Sunday, March 2, 2008


ကျနော့်ရင်ဘတ်ထဲမှာ”ခု”နေတဲ့ဆောင်း

စိတ်ထဲမှာ”ခု”နေတဲ့ဆောင်း
ကျနော့်ရင်ထဲမှာသိပ်မကောင်းဘူး…

ဆောင်းပီသောတပို့တွဲ
အရိုးကွဲအောင်အေးလှ
နွေမပီသောတပေါင်း
ဆောင်းမကုန်သေးသမို့ အေးဆဲ
အနောက်ကမ္ဘာထဲက
ကျနော်နေသောနှင်းတောမှာ…

ဒီအရပ် ဒီကာလ
ကျနော့်အတွက်ဟန်မကျလှပေဘူး
မနက်မှာငှက်တွေတေးမဆို
ဖြူလွလွနှင်းခဲတွေကိုငိုချ
ညကျပြန်တော့လည်း
အမေ့ကိုလွမ်းစိတ်နဲ့မျက်ရည်ဝဲ
အိမ်မပြန်နိုင်တဲ့အနှစ်၂၀ထဲမှာ….

ဒီနေရာ ဒီဒေသ
ဒါ ကျနော်တို့ရဲ့ တတိယကမ္ဘာ
ခေတ္တနားခိုရာ စခန်း
ဒါပေမယ့်
ဒီနေရာမှာ ကျနော်တို့စိတ်ကူးပန်းမပွင့်
ကျနော်တို့ လွတ်မြောက်ရေးတေးမဆို
ကျနော်တို့ မသေလိုမနေလိုဘူး…

အင်ဒီယာနာရေ
သင့်ဌာနေမှာ ကျနော်မပျော်ပါဘူး
သင်ပေးဝေနိုင်တာက အေးလွန်းတဲ့ဆောင်း
ဟောင်းလွန်းတဲ့ ကွန်ဆာဗေးတစ်တချို့ရဲ့ခွဲခြားမှု
အရင်းရှင်တွေရဲ့ အလုပ်ချိန်ဥသြဆွဲသံ
စည်းချက်မမှန်တဲ့ နိုင်ငံရေးသမားတချို့ရဲ့လှုပ်ရှားမှု
အဲဒါတွေအားလုံးပေါင်းစုပြီး
ကျနော့်ရဲ့ ဟောဒီရင်ဘတ်ကြီးထဲမှာခုတယ်…

ဆောင်းပီသောတပို့တွဲ
အရိုးကွဲအောင်အေးလှ
နွေမပီသောတပေါင်း
ဆောင်းမကုန်သေးသမို့ အေးဆဲ
အနောက်ကမ္ဘာထဲက
ကျနော်နေသောနှင်းခဲအရပ်မှာ….

စိတ်ထဲမှာ”ခု”နေတဲ့ဆောင်း
ကျနော့်ရင်ထဲမှာသိပ်မကောင်းဘူး…
စိတ်လေစရာတွေ ပေါင်းစုပြီး
ကျနော့်ရဲ့ ဟောဒီရင်ဘတ်ကြီးထဲမှာ”ခု”နေတယ်….

8 comments:

Unknown said...

စိတ်ထဲမှာ”ခု”နေတဲ့ဆောင်း
ကျနော့်ရင်ထဲမှာသိပ်မကောင်းဘူး…
စိတ်လေစရာတွေ ပေါင်းစုပြီး
ကျနော့်ရဲ့ ဟောဒီရင်ဘတ်ကြီးထဲမှာ”ခု”နေတယ်….

ကဗျာလေးက ကောင်းတယ်ကိုဆောင်းရေ...
ကိုဆောင်းရင်ထဲ“ခု”နေတာတွေ ပြေလျော့ပါစေဗျာ..

ATN said...

- သီချင်းသည်ချင်းမို့
နားလည်တယ်။
- ခံစားချက်တွေက
ဒေသကာလ ခွဲခြားရင်တောင်
မကွဲပြားတော့ဘူး။
- `ခု`တာတွေ
`စု`မထားနဲ့ ကိုဆောင်း။
- မကောင်းတဲ့ ခေတ်ကြပ်မှာ
စိတ်လေတဲ့ ရင်ဘတ်ကို
လေဖြတ်အောင်
ဟောင်းလောင်းထားလိုက်.....

Yan said...

အကြောင်းအရာအရရော၊ ကာရန်ယူသွားပုံလေးတွေရော သေသပ်လှပတယ်. အင်ဒီယာနာကိုတောင်လွမ်းသွားတယ်ဗျာ.

ကဗျာလေးတွေက ပိုပိုပြီးတော့ ကောင်းလာပါတယ်. အားပေးနေတယ် ကိုဆောင်းရေ.

Nyein Chan Aung said...

အင်ဒီယာနာရေ
သင့်ဌာနေမှာ ကျနော်မပျော်ပါဘူး
သင်ပေးဝေနိုင်တာက အေးလွန်းတဲ့ဆောင်း
ဟောင်းလွန်းတဲ့ ကွန်ဆာဗေးတစ်တချို့ရဲ့ခွဲခြားမှု
အရင်းရှင်တွေရဲ့ အလုပ်ချိန်ဥသြဆွဲသံ
စည်းချက်မမှန်တဲ့ နိုင်ငံရေးသမားတချို့ရဲ့လှုပ်ရှားမှု
အဲဒါတွေအားလုံးပေါင်းစုပြီး
ကျနော့်ရဲ့ ဟောဒီရင်ဘတ်ကြီးထဲမှာခုတယ်…

ကဗျာဆရာရဲ့ ရင်ဘတ်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ မြင်နေရပါတယ်ဗျာ။ ဒီကဗျာရေးဟန်နဲ့ အဖွဲ့ အနွဲ့ကိုတော့ ခိုက်တယ် ကိုဆောင်းရေ။

Pinkgold said...

ရေးလည်း ရေးနိုင်ကြတယ်တော့
ကဗျာရှည်ကြီးတွေ
လေးစားတယ် လေးစားတယ်
တစ်ကယ် လေးစားတယ်

မေပျို said...

အကိုရေ
ကဗျာလေး ဖတ်သွားတယ်နော်။

အင်ဒီယာနာရေ
သင့်ဌာနေမှာ ကျနော်မပျော်ပါဘူး
သင်ပေးဝေနိုင်တာက အေးလွန်းတဲ့ဆောင်း
ဟောင်းလွန်းတဲ့ ကွန်ဆာဗေးတစ်တချို့ရဲ့ခွဲခြားမှု
အရင်းရှင်တွေရဲ့ အလုပ်ချိန်ဥသြဆွဲသံ
စည်းချက်မမှန်တဲ့ နိုင်ငံရေးသမားတချို့ရဲ့လှုပ်ရှားမှု
အဲဒါတွေအားလုံးပေါင်းစုပြီး
ကျနော့်ရဲ့ ဟောဒီရင်ဘတ်ကြီးထဲမှာခုတယ်…

ဒီအပိုဒ်လေး ကောင်းတယ်။ အကို ခံစားနေရတာ နားလည်ပါတယ် အကိုရေ။

လေးစားစွာဖြင့်
မေပျို

Yaw Han Aung said...

ရင်ထဲမှာ ခုနေတဲ့ဆောင်းကို လာဖတ်သွားပါတယ်။ ခုပြီး ပြန်သွားပါတယ်။

စိုးထက် - Soe Htet ! said...

ခုနေတာတွေ အမြန်ပြေပါစေ :)