန်ဘိုးထား
မင်းကို.ငါ.လေးစားမိတယ်..

ကဗျာကောင်းတယ်ဗျာ။ အထက်က နှစ်ပိုဒ်ကိုတော့ အကြိုက်ဆုံးပဲ။