Wednesday, December 3, 2008

အိပ်မက်ထဲကဒီဇင်ဘာနဲ့လက်တွေ့ဒီဇင်ဘာ

စိတ်ရဲ့တံခါးတွေကိုအလုံပိတ်
မျက်စိကိုစုံမှိတ်ရင်း
သက်ပြင်းတွေကိုတိတ်တဆိတ်
လူတွေမသိအောင်ကြိတ်ချလိုက်မိတယ်…

အဲဒီနောက်
တံခါးတွေကိုလုံမလုံပြန်စစ်
စိတ်ကူးတစ်စုံနဲ့မျက်နှာသစ်ရင်း
အတိတ်တွင်းဟောင်းထဲကိုခုန်ချ
စောစောကသက်ပြင်းတွေကို
ခဏတာမေ့ထားဖို့ကြိုးစားကြည့်လိုက်မိတယ်..

ကွယ်.ခက်ခက်ရချည်ရဲ့
မအောင်မြင်ပါဘူး
တကယ်မအောင်မြင်ပါဘူး
စက္ကန့်ပိုင်းလေးမျှပါဘဲ
အခိုက်အတန့်လေးတစ်ခုမျှပါဘဲ
မက်ရခဲတဲ့အိပ်မက်တစ်ခုကို
ရှားရှားပါးပါးမက်ရသလိုပါဘဲ
အိပ်မက်ထဲမှာ ကမ္ဘာဟာလှပ
လူတွေငြိမ်းချမ်းရေးရနေလိုက်ကြတာ…..

နေ့လည်ခင်းအိပ်မက်တံခါးကို
ခပ်တင်းတင်းစေ့ပိတ်ထားတဲ့ကြားထဲက
ပုန်းလျှိုးဝှက်လျှိုး
ခိုးထွက်သွားတဲ့အတွေးတစ်မျှင်က
ဖန်သားပြင်ပေါ်ကို
ငြိမ်သက်စွာလွင့်စင်ကျသွားတဲ့အခါ
သောကဟာကဗျာတစ်ပုဒ်ဖြစ်
နှင်းမိုးတွေအောက်မှာနစ်မြုပ်ရင်း…

သတိရလာတော့
တံခါးပေါက်ကိုအသာလှစ်ဟ
စီးဆင်းကျသွားတဲ့နှင်းမိုးတွေကို
တစ်စက်ချင်းတစ်ပေါက်ချင်းခပ်သောက်ရင်းက
အနာဂတ်နဲ့စီးချင်းထိုးဖို့အတွက်
စာမျက်နှာအသစ်တစ်ရွက်ကို
ခပ်ရဲရဲလှန်ချလိုက်မိတယ်…

မလှုပ်မယှက်ငြိမ်သက်နေတဲ့
စာမျက်နှာအသစ်တစ်ရွက်ပေါ်မှာ
ကျနော့်ရဲ့
အကြိမ်၄၀မြောက်ဒီဇင်ဘာ.
အေးစက်စွာနေရာယူရင်း
ဖုတ်လှိုက်ဖုတ်လှိုက်နဲ့အသက်ရှုသွင်းနေ…

ဒီဇင်ဘာရဲ့နာရီတွေက
အေးစက်နေကြသလို
ကျနော်ရပ်တည်နေတဲ့ကမ္ဘာကြီးက
သွေးထွက်နေရတာလည်းကြာပြီ….

9 comments:

Kyaw Nyo Thway said...

စိတ်ကူးထဲကအတိုင်
ဖြစ်နိုင်ဖို့ကမလွယ်ဘူး။
ကဗျာလေး က ကောင်းတယ် အစ်ကို

mirror said...

အပြင်က ဒီဇင်ဘာကတော့အေးပါရဲ့ အစ်ကို
ရင်ထဲက ဒီဇင်ဘာကတော့ လူတော်တော်များများမအေးနိုင်ကြပါဘူး...
အိပ်မက်ကို အိပ်မက်ထဲထည့်မက်ရသလိုဆိုတဲ့
ဝိုင်ဝိုင်းသီချင်းလိုဖြစ်နေတာ ကြာပေါ့........။
ကဗျာလေးကို ကြိုက်တယ်...

ခင်မင်လျက်
Mirror

ဒူကဘာ said...

ကိုဆောင်း ကျနော့ကို မေးခဲ့တဲ့ မေးခွန်းတွေ အကုန်မှန်ပါတယ်၊ ကျနော်က ဦးဇင်းအောင်ကျော်လှိုင်တဲမှာ ငြိမ်းချမ်းနဲ့ အတူနေတာပါ၊ အင်း ... ဘာလိုလိုနဲ့ တို့တတွေလဲ ဒီဇင်ဘာ ပေါင်း၄၀ကျော်ကို ဖြတ်သန်း မိနေကြပြီ နော်။

ဟန်လင်းထွန်း said...

ဒီကမ္ဘာပေါ်မှာ သွေးတွေဘယ်တော့များမှ တိတ်သွားမလဲ မသိဘူး

Yan said...


သတိရလာတော့
တံခါးပေါက်ကိုအသာလှစ်ဟ
စီးဆင်းကျသွားတဲ့နှင်းမိုးတွေကို
တစ်စက်ချင်းတစ်ပေါက်ချင်းခပ်သောက်ရင်းက
အနာဂတ်နဲ့စီးချင်းထိုးဖို့အတွက်
စာမျက်နှာအသစ်တစ်ရွက်ကို
ခပ်ရဲရဲလှန်ချလိုက်မိတယ်…


လှလိုက်တဲ့ စကားလုံးလေးတွေပဲဗျာ. အသက်ဝင်လွန်းပါတယ်.

ကြိုက်တယ် ဘရားသားရေ...

(ရန်အောင်)

ယောနသံစင်ရော် said...

အကိုဆောင်းယွန်း ရေ…
ဆောင်းတွင်းအိပ်မက် ကယောက်ကရက် တဲ့
ဒါပေမဲ့ … အကို့ ရဲ့ ဒီအိပ်မက်ကိုတော့
အပြင်မှာတကယ်ဖြစ်လာပါစေလို့
ဆုတောင်းလိုက်ချင်ပါတယ်။

ခင်မင်မှုဖြင့်

ကိုအောင် said...

ဒီဇင်ဘာ နှစ်ခုရယ့် အကြောင်း ကဗျာလာဖတ်သွား
ပါတယ် ကိုဆောင်းရေ။

Nyein Chan Aung said...

ဘယ်လိုဆုတောင်းပေးရပါ့မလဲ.. ဘာပဲဖြစ်ဖြစ်ဗျာ ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ... သက်ပြင်းတွေတော့ သိပ်မချနဲ့ဗျာကိုဆောင်း.. သက်ပြင်းတွေက ရင့်ရော်စေတယ် လို့ဆိုတယ်မဟုတ်လား..

ခေါင်ခေါင် said...

အကြိမ်လေးဆယ် မြောက် ဒီဇင်ဘာ ဆိုတော့...
ဦးဆောင်း လို့ခေါ်ရတော့မယ် .. ထင်တယ်....

အိမ်မက်ထဲက ဒီဇင်ဘာ ရော လက်တွေ့ ဒီဇင်ဘာရော..
အေးမြလန်းဆန်း နေပါစေလို့ပဲ ဆုတောင်းပေးခဲ့ပါတယ်
ဦးဆောင်းရေ....