Friday, January 9, 2009

”အဇ္ဈတ္တနှင့်စကားပြောကြည့်ခြင်း”
နေထိုင်ကောင်းရဲ့လား!
အလာပသလာပနဲ့ပလ္လင်ခံ
နောက်ဆုံးမှာ.ဒီအသံဘဲကြားကြားနေရ
ဓာတ်ပြားဟောင်းကြီးကလည်းသူ့အဝတ်ကိုဘယ်တော့မှမချွတ်
မကျွတ်မလွတ်သေးသူတို့အတွက်ခဏခဏဝေနေရတဲ့အမျှ
စိတ်တွေတောင်ချွတ်ခြုံကျလာခဲ့ရတယ်….

တကိုယ်ရည်လွတ်မြောက်ရေးကဈေးကောင်းနေတော့
ဂရိတ်စကေးလ်တွေဘဲမေးမြန်းခံနေရ
ကိုယ်တိုင်ကတော့ ဘာကိုမှသိပ်အရသာမတွေ့လှဘူး
ကော်ဖီခါးခါးကိုမူးနေအောင်သောက်
ညနေဘက်ဆိုရင် ကဗျာနဲ့မှောက်တယ်
ကားမောင်းပြီးလမ်းလည်လျှောက်ရတာထက်
အင်တာနက်စီးပြီး ဘလော့ခရီးပတ်ရတာကိုပိုနှစ်သက်တယ်…

ကောလဟာလတွေထက်
ရှေးဟောင်းနှောင်းဖြစ်တွေကိုပိုချစ်နေရတာကိုကပျော်စရာပါ
အဖော်ရှာမယ်ဆိုရင်တော့ တွေးခေါ်မှုစာအုပ်တွေကအကောင်းဆုံးပေါ့…

တချို့ကတော့
စိတ်ကိုသွေးဆောင်တဲ့ဖြားယောင်းမှုဟာ
အစိမ်းရောင်စက္ကူတွေလို့တညီတညွတ်တည်းပြောကြတာဘဲ
အဲဒါကိုဘဲမုန်းလွန်းလို့
တွန်းပို့လောကသားတွေနဲ့ဝေးအောင်ရှောင်ရင်း
ကိုယ့်စိတ်နဲ့ကိုယ်ကြီးပြင်းခဲ့ရတဲ့ရက်ပေါင်းနှစ်ထောင့်ငါးရာကျော်…

ဓာတ်တိုင်ပေါ်မှာတက်ထိုင်ပြီးပြောတဲ့စကားလောက်
ဘယ်စကားကအရာရောက်လို့လဲတဲ့
မုသားတွေပေါ်မှာဘဲဦးသုံးကြိမ်မြဲနေကြ
တချို့ဆို
အတ္တကိုကျိုချက်ပေါင်းခံပြီးလောဘနဲ့သမ
ဝါယမအသစ်ထုတ်မိတ်ဖြစ်ဆွေဖြစ်တခွက်တဖလားမော့စုပ်ပစ်ကြ
ဒါကိုဘဲ.ကျုပ်ကဒေါသဖြစ်ဖြစ်နေရတာ…

ဒီမှာ.ကျုပ်က….
မဲပြာပုဆိုးစုတ်ကိုကြိုးတန်းပေါ်မှာထုတ်လှန်းနေတာမဟုတ်ဘူး
လူတချို့..အရှင်လတ်လတ်ဓာတ်လိုက်မခံရစေဖို့
စေတနာကိုအရည်ညှစ် နှလုံးသားနဲ့မျက်နှာသစ်နေတာ…။

No comments: