Tuesday, January 29, 2008

ဝေးခဲ့ရတဲ့ ရွှေပြည်တော်
၁၉၉၄ခုနှစ်များကာလဆီက ကျနော့်ရဲ့ကိုယ်တွေ့ခရီးသွားအတွေ့အကြုံလေးတခုကို ကဗျာတပုဒ်အဖြစ် ရေးဖွဲ့ထားတာပါ။
ကျောင်းသားတပ်မတော်ရဲ့နယ်မြေဒေသတခုမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလ
တွေကိုအမှတ်တရအဖြစ်နဲ့ရေးဖွဲ့ထားခြင်းဆိုရင်လည်း မမှားပါဘူး။ တချို့လူတွေအတွက်စာ
မဖွဲ့လောက်ပေမယ့် ကျနော်တို့ဘဝမှာ ဒီလောက်ခက်ခဲကြမ်းတမ်းပြီး ပင်ပန်းတဲ့ခရီးမျိုးတခါမျှ မသွားခဲ့ဖူးတဲ့အတွက် အခုလိုကဗျာတပုဒ်အဖြစ်ဖန်တီးမျှဝေလိုက်ခြင်းဖြစ်ပါတယ်။ ဒီခရီးကိုအတူတူသွားခဲ့ကြတဲ့ ရဲဘော်တချို့က ရန်သူစစ်အုပ်စုနဲ့တိုက်ရင်းကျဆုံးခဲ့ကြရသလို တချို့ကတော့ယနေ့တိုင်ဆက်လက်တိုက်ပွဲဝင်လျက်ရှိနေကြပါသေးတယ်။ တချို့ကတော့တတိယနိုင်ငံအသီးသီးမှာရောက်ရှိနေကြပြီးနှစ်အတော်ကြာပြတ်တောက်ခဲ့ကြရတဲ့ပညာရေးဘက်ကိုပြန်ပြီးခြေဦးလှည့်နေကြရပါတယ်။ ဒီအထဲမှာကျနော်လည်းတယောက်အပါအဝင်ဖြစ်ပါတယ်။ မလိမ်မညာတမ်းဝန်ခံရရင် ကျနော်တို့လို ရှေ့တန်းမှာအကြာကြီးနေပြီး ရန်သူစစ်အုပ်စုနဲ့ရင်ဆိုင်တိုက်ပွဲဝင်နေခဲ့ကြတဲ့ ကျောင်းသားရဲဘော်တွေဟာ ပညာကိုလိုလိုလားလားနဲ့နှစ်ပေါင်းများစွာငတ်ခဲ့ကြရတာပါ.
အခြေအနေ အကြောင်းတစုံတရာစီကြောင့်ကျနော်တို့ဟာတတိယနိုင်ငံတခုစီမှာခြေချခဲ့ရပေမယ့်
အတိတ် ကာလနဲ့ ရဲဘော်ရဲဘက်တွေကို ဘယ်တော့မှမေ့မရနိုင်ဘူးဆိုတာကို ကျနော်တို့ကိုယ်တိုင်သာအသိဆုံးဖြစ်ပါတယ်။
ကျနော်တို့ဟာ တယောက်တနေရာစီဝေးကွာရင်း နယ်မြေသစ်ကိုယ်စီမှာရုန်းကန်နေကြရပေ
မယ့် မမေ့နိုင်တဲ့အတိတ်ကိုယ်စီကိုဖြင့် သံယောဇဉ်လွန်းတင်ဖွဲ့ရင်း …

ကိုးညနဲ့တမနက်လမ်းလျှောက်ထွက်ခဲ့တယ်
လူသူရယ်လို့ ငါတို့တဖွဲ့ကလွဲလို့ဘယ်သူမျှမရှိ
ကြည့်လို့လှတဲ့ ပန်းချီကားတွေပေါ်ကတောင်တန်း
တကယ်တမ်းကျတော့ကြမ်းတယ် …

လမ်းရယ်လို့ခုတ်ထွင်ထားတာမရှိ
မှောင်အတိပြီးတဲ့ ဒီတောဒီတောင်မှာ
ဓားတယောက်တလက်စီနဲ့လမ်းထွင်ရင်း
ချွေးပြင်းပြင်းကျ
ပခုံးပေါ်ကကျောပိုးအိတ်လွှတ်ချချင်လောက်အောင်
ကျောသိုင်းထားတဲ့မောင်းပြန်ကိုလွှင့်ပစ်ချချင်လောက်တဲ့အထိ….

အဲဒီခရီးက
တောင်တွေနဲ့အတိပြီးတယ်..
လမ်းမှာ ကျားခြေရာတွေ့
မျောက်အူသံတွေကတော့ တောဓလေ့အတိုင်းညံ
သစ်ရွက်နဲ့လေတိုးသံကလည်းကြမ်းပါ့
သစ်ပင်ကြီးတွေမှာ ပုခက်ချည်အိပ်ခဲ့ရညတွေ…

မြေပြန့်ကိုရောက်ပြီအထင်နဲ့ ခပ်ပြေပြေအဆင်းတွေ့တိုင်း
ရှေ့မှာနောက်ထပ်တလုံးကကြိုဆို
တောင်ဆိုရင်မုန်းလှပါပြီဆိုတဲ့အသိ
ငါတို့ကိုယ်စီရဲ့စိတ်ထဲမှာကိန်းဝပ်ခဲ့ကြ
၉၄ ရဲ့ကာလများထဲမှာ…

ဆာလောင်မွတ်သိပ်တဲ့စိတ်က
မျောက်တွေကို ငါတို့ရဲ့ဟင်းစားဖြစ်စေခဲ့
မုဆိုးမရှိတဲ့ အဲဒီတောတောင်မှာ
အနေကြာခဲ့တဲ့မျောက်တွေတောင် သားကောင်ဖြစ်သွားခဲ့ရ…

ဒီလိုနဲ့ နေ့တွေကိုကျော်တက်
ညတွေကိုကူးဖြတ်
၁၀ ရက်မြောက်တဲ့နေ့မှာ.ငါတို့ဟာစခန်းသစ်တခုကိုဖောက်
လက်လုပ်တဲတွေကိုဆောက်လုပ်တယ်…

နေရယ်လို့ နေ့မှာတောင်နေပြောက်မထိုးတဲ့
သစ်ကြီးဝါးရိပ်တွေရဲ့အောက်မှာ
နေ့မှာအစာရှာရင်း..
ညမှာတော်လှန်တေးတွေကို ဂီတာတလက်နဲ့ညဉ်းဆို
ထင်းမီးဖိုလှုံရင်း ရေဒီယိုသတင်းနားထောင်
တခါတရံ ရဲဘော်တယောက်နဲ့တယောက်ပြောင်လှောင်ကြ
ပြန်မရနိုင်တော့တဲ့
ငါတို့ရဲ့ ၉၄ ရွှေပြည်တော်ညများ….

အဲဒီတောမှာ
ငါတို့ဟာ သုံးလကျော်ကြာခဲ့
မြေပြန့်နဲ့ဝေးကွာရင်း
ငှက်ဖျားနဲ့စောင်ခြုံရင်း
အမေ့ရင်ငွေ့လှုံဖို့ဝေးကွာခြင်း ခြောက်နှစ်တင်းတင်းကြာသောကာလ
ရွှေပြည်တော်ညဟာ အထီးကျန်ခဲ့လှပေါ့..

နေ့မှာတောင်မီးပုံထားခဲ့ရတဲ့ရွှေပြည်တော်
အအေးကြိုက်လှပါချည်ရဲ့ဆိုသူတောင်ပျော်နိုင်မှာမဟုတ်
အဲဒီမှာ.ငါတို့တအုပ် ကျောက်ပြိန်းကိုဝမ်းစာလုပ်ရင်း
အသားဓာတ်ရဖို့. တောမုဆိုးလုပ်ရင်း
နှစ်ရှည်စီမံကိန်း စခန်းတခုကိုဆောက်
တောတွေကိုလမ်းဖောက် သစ်ပင်တွေကိုခုတ်ထွင်
တောင်ယာအသွင်ပြောင်းရင်း ပျိုးပင်တွေစိုက်
ရွှေပြည်တော်နေ့ညတွေမှာ အိပ်မငိုက်အားခဲ့ကြ…

သြော်..အခုတော့
တို့တတွေ တယောက်တမြေဆီဝေးကွာ
ကဗျာတပုဒ်နဲ့ ရွှေပြည်တော်တမ်းချင်းဖွဲ့
င့ါရဲ့ညတွေကအနောက်ဆိုရင်
တချို့နေ့တွေကအရှေ့
ရွှေပြည်တော်မှာတော့ နေပြောက်မထိုးသေး
အေးမြဲ အေးဆဲ
ငါတို့တတွေကလည်း
ဝေးဆဲ ဝေးမြဲ
ဒါပေမယ့်
အေးခဲမသွားတဲ့ သံယောဇဉ်တွေနဲ့အတူ…..။
ဒီကဗျာလေးကို ဇန်နဝါရီလရဲ့နောက်ဆုံးပို့စ်အဖြစ်တင်လိုက်ခြင်းဖြစ်ပါတယ်။ မျှဝေခံစားနိုင်ကြပါစေလို့ဆုတောင်းရင်း…….
ဆောင်းယွန်းလ

7 comments:

Nyein Chan Aung said...

သြော်..အခုတော့
တို့တတွေ တယောက်တမြေဆီဝေးကွာ
ကဗျာတပုဒ်နဲ့ ရွှေပြည်တော်တမ်းချင်းဖွဲ့
င့ါရဲ့ညတွေကအနောက်ဆိုရင်
တချို့နေ့တွေကအရှေ့
ရွှေပြည်တော်မှာတော့ နေပြောက်မထိုးသေး
အေးမြဲ အေးဆဲ
ငါတို့တတွေကလည်း
ဝေးဆဲ ဝေးမြဲ
ဒါပေမယ့်
အေးခဲမသွားတဲ့ သံယောဇဉ်တွေနဲ့အတူ…..။

ဝေးခဲ့ရတဲ့ ရွှေမြို့တော်နဲ့ အမြန်ဆုံး နီးကြရဖို့ မျှော်လင့်ပါတယ်ဗျာ။ ကဗျာဆရာရဲ့ ရင်ဘတ်ထဲကို လှမ်းကြည့်လို့ မြင်နိုင်ပါတယ်။

Kaung Kin Ko said...

ကဗျာလေးခံစားသွားတယ် အစ်ကို။ စွန့် လွှတ်စွန့် စားသူတို့ ရဲ့ အကြောင်း ဖွဲ့ ထားတဲ့ ကဗျာဟာ လှနေတယ်ဗျာ။

Yaw Han Aung said...

သံယောဇဉ်တွေ တွေ့ရပါတယ်ခင်ဗျာ။

Unknown said...
This comment has been removed by the author.
Unknown said...

ကျနော်တို့ဟာ တယောက်တနေရာစီဝေးကွာရင်း နယ်မြေသစ်ကိုယ်စီမှာရုန်းကန်နေကြရပေ
မယ့် မမေ့နိုင်တဲ့အတိတ်ကိုယ်စီကိုဖြင့် သံယောဇဉ်လွန်းတင်ဖွဲ့ရင်း …

ကဗျာလေးက ရင်နဲ့ရင်းထားမှန်း သိသာပါတယ်...
တနေ့တော့ ရွှေပြည်တော်ကြီးဟာ သာယာလာမှာပါ...။

အားလုံးအဆင်ပြေပါစေဗျာ..။

ပြည့်စုံ

Smilemay said...

အေးခဲမသွားတဲ့ သံယောဇဉ်တွေနဲ့အတူ….

သံယောဇန်ဆိုတာ အနေဝေးပေမဲ့ အေးခဲ သွားတတ်တဲ့ အရာမဟုတ်ဘူး။

Anonymous said...

ဆရာ ရေ လာ ဖတ် သွား ပါ တယ်..
www.myanmarpoliticalwatchdog.blogspot.com