Tuesday, November 4, 2008


”ပင်လယ်အသစ်တစင်း”

ဒီကနေ့ ရာသီဥတုက
မြစ်နှစ်စင်းအားပြိုင်မှုကို
အားပေးသမှုပြုနေသယောင်..

အင်ဒီယားနားမှာတောင်
နေရောင်တွေတောက်ပ
အပူချိန်က ၇၀ဒီဂရင်ဖာရင်ဟိုက်
လူတွေသိပ်ကြိုက်တဲ့ ဥတုမျိုး..

ဓာတ်ဆီဆိုင်တွေကိုကြည့်လိုက်
ခေါင်ထိပ်တိုက်နေတဲ့ဆီဈေး
အခုတော့ မြေပြင်မှာရှပ်တိုက်ပြေးနေ..


အဖြူရောင်မြစ်တစင်းနဲ့
အမဲရောင်မြစ်တစင်းဟာ
ပင်လယ်ကြီးတစင်းဖြစ်ဖို့ရာအတွက်
ပြိုင်မြင်းနှစ်ကောင်လို
အပြိုင်းအရိုင်းစီးဆင်းနေကြ…


မြစ်တစင်းစီမှာတော့
ကိုယ်ပိုင်ဂုဏ်ဒြပ်တွေကိုယ်စီနဲ့ပေါ့
တစင်းကနူပျိုလန်းဆန်းပြီး
လူကြိုက်များနေသလို
တစင်းကအတွေ့အကြုံများစွာနဲ့
ကာလများစွာကိုစီးဆင်းခဲ့ဖူးတယ်..


မြစ်ကဖြူသည်ဖြစ်စေ
မြစ်ကမဲသည်ဖြစ်ဖြစ်
လွတ်လပ်စွာမျှတစွာစီးဆင်းပစ်ဖို့က
အရေးအကြီးဆုံး
အရှိန်နှုန်းမြန်စွာနဲ့စီးဆင်းပြီးလို့
ခရီးပေါက်လာတဲ့အခါ
မြစ်တမြစ်ဟာ
အရောင်ပေါင်းစုံကိုကိုယ်စားပြုတဲ့
ပင်လယ်တခုဖြစ်လာဖို့အတွက်
မျှော်လင့်ချက်တွေထားရင်း
နိုဝင်ဘာ၎ရက်နေ့ရဲ့အခင်းအကျင်းကို
ဖြူညိုမဲဝါ သတ္တလူသားအားလုံးဟာ
သူတို့ရဲ့
ရင်နဲ့ရင်းတဲ့ဆန္ဒတွေနဲ့ဖိတ်မန္တကပြုနေကြလေရဲ့…


မိုင်ထောင်ပေါင်းများစွာဝေးကွာလှတဲ့
ကိုယ့်နိုင်ငံငယ်လေးထဲမှာတော့
မြစ်တွေများစွာရှိပါလျက်
လွတ်လပ်စွာစီးဆင်းခွင့်ရမယ့်အချိန်
ပြက္ခဒိန်ရက်စွဲတွေပေါ်မှာ
ပေါ့ပါးစွာနေရာမယူနိုင်သေး…


အဝေးကကိုယ့်နိုင်ငံငယ်လေးထဲမှာ
မုန်တိုင်းရာထောင်ချီစစ်ခင်းပြီး
ဘီလူးဆိုင်းတီးစီးဆင်းနေတာက
သိပ်ကိုမာယာများလှတဲ့တစ္ဆေပင်လယ်ကြီးတစင်းပါ..


လာမယ့်သက္ကရာဇ် အသစ်တခုမှာ
အဲဒီ တစ္ဆေပင်လယ်ကြီးကို
ပျိုရွယ်တဲ့မျိုးဆက် မြစ်အသစ်စက်စက်တွေနဲ့
ရိုက်ခတ်ချိုးချေ တိုးမွှေနှောက်ရင်း
ကြည်လင်တောက်ပတဲ့ ပင်လယ်အသစ်တစင်း
လွတ်လပ် နေရောင်ခြည်အလင်းနဲ့အတူ
ခင်းကျင်းနေရာယူနိုင်ဖို့အတွက်
မာန်မာနအသစ်စက်စက်တွေကိုတည်ဆောက်
မစ္ဆရိယသွေးတွေကို ဖောက်ထုတ်
မှောင်နေတဲ့အတွေးအခေါ်တောအုပ်တွေကိုလှဲဖြို
အလင်းနှစ်မီးအိမ်တွေကိုကြိုဆိုကြ
လက်ဝါးဖြန့်လို့မရမှန်းသိရင်
လက်သီးကျစ်ကျစ်ဆုပ်ကြရမယ်
လက်အုပ်ချီလို့မရမှန်းသိရင်
ပုခတ်လွှဲတဲ့လက်တစုံကတောင်
ကမ္ဘာကိုတုန်ခါလှုပ်နိုင်ကြောင်းပြသနိုင်ကြရမယ်……။

2 comments:

ယောနသံစင်ရော် said...

အကိုရေ….Obama တော့မြစ်တစင်းကနေ
ပင်လယ်သစ်တစင်းဖြစ်သွားပြီ..
ပြောင်းလွဲမှုဆိုတာကို …
တက်လူတွေက မျှော်လင့်ကြတယ်။

Nyein Chan Aung said...

ြ်မစ်အမဲက ပင်လယ်ထဲအထိ ဆက်လက်စီးဆင်းသွားပြီ...