Friday, February 1, 2008


ရေစီးသန်သူတို့ရဲ့မြစ်ကျဉ်း

နာရီလက်တံတွေက ခါချလိုက်လို့
ထွက်ကျလာတဲ့နေ့တွေမှာတောင်
ပန်းချီဆရာရဲ့စုတ်တံကဆေးတစက်
တားမြစ်ပိတ်ပင်ချက်တွေကြောင့်
မည်းနက်တယ်…

ရေငွေ့ပြန်ရင်း ဆန်တက်လို့
ပျို့အန်ကျလာတဲ့ မိုးစက်တွေမှာတောင်
ကဗျာဆရာရဲ့ နှလုံးသားအက်ဆစ်တခွက်
မလွတ်လပ်မှုတွေကြောင့်
မည်းနက်တယ်….

တိမ်တိုက်တွေမောလို့ အိပ်စက်
လမင်းရေသောက်ဆင်းတဲ့ညဘက်တွေမှာတောင်
သီချင်းသည်ရဲ့ ဂီတာတလုံး
အမှန်တရားကိုပုန်းလျှိုးခံထားရရင်း
မှောင်ခြင်းအတိဖုံးတယ်…

ကံကြမ္မာဓားတလက်နဲ့ အပိုင်းပိုင်းခွဲဖြတ်လို့
တစက်စက်တဖျပ်ဖျပ်ကျလာတဲ့နှင်းစက်တွေတောင်
ပဉ္စလက်ဆရာရဲ့ ကကြိုးပြကွက်တွေမှာ
မည်းပြာသွားတယ်…

ပြန်မလာနိုင်သေးသူတွေရဲ့
ပဟေဠိဝှက်ပွဲမှာ
ဒိုင်ယာရီစာမျက်နှာတွေအဖတ်လိုက်ကွာကျ
ဝမ်းနည်းခြင်းတွေတလဟောစီးဆင်း….

ဒီအချိန်ဆို
ရေစီးသန်တဲ့မြစ်ကျဉ်းလေးတခုဟာ
မိုးခေါ်တေးတပုဒ်ကိုငြီးဆိုရင်း
သားချော့ကဗျာတပုဒ်ကိုရွတ်ရင်း
သရုပ်မှန်ပန်းချီကားတချပ်ရေးဆွဲရင်း
ပြိုးပြိုးပြက်ပြက်ရွာသွန်းတယ်
ပစ်စလက်ခက်မိုးမချုန်းဘဲ
တအုံးအုံးရွာသွန်းတယ်
သည်းသည်းမည်းမည်းရွာသွန်းတယ်
သိက္ခာမဲ့ပိုက်ကွန်တွေအပိုင်းပိုင်းပြတ်သွားအောင်
အမှောင်ကိုအံတုဖို့ လျှပ်စီးတဝင်းဝင်းလက်ရင်း….။ ။


ဆောင်းယွန်းလ




4 comments:

Kaung Kin Ko said...

ရေငွေ့ပြန်ရင်း ဆန်တက်လို့
ပျို့အန်ကျလာတဲ့ မိုးစက်တွေမှာတောင်
ကဗျာဆရာရဲ့ နှလုံးသားအက်ဆစ်တခွက်
မလွတ်လပ်မှုတွေကြောင့်
မည်းနက်တယ်….

တိမ်တိုက်တွေမောလို့ အိပ်စက်
လမင်းရေသောက်ဆင်းတဲ့ညဘက်တွေမှာတောင်
သီချင်းသည်ရဲ့ ဂီတာတလုံး
အမှန်တရားကိုပုန်းလျှိုးခံထားရရင်း
မှောင်ခြင်းအတိဖုံးတယ်…

ကဗျာလေး အရမ်းကြိုက်တယ်အစ်ကို။

မေပျို said...

ကိုဆောင်းယွန်းရေ
ကဗျာလေး ဖတ်သွားတယ်နော်။ အရမ်းသဘောကျတယ် အကိုရေ။

ပြန်မလာနိုင်သေးသူတွေရဲ့
ပဟေဠိဝှက်ပွဲမှာ
ဒိုင်ယာရီစာမျက်နှာတွေအဖတ်လိုက်ကွာကျ
ဝမ်းနည်းခြင်းတွေတလဟောစီးဆင်း….

ဒီအချိန်ဆို
ရေစီးသန်တဲ့မြစ်ကျဉ်းလေးတခုဟာ
မိုးခေါ်တေးတပုဒ်ကိုငြီးဆိုရင်း
သားချော့ကဗျာတပုဒ်ကိုရွတ်ရင်း
သရုပ်မှန်ပန်းချီကားတချပ်ရေးဆွဲရင်း
ပြိုးပြိုးပြက်ပြက်ရွာသွန်းတယ်
ပစ်စလက်ခက်မိုးမချုန်းဘဲ
တအုံးအုံးရွာသွန်းတယ်
သည်းသည်းမည်းမည်းရွာသွန်းတယ်
သိက္ခာမဲ့ပိုက်ကွန်တွေအပိုင်းပိုင်းပြတ်သွားအောင်
အမှောင်ကိုအံတုဖို့ လျှပ်စီးတဝင်းဝင်းလက်ရင်း….။ ။

ဒီ၂ပိုဒ်ကိုတော့ အကြိုက်ဆုံးပဲသိလား။

လေးစားစွာဖြင့်
မေပျို

Nyein Chan Aung said...

“ရေစီးသန်သူတို့ရဲ့မြစ်ကျဉ်း” တဲ့လား။ သိမ်မွေ့နက်နဲတဲ့ ကဗျာတစ်ပုဒ်ပါ ကိုဆောင်း။ ခေါင်းစဉ်ကို၌က အတွေးပွားစရာပါပဲ။ ကိုဆောင်းကဗျာအများစုက နိမိတ်ပုံတွေနဲ့ ပုံဖော်တာများတယ်နော်။

Yaw Han Aung said...

ကောင်းတယ်ဗျု့။ စောင့်ရကျိုးနပ်တယ်။