”သူငယ်ချင်းကဗျာဆရာနဲ့ ခဏတဖြုတ်”
သူငယ်ချင်း ကဗျာဆရာ
မင်းငါ့ကို ခဏတဖြုတ်လောက်တော့ စကားပြောခွင့်ပေး
ပြီးရင်..မင်းရေးချင်တဲ့ကဗျာတွေကို ဆက်ရေးပေါ့ကွာ….
ဝါးခွဲပြီး နှီးသပ်
ခြင်းယက်ခဲ့တဲ့ လက်ချောင်းတွေနဲ့
လတ်ဆတ် ကဗျာတွေကို ပုံလောင်း
လွန်ခဲ့တဲ့နှစ်တွေက ဘယ်လိုအကြောင်းဘဲ ဖန်ခဲ့ဖန်ခဲ့
ခုတော့…မင်းကံကောင်းပါတယ် သူငယ်ချင်းရဲ့….
ဘာဖြစ်လို့လဲဆိုတော့
မင်းသိပ်ဖြစ်ချင်ခဲ့တဲ့ ကဗျာဆရာဘဝ
အခု..မင်းပိုင်ဆိုင်ခွင့်ရနေလို့ပေါ့…..
မြစ်မင်းငဝန်ထဲက ဗေဒါတွေကို ငေးမောရင်း
ကဗျာတွေနဲ့ အသက်ပြင်းပြင်းရှု
မြစ်မင်းငဝန်ထဲက ငှက်သဗ္မာန်လေးတွေကို ငေးရင်း
ကဗျာတွေနဲ့ ဘဝအမောတွေကိုဖျောက်
ခါးသက်မှုတွေကို ဖောဖောသီသီ စားသောက်ကြီးပြင်းခဲ့ရတဲ့
နေလိုမီးလို မင်းဘဝတစ်လျှောက်မှာ
အတက်အကျ အကွေ့အကောက်တွေ မက်စောက်ခဲ့သလောက်
ခုတော့..မင်းက
မင်းရဲ့ ဖြစ်ဖြစ်မြောက်မြောက် ကဗျာတွေနဲ့ လမ်းကြောင်းတစ်ခုကိုဖောက်
ငါကတော့…စီးပွားရေးကပ်ဆိုက်လို့ မှောက်ရက်လဲနေတဲ့ ကမ္ဘာမှာ…
သူငယ်ချင်း.ကဗျာဆရာ
မင်းငါ့ကို သိခဲ့သလောက်တော့
ငါလည်း မင်းကို သိခဲ့တာပေါ့ကွာ
မင်းက စကားသိပ်များတဲ့ကောင်
ငါပြောတဲ့ စကားကို သိပ်နားမထောင်ခဲ့သလို
သူများတွေကိုလည်း စကားပြောခွင့် သိပ်မပေးခဲ့ဘူး
မင်းက စာရူးပေရူး ကဗျာတွေနဲ့ တစ်နေကုန် မူးခဲ့သလောက်.
ငါက ဟိုမရောက်ဒီမရောက် ကဗျာတွေတော့ မတောက်တခေါက် ရေးခဲ့တယ်…
မင်းက အသားမဲသလောက်
မျက်စိကလည်း ပေကလပ် ပေကလပ်
ပါးစပ်ကလည်း ပွစိပွစိ
လူတတ်ကြီးလည်း လုပ်တတ်သေး
ဒါပေမယ့်.…မင်းကငါ့ကို ကဗျာတွေရေးဖို့တော့ အမြဲအားပေးလေ့ရှိခဲ့တယ်…
မင်းရဲ့ အချုပ်တန်းဆရာဖေ
မင်းရဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း
မင်းရဲ့ ဆရာဇော်ဂျီနဲ့ ဂေါ်ကီ
မင်းရဲ့ မာယာကော့ဖ်စကီနဲ့ မိုဒီဂယ်လျာနီ
မင်းရဲ့ ရှယ်လီနဲ့ ဖူးချစ်
မင်းရဲ့ ဆရာဂျမ်း
မင်းရဲ့ အိုမာခရမ်
မင်းရဲ့ ရက်တူရှင်ဂို
မင်းရဲ့ ဗားတော့ဗရက်နဲ့ ဟိုးမားတို့က
မင်းရဲ့ အသွေးအသားထဲမှာ သာမက
အရိုးထဲထိပါမကျန် စီးဝင်ဖိတ်လျှံ နေကြတယ်ဆိုတာ
မင်းရဲ့ကဗျာတွေက သက်သေထူလျက်ပါ သူငယ်ချင်း….
မှတ်မိနေသေးတယ်
တစ်ချိန်တုန်းကပေါ့
မင်းက….
မြို့လည်ခေါင် လက်ဖက်ရည်ဆိုင်မှာ
ကဗျာဆရာကြီးတွေနဲ့ အပြိုင်
မင်းရဲ့ကဗျာတွေကို ထိုင်ရွတ်တော့
ငါက အသုံးလုံးတောင်မကျေသေး
မင်းတို့ဘေးမှာ ထိုင်ရင်း
ကာရန်တွေကို လက်ဖက်ရည်ခွက်ထဲ ငှဲ့ကျင်းသောက်
နိမိတ်ပုံတွေကို ငါ့အတွေးထဲမှာ သဲ့ဖောက်ယူ
နေလုံးကြီးကို ညနေစောင်းတွေက ကောက်ယူမှ
ငါတို့ အိမ်ပြန်တတ်ခဲ့ကြတာ….
ဒီလိုနဲ့..တစ်နေ့သောအခါ
မင်း နဲ့ ငါ…
ကဗျာလက်ဖက်ရည်ဆိုင်ကို ကျောခိုင်း
မျှော်လင့်ခြင်းမြင်းတွေကို ဒုန်းစိုင်းဖို့
အသက်လိုချစ်တဲ့ မြို့လေးပေါ်မှာ လမ်းခွဲခြင်း မှတ်တိုင်ကိုစိုက်
ငါတို့မိဘတွေကိုတော့ စိတ်ကူးနဲ့ ဦးခိုက်ခဲ့ကြတယ်လေ….
ဆယ်စုနှစ်တစ်ခုရဲ့ နှစ်တချို့မှာ
ငါတို့နှစ်ယောက်ဟာ.တစ်နေရာတည်း
အမိုးတစ်ခုတည်းအောက်
လမ်းတစ်ခုကို သဲသဲမဲမဲဖောက်ခဲ့ကြရင်း
ခရီးပြင်း တစ်ခုကိုနှင်
မင်းက မင်းချစ်တဲ့ သစ်ပင်တွေကြား
မင်းရဲ့ ရဲရဲတောက်ကဗျာတွေကို ပီတိအဖြစ် စားခဲ့ဖူးသလို
ငါကလည်း ငါချစ်တဲ့ တောင်ကုန်းတောင်တန်းတွေပေါ်တက်
ငါချစ်တဲ့ စမ်းချောင်းတွေကို ဖြတ်လျှောက်ရင်း
ငါ့ရဲ့ မျှော်လင့်ခြင်းရေတစ်ပေါက်ကို သောက်ခဲ့ဖူးတယ်……
၉၀လွန်ပြီး နောက်နှစ်နှစ်အကြာမှာ
ကံဇာတ်ဆရာရဲ့ အလိုကျ
ခေါင်မရှိတဲ့ ငါ့တဲပေါ်ကို ဒုက္ခတွေ အထွေးလိုက်ရွာချခဲ့သလို
အမိုးမရှိတဲ့ မင်းတဲပေါ်ကို သောကတွေ အလုံးအရင်းနဲ့ပြိုကျခဲ့
နောက်ဆုံးမှာငါတို့ မိုင်ပေါင်းများစွာ ဝေးခဲ့ကြရတယ်လေ…
ဒီလိုနဲ့
တစ်နှစ်ပြီး တစ်နှစ်လွန်မြောက်
မင်းရဲ့ သတင်းတွေလည်း ငါ့ကိုဖျောက်သွားခဲ့တာ
နှစ်တွေတောင် ဆယ်စုတစ်စုစာမက အိုစာသွားခဲ့ကြပေါ့….
မင်းကိုတွေ့တဲ့ လူတချို့ကတော့….
မင်းက လွယ်အိတ်တစ်လုံးကိုလွယ်
စာမူတွေကို မင်းလွယ်အိတ်ထဲမှာ သယ်ရင်း
မင်းရဲ့ နေ့လည်ခင်းတွေကို ကဗျာချိုတွေနဲ့ ရောသောက်
ရန်ကုန်မြို့ပေါ်မှာ လမ်းလျှောက်နေတယ်လို့..ငါ့ကိုပြောကြတယ်…
သူငယ်ချင်း.ကဗျာဆရာရေ
မင်းကတော့ မင်းကမ္ဘာမှာ အသားကျနေမှာပေါ့
မင်းက မင်းချစ်တဲ့ ကဗျာဆရာဘဝကို လွယ်ပိုး
ဘတ်စ်ကား တိုးစီးနေတာလည်း ဖြစ်ရင်ဖြစ်မယ်
မင်းက မင်းချစ်တဲ့ ကဗျာဆရာဘဝကို ခံယူ
ကုန်ကြမ်းတွေ ပုံဖော်ယူနေတာလည်း ဖြစ်ရင်ဖြစ်မယ်
မင်းက မင်းချစ်တဲ့ ကဗျာဆရာဘဝကို ဖက်တွယ်ရင်း
လက်ဖက်ရည်တစ်ခွက်နဲ့ ကြီးပြင်းနေတာလည်း ဖြစ်ရင်ဖြစ်မယ်…
ဘာဘဲဖြစ်ဖြစ်..
မင်းရှိနေသေးတယ်ဆိုတာ သေချာရုံနဲ့တင် ငါကျေနပ်ပါတယ်
မင်းသတင်း ကြားနေရရုံနဲ့တင် ငါပျော်ရွှင်ပါတယ်
မင်းကဗျာဟောင်းတွေ ဖတ်နေရရုံနဲ့တင် ငါနေသာပါတယ် သူငယ်ချင်း…
ဘာဘဲဖြစ်ဖြစ်..
ဟို.တစ်နေရာမှာ
မင်းရဲ့ ကဗျာအသစ်တွေကို ချစ်တဲ့သူတွေ ရှိကြသလို
မင်းရဲ့ ကဗျာအဟောင်းတွေအပေါ်မှာ ရင်ခုန်သံမပြောင်းသေးတဲ့ သူတွေ
ဒီဖက်ကမ္ဘာ တစ်နေရာမှာ ရှိနေကြသေးတယ်ဆိုတာ
မင်းသိရင် ငါကျေနပ်ပါပြီ သူငယ်ချင်း…..။
လမ်းကလေးရေ
1 day ago
17 comments:
အစ်ကိုသတိရနေတဲ့ ကဗျာဆရာသူငယ်ချင်းကို မသိပေမယ့် ကဗျာတွေကို ချစ်တဲ့ကောင်းကင် အစ်ကို့ ကဗျာလေးကို ခံစားဖတ်ပီး အစ်ကိုနဲ့အတူ သတိရပေးပါတယ်၊
ဒီလောက်ချစ်တဲ့သူငယ်ချင်းတွေ
ဝေးနေရတာစိတ်မကောင်းစရာ..။ ဘ၀တူတွေပါပဲ။
ကဗျာဆရာနာမည်က ဘယ်သူတဲ့လဲဦးဆောင်း?
အစ်ကို့ သူငယ်ချင်းရဲ့ ကဗျာ လက်၇ာတွေတောင်ဖတ်ချင်စိတ်ဖြစ်သွားပြီး သူငယ်ချင်းကို စကားပြောထားတဲ့ ကဗျာလေးက ရင်းနှီးမှုတွေကိုပြနေတယ်ဗျ ။
အစ်ကိုရေ သူငယ်ချင်းကဗျာဆရာကိုမသိပေမယ့် အစ်ကို့
ကဗျာကို ဖတ်ပြီးထပ်တူထပ်မျှခံစားသွားကြောင်းပါ.
မိုးကြယ်
တို့လဲ သူငယ်ချင်းတွေကို လွမ်းမိတယ်။ ဘယ်တော့များမှ ပြန်ဆုံရမလဲ မသိ။ ကဗျာထဲက အလွမ်းတွေကို ထပ်ဖြည့်သွားပြီ..
အစ်ကို အဲဒီကဗျာဆရာကဘယ်သူလဲ။ ပုသိမ်ကပဲလား။ ညီမမှာလည်း ကဗျာအရမ်းချစ်တဲ့၊ လဘက်ရည်ဆိုင်ထိုင် ပြီး ကဗျာဆရာကြီးတွေနဲ့ ကဗျာအကြောင်းပြောတတ် တဲ့ သူငယ်ချင်းတွေရှိခဲ့ဘူးတယ်။
သူငယ်ချင်း ကဗျာဆရာအတွက်ရေးထားတဲ့ ကဗျာလေးက ခံစားချက်ကောင်းလှတယ်၊ ကဗျာဆရာဆိုတာ လူထုနဲ့ တစ်သားတည်းရှိနေသူတွေဘဲလေ၊ ကဗျာဆရာမှာ အသပြာမရှိပေမယ့် သိက္ခာရှိတယ်၊ ကိုဆောင်းရဲ့ သူငယ်ချင်းကဗျာဆရာအတွက် လေးစားဂုဏ်ယူမိပါတယ်ဗျာ၊
ခံစားချက်လေးတွေက
စိတ်ရဲ့အရိပ်တွေကိုပြနေတယ်အစ်ကို ....
အစ်ကို့သူငယ်ချင်းကဗျာဆရာနဲ့
အစ်ကို တစ်ခေါက်တစ်ခါလောက်ဖြစ်ဖြစ်ပြန်ဆုံပြီး
ကဗျာတွေတူတူသောက်
ကဗျာချင်းမူးနိုင်ပါစေအစ်ကိုရာ..........
တူမောင်Craton နဲ့ မေ့သမီးရေ ကဗျာဆရာ ဘယ်သူဘယ်ဝါဆိုတာကို ”ဆယ်စုနှစ်နှစ်ခုစာအတွေး
များဆီမှ နောက်ဆယ်စုနှစ်နှစ်ခုစာဆီသို့….” ဆိုတဲ့ ပို့စ်မှာ ပြန်ဖတ်ရင် သိပါလိမ့်မယ်.....
လာရောက် အားပေးသွားကြတဲ့အတွက် ကျေးဇူးပါ
people, if you want to read his poems, please go to NAYTTHIT.COM.
ကဗျာကောင်းတယ်ဗျာ။ ကျနော့်ဆီမှာ ကိုဆောင်းကဗျာအသစ်တင်တိုင်း မပေါ်ဘူးဗျ။ အဲဒါကြောင့် အသစ်မတင်သေးဘူးထင်နေတာ။ အခုကဗျာကျမှ ပေါ်တယ်။
မဖတ်ရသေးတဲ့ ကဗျာတွေပါ ပြန်ဖတ်သွားတယ်။
ခံစားလိုက်ရတယ်။ ကဗျာဆိုတာကို..ဘ၀ဆိုတာကို..မိတ်ဆွေဆိုတာကို.. အောင်မြင်ခြင်းဆိုတာကို..ဆုတ်ခွါခြင်းဆိုတာကို.. အောင်မြင်ခြင်းမရှိ..ရှုံးနိမ့်ခြင်းမရှိတဲ့.. ဗလာလွင်ပြင်သက်သက်ကို..
လက်ဖက်ရည်ဆိုင် ထိုင်ခဲ့ တုန်းက
အ.သုံးလုံး တောင် မကျေခဲ့ သေးပေးမဲ့..
ခုတော့...မာစတာ..တန်း..ပြီးလို့..
Phd..နားရောက်နေပြီ..ပဲ...
ခံယူချက်ရယ်...
ဘ၀ ရယ်....
လက်တွေ့ အနေ အထား တွေရယ်...
အိပ်မက်ထဲ ..က အလွမ်းတွေ..ရယ်...
မရနိုင်တော့ တဲံ..ငယ်ဘ၀ အတိတ်တွေ ရယ်...
အားလုံး...ခံစား သွားပါတယ်...
ဒီကဗျာ ကြိုက်တယ်အစ်ကိုရာ။ ဒီလောက်ပဲ ပြောတတ်တော့တယ်။
ကဗျာကိုခံစားသွားတယ် အပြန်ပြန်အလှန်လှန်ကို ခံစားသွားတယ်ကိုဆောင်းယွန်းလရေ
ဒီကဗျာ အရမ်းကောင်းတယ် အကို၊ ခဏခဏ ရွတ်ကြည့်မိတယ်။
ကဗျာလေး ကောင်းလိုက်တာ အစ်ကိုရာ။ ဘယ်သူလဲဆိုတာ သိချင်လို့ ဟိုပို့ စ်လေး ပြန်ဖတ်သွားပါတယ်။
Post a Comment