Thursday, September 25, 2008

တိုက်ယူရမယ့်မျှော်လင့်ချက်
ဒုက္ခဆူးတွေကိုထမ်းပိုးရင်း
အမှောင်ခေတ်တခုအတွင်းမှာ
ကြီးပြင်းလာခဲ့ရသူတွေဟာ
သူတို့ဘဲဖြစ်တယ်..

စိတ်ကူးကမ်းခြေမှာနွံနစ်
အိပ်မက်နယ်မြေမှာကျွန်ဖြစ်ရင်း
ကန္တာရတခုမှာကြီးပြင်းလာရသူတွေဟာလည်း
သူတို့ဘဲဖြစ်လေတယ်…

စိတ်ကူးအိမ်လဲပြို
အိပ်မက်လှေကိုလှိုင်းကြမ်းမြိုလို့
သာယာတဲ့ကမ်းခြေတခုပေါ်မှာ
မှန်ကန်စွာရပ်တည်နေလိုတဲ့အခိုက်
သူတို့ဟာကြိုးပမ်းလိုက်ကြတယ်
ဗလာရင်ဘတ်တွေကိုဖွင့်ရင်း
လက်တွေကိုဆန့်တန်းရင်း….

ဒါပေမယ့်…
ကံကြမ္မာကမျက်နှာသာမပေးတဲ့
သူတို့ကို
ခေတ်ကာလရဲ့လေပြင်းတွေက
ရက်စက်စွာခြုံခိုတိုက်ခိုက်ကြပြန်လေတယ်….

ဘဝရထားကြီးကိုပျော်ပျော်စီးဖို့အတွက်
ခရီးဆက်လက်မှတ်ပါမလာလေတော့
ချော့မော့တောင်းပန်မရတဲ့ရာသီကပ်ဆိုးတွေက
အငြိုးပါဝါတန်ခိုးအာဏာတွေနဲ့
သူတို့ရဲ့မြေကမ္ဘာကိုထိုးနှက်ကြပြန်လေတယ်…

ဒီလိုနဲ့..သူတို့ဟာ
မွန်းကြပ်လှတဲ့ ဘတ်စ်ကားတွေပေါ်မှာ
ဝင်ပြီးရင်နှစ်ပေါင်းများစွာပြန်ထွက်မရနိုင်တဲ့ အခန်းကျဉ်းထဲမှာ
မိုင်းကွင်းနဲ့ဗုံးကျင်းတွေထဲမှာ
ဖြစ်သလိုတည်ခင်းနေရတဲ့ ဘဝဇာတ်ခုံတွေပေါ်မှာ
အိမ်ယာမဲ့တောတောင်တွေပေါ်မှာ
တခါတခါလဲပြိုကျသွားရင်း
တဦးကိုတဦးပြန်လည်ထူမရင်း
တောင်းယူလို့မရနိုင်တဲ့လွတ်မြောက်ခြင်းတခုအတွက်
နေ့စဉ်ရက်ဆက်တိုက်ယူနေကြလေတယ်…

ဒီလိုနဲ့
တဖြေးဖြေး
မဝေးတော့တဲ့တနေ့ဟာ
အမိုက်မှောင်မိစ္ဆာကောင်ကို
စပါးကြီးမြွေတစ်ကောင်လိုဝါးမြိုရင်းက
သူ့ရဲ့အလင်းရောင်နဲ့သိမ်းပိုက်တော့မှာသေချာတယ်
ပြီးတော့..
အဲဒီနေ့ဟာ
သူရဲကောင်းတွေပြဌာန်းတဲ့နေ့ဖြစ်မှာလည်းသေချာတယ်…။

No comments: