”မြုပ်မသွားအောင်.လှုပ်ကြည့်လိုက်”
ပြောင်းသွားတဲ့နေ့တွေက
ဘဝကူးသိပ်မကောင်းကြဘူးထင်ပါရဲ့
နေ့တွေသာအဟောင်းပေါ်အသစ်ထပ်
ပြောင်းသွားတဲ့မနက်တွေအားလုံးကညစ်ထပ်ထပ်
ညနေခင်းတွေကရော ဘာများထူးကဲလို့လဲ
အားလုံးမှောင်နဲ့မဲမဲ
နောက်တစ်နေ့ဆိုတာကို မျှော်လင့်ရင်းမျက်ရည်ဝဲနေရတာကလွဲရင်ပေါ့…
မနက်ခင်းထဲကို နှစ်သွင်းထားတဲ့
ခင်ဗျားတို့ကျနော်တို့ရဲ့ မျက်စိနှစ်ကွင်းက
အရှင်းလင်းဆုံးအရောင်တစ်ခုကိုသာတောင့်တ
တကယ်ဆိုကျနော်တို့အားလုံးက
ကိုယ်စီကိုယ်ငှ.အလင်းကိုငတ်ခဲ့ရသူတွေချည့်ပါဘဲ…
ခင်ဗျားနဲ့ကျနော်တို့လိုအပ်နေမှုက အပြာ
ကျနော်တို့ငတ်မွတ်နေမှုက အနာအဆာမရှိတဲ့ ပကတိအပြာ
ကောင်းကင်မှာတိမ်ကင်း.လက်လင်းနေတဲ့အပြာမျိုးကို
ကျနော်တို့တတွေက ဘယ်တန်ခိုးရှင်ဆီကမှမမျှော်ကိုးဘဲ
ကိုယ်ပိုင်ပန်းတစ်ခင်းကိုအနံ့တသင်းသင်းခင်းကျင်းနိုင်ဖို့အတွက်
ကိုယ်ပိုင်လက်မောင်းတွေကိုအားကိုးခဲ့ရင်း
ကိုယ့်ကကြိုးကိုယ်ဆင်ခဲ့ကြသူတွေပါ…
တကယ်လို့များ.ကျနော်တို့အားလုံးဟာ
သံသယကင်းကင်း ယုံကြည်ခြင်းတွေကိုဝတ်ရုံအဖြစ်ခြုံနိုင်ပြီး
ကိုယ့်ပထဝီမြေကြီးပေါ်မှာ ကိုယ့်ခြေထောက်နဲ့ကိုယ်ရပ်နိုင်ရင်
ငုတ်တုတ်မနက်တွေ မတ်တပ်ညနေဖြစ်မလာဘူးလို့ဘယ်သူပြောနိုင်သလဲ…
ကျနော်တို့ယုံကြည်နေသမျှ အရာအားလုံး ဖြစ်လို့ရနေတယ်
ကျနော်တို့ယုံကြည်မှုတွေ ရှင်သန်ထမြောက်နေသမျှ
အောက်ဆုံးကသုည အနန္တလည်းဖြစ်နိုင်တယ်…
ကေသရာဇာတစ်ကောင်တည်းနဲ့
တစ်တောလုံးမောင်ပိုင်စီးနိုင်တဲ့ခေတ်မျိုးက
ဟိုး၁၉ရာစုထဲမှာ ကျကွဲကျန်ခဲ့တာကြာပြီ
ပေမမီဒေါက်မမီတဲ့ မြေခွေးတစ်ကောင်အတွက်
ခင်ဗျားတို့ရဲ့.လတ်ဆတ်အသွေးအသားတွေကိုတော့မစတေးကြမိစေနဲ့ပေါ့…
အခုအချိန်မှာ….
ရေးရေးပေါ်တယ်ဆိုတာ စေ့စေ့မတွေးသေးလို့ဖြစ်မှာပါ
ဖြေဆေးမဲ့တယ်ဆိုတာ အနာမသိသေးလို့ဖြစ်မှာပါ
အနာဂတ်ကျန်းမာရေးဥတုမျှတ အကောင်းဆုံးနေ့တွေလှဖို့အတွက်
ဟောင်းလောင်းအစာအိမ်ထဲ ရဲဆေးတစ်ခွက်ကိုလောင်းသွင်း
အကျဉ်းကျနေတဲ့စိတ်ကို အမြင့်ဆုံးရောက်အောင်လွှင့်ထုတ်
စိတ်နဲ့ရုပ်ကိုအကောင်းဆုံးအလုပ်လုပ်နိုင်ဖို့က သေရေးရှင်ရေးတမျှအရေးကြီးတယ်….
ဆင်ခြေပေးတယ်ဆိုတာ ခိုင်လုံတဲ့သက်သေပြချက်ရှိရင်တောင်မှ
ချင့်ချိန်သုံးသပ် ယုံကြည်ပေးရတတ်တဲ့
ခပ်ညံ့ညံ့လူတွေအတွက် တစ်ခုတည်းသောခြွင်းချက်ပါ
ခင်ဗျားတို့ကျနော်တို့က….
အစားနဲ့ကြွင်းတဲ့လူ့အညံ့စားအသိမ်အဖျင်းတွေမဟုတ်ကြလေတော့
ခေါင်းကိုသာမော့..ရင်ကိုတော့ကော့ပေးနေစရာမလိုဘူး
နဖူးနဲ့တွေ့ရင်နဖူးနဲ့တိုက် ဒူးနဲ့တွေ့ရင်ဒူးနဲ့တိုက်ကြရုံပေါ့
သန်းကောင်ထက်တော့ ညဥ့်မနက်ကြတော့ဘူးမဟုတ်လား
ဘုရား.ဘုရားတနေရုံနဲ့တော့ ညဥ့်ယံကအရုဏ်မတက်နိုင်ဘူး….
ကဲ..ခင်ဗျားဘဲစဉ်းစားကြည့်
ပြီးတဲ့အခါကျရင်.လိုအပ်တာကိုပြင်ဆင်
ပါးစပ်တွေကိုလိုအပ်သလောက်သာငြင်ငြင်သာသာလှုပ်ပြီး
လက်တွေ.ခြေထောက်တွေနဲ့ခန္ဒာကိုယ်ကြီးကိုခပ်များများလှုပ်ကြည့်
ငုတ်တုတ်မနက်တွေ မတ်တပ်ညနေဖြစ်မလာဘူးလို့ဘယ်သူပြောနိုင်သလဲ…။
လမ်းကလေးရေ
3 weeks ago
9 comments:
ကျနော်တို့ယုံကြည်နေသမျှ အရာအားလုံး ဖြစ်လို့ရနေတယ်
ကျနော်တို့ယုံကြည်မှုတွေ ရှင်သန်ထမြောက်နေသမျှ
အောက်ဆုံးကသုည အနန္တလည်းဖြစ်နိုင်တယ်…
.............................
အဲဒါ အမှန်ဆုံး စကားတွေ..
ကဗျာတွေ ..ရေးအား အတော်ကောင်းတာပဲ..
ရေးလိုက်သမျှ လဲ..ထိထိမိမိ..
............
မျောက်နှစ်ဖွားလေးရေ..
များများ ဆက်ရေး နော်...
ရေးတိုင်း ဖတ်ပေး နေပါတယ်....
............
အစ်ကိုရေ့ ဒီကဗျာကို ဘယ်လိုမန့်ရမှန်းမသိတော့း)
တကယ်လို့များ.ကျနော်တို့အားလုံးဟာ
သံသယကင်းကင်း ယုံကြည်ခြင်းတွေကိုဝတ်ရုံအဖြစ်ခြုံနိုင်ပြီး
ကိုယ့်ပထဝီမြေကြီးပေါ်မှာ ကိုယ့်ခြေထောက်နဲ့ကိုယ်ရပ်နိုင်ရင်
ငုတ်တုတ်မနက်တွေ မတ်တပ်ညနေဖြစ်မလာဘူးလို့ဘယ်သူပြောနိုင်သလဲ
တကယ်လို့များက တကယ်ဖြစ်လာတဲ့တစ်နေ့ကို တကယ်ရောက်ခဲ့ရင်ကောင်းမယ် အဲ့ဒီတော့မှ မြေကြီးပေါ်မှာ မတ်တပ်ည ငုတ်တုတ်မနက်တွေနဲ့နေ့ရက်တွေကိုဖြတ်သန်းရမယ်။
တကယ်လို့များပေါ့ .....................
ဦးဆောင်းရာ.. ကောင်းလိုက်တဲ့ ကဗျာ..
စကားလုံးတစ်လုံးတိုင်း တစ်လုံးတိုင်း ရင်ထဲထိရှကျန်ခဲ့တယ်
အရမ်းလေးစားတယ်..
တော်လိုက်တဲ့ ကဗျာဆရာ....
လှုပ်ကြည့်ကျတာပေါ့နော်..
ဆက်မမြုပ်ချင်တော့ဘူးလေ...
အားလုံးအတူတူ လှုပ်ကြဖို့ လိုပါတယ်
ကဗျာဖတ်ပြီး အားတက်သွားတယ် အစ်ကို။
စကားလုံးတွေက တစ်အား
အားပြည့်အင်ပြည့်ရှိတာပဲအစ်ကိုရေ
အကိုကဗျာထဲက အားပါတဲ့ စာသားတွေကို ကြိုက်တယ်
အကိုရေ။
ငုတ်တုတ်မနက်တွေ မတ်တပ်ညနေဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ။
ဟုတ်တယ်နော် အနာဂတ်ကိုကြိုမြင်ခွင့်မရှိပေမဲ့ ပြင်ဆင်ထားခွင့်တော့ရှိတာအမှန်ပဲ အကိုရေ။
ဒီကဗျာလည်း ကြိုက်တယ်ကိုဆောင်း
Post a Comment