Monday, January 19, 2009


”အစိမ်းရောင်မြစ်သို့ တမ်းချင်း”
ကဗျာဆရာပိုင်စိုးဝေရဲ့ အစိမ်းရောင်မြစ်သို့တမ်းချင်း ကဗျာရှည်စုစည်းမှု ကဗျာစာအုပ်ထဲက
”အစိမ်းရောင်မြစ်သို့တမ်းချင်း” ဆိုတဲ့ကဗျာရှည်တစ်ပုဒ်ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ အစိမ်း
ရောင်မြစ်သို့တမ်းချင်းအပါအဝင် အခြားကဗျာရှည်သုံးပုဒ်ပါဝင်ပါတယ်။ ကျန်ကဗျာသုံးပုဒ်ကို
လည်း အလျဉ်းသင့်တဲ့အခါမှာ ကဗျာချစ်သူတွေအတွက်တင်ပေးဖို့ အစီအစဉ်ရှိပါတယ်။
လက်တလောမှာတော့ ဒီကဗျာလေးကိုဘဲ နှစ်ခြိုက်စွာခံစားနိုင်ကြပါစေ။

”အစိမ်းရောင်မြစ်သို့ တမ်းချင်း”

စိမ်းညို့ကွေ့ကောက်သော မြစ်ဖျားမှ
အရောင်မထွက်တဲ့ ကျောက်တုံးတစ်ခုကို
တွေ့သောအခါ
ငါ့နှလုံးသားကို သတိရပါလေ။

ဒိုင်ယာရီကြား
ကူးယူရေးမှတ်ထားခဲ့တဲ့
ငါ့မိတ်ဆွေရဲ့ ကဗျာအပိုင်းအစ
အခုတော့
မင်းအတွက်…ငါ့ရည်ညွှန်းချက်ဖြစ်ခဲ့ရပြီ။

သူ့ကျောပေါ်က စီးဆင်းသွားတဲ့
ရေအလျဉ်တိုင်းဟာ
သူ့မျက်ရည်တွေပါပဲလို့
အဓိပ္ပာယ်ဖွင့်ဆိုခဲ့လျှင်တော့
မြစ်တစ်မြစ်ဆိုတာ
ကျိန်စာသင့်နေတဲ့နေ့တွေလိုပဲ
သူပျော်ရွှင်လိမ့်မယ်။

အားနာစရာ
မလိုပါဘူးကွယ်
မင်းလှော်ခတ်ဖူးခဲ့တဲ့
ငါ့နှလုံးသားရာဇဝင်မြစ်ကျဉ်းတလျှောက်
အငွေ့ပျံမှုတွေနဲ့
သွေ့ခြောက်ခဲ့ပြီ မဟုတ်လား။

အချည်းနှီးတောင်တန်းတွေဆီ
အထီးတည်းထွက်သွားရတဲ့အခါ
ငါ ဖြေသိမ့်နိုင်စရာ…တစ်စုံတစ်ရာ
မင်းဆီက ပါခဲ့ပြီမို့
အားနာစရာ
မလိုပါဘူးကွယ်။

တို့နှစ်ယောက်
ဗာဒံရိပ်ကလေးဝေပြီး လူသူရှင်းတဲ့
ကဖေးဆိုင်ကလေးတစ်ခုမှာထိုင်ပြီး
ဟောဒီလို မေလရဲ့ နေ့လယ်ခင်းမှာပေါ့
လူးလွင့်နေတဲ့ တံလှပ်တွေကိုငေးကြည့်ရင်း
တိတ်ဆိတ် စကားမဲ့ ငြိမ်သက်စွာ
နာရီတွေ လောင်ကျွမ်းခဲ့ရဲ့။

ငါ့မှာ
တစ်စုံတစ်ရာ အကောင်းစားစိတ်ကူးစိတ်သန်းတွေ
ရှိနေတယ်ဆိုပါတော့
အဲဒါတွေအကုန်လုံးကို မင်းယူ။

ငါ့မှာ
ဘယ်သူ့ကိုမှ မချစ်ရသေးတဲ့
နှလုံးသားအသစ်တစ်ခု
ရှိနေတယ်ဆိုပါတော့
အဲဒါကိုလည်း မင်းဘဲယူ။

ငါဖောက်ခဲ့ပြီးသမျှ
လမ်းအားလုံးပေါ်မှာ မင်းလျှောက်သွား
ငါ ရသင့်ရထိုက်သမျှ
လောကရဲ့ ပေးဆပ်ခြင်းတွေကိုလည်း မင်းယူ
င့ါကိုဦးညွှတ်ဂုဏ်ပြုမယ့်
တစ်စုံတစ်ယောက်ရဲ့ ဦးခေါင်းကိုလည်း
မင်းပဲပွတ်သပ်
မင်းပဲ မြင့်မြတ်နိုင်ပါစေ။

အဲဒီ ငါ့လက်ဆောင်တွေအားလုံးဟာ
တစ်စုံတစ်ရာ တန်ဖိုးမနည်းခဲ့ဘူးဆိုတာ
မင်းအသိပါပဲ
လူတချို့ကတော့
မင်းဟာ
ငါမက်နေတဲ့ အိပ်မက်ကလေးတစ်ခုတဲ့
တကယ်တော့…မင်းဟာ
ငါ မပိုင်ဆိုင်လိုက်ရတဲ့
အပြာရောင်နေ့တစ်နေ့ပါကွယ်။

ငါကတော့
အအိပ်မဲ့ညတွေကြား
အတိတ်နဲ့အနာဂတ်ကို စားသုံးရင်း
မျှော်လင့်ခြင်းအိပ်မက်တွေနဲ့
အိပ်မက်ရဲ့ ရာဇဝင်နေ့သစ်တွေကို
အဆုံးရှုံးခံနေရတဲ့ လူတစ်ယောက်ပါ။

တို့...တစ်ဦးနဲ့တစ်ဦး
ပေါင်းစည်းညီညွတ်ခဲ့ဖူးရဲ့
တို့…တစ်ဦးကိုတစ်ဦး
အရူးအမူး လေးမြတ်ကြည်ညိုခဲ့ဖူးရဲ့
တို့…တစ်ဦးပေါ်တစ်ဦး
ပေးဆပ်မှုနဲ့ ရယူခဲ့ဖူးရဲ့
အခုတော့ အဲဒီတရားတွေ
(ဘယ်သူမှ ကြားဝင်မနှောင့်ယှက်ဘဲ)
သူစိမ်းတွေလို ဝေးကွာခဲ့ကြပေါ့။

သူဝတ်ထားတဲ့ အရေခွံကို
သူစွန့်ခွာရတဲ့အခါ
မြစ်တစ်မြစ်ဆိုတာကတော့
မြွေတစ်ကောင်လို မပျော်ရွှင်နိုင်ဘူးပေါ့။

အားနာစရာ
မလိုပါဘူးကွယ်
ငါပိုင်ဆိုင်နိုင်တဲ့
လောကရဲ့ ပညတ်မှန်သမျှနဲ့
ငါ့အတွေးတွေအားလုံးကိုလည်း
မင်းပဲ ပိုင်ဆိုင်ခဲ့ပြီမဟုတ်လား။

ဟင်းလင်းပြင်တွေကိုတော့
ငါကိုယ်တိုင်ပဲ ပိုင်ဆိုင်ဆဲပါလေ။ ။

ပိုင်စိုးဝေ (အစိမ်းရောင်မြစ်သို့တမ်းချင်း ကဗျာရှည်စုစည်းမှု)

6 comments:

Anonymous said...

သိပ်လှတဲ့ အချစ်ကဗျာ နုနုလေးပဲ ကြိုက်တယ် ကိုဆောင်းရေ့
““ငါ့မှာ
ဘယ်သူ့ကိုမှ မချစ်ရသေးတဲ့
နှလုံးသားအသစ်တစ်ခု
ရှိနေတယ်ဆိုပါတော့
အဲဒါကိုလည်း မင်းဘဲယူ။””

ဒီနေရာလေး ရင်ထဲထိတယ် မျှဝေပေးတာ ကျေးဇူး နောက်ထပ် ကဗျာ ၂ ပုဒ်ကျန်သေးတယ်ပေါ့ တင်ပေးပါအုံး ။

ဆောင်းယွန်းလ said...

သုံးပုဒ်ကျန်သေးတယ်လေညီလေးရေ.အပေါ်မှာရေးထားတာကိုသေချာမဖတ်ဘူး.ကဗျာကိုချည့်မဲဖတ်နေတာကိုး.ကျန်သုံးပုဒ်ကအချစ်ကဗျာတွေမဟုတ်ဘူး.ဒီကဗျာထက်
လည်းပိုရှည်တယ်.အချိန်နဲနဲယူရဦးမယ်.တင်ပေးမှာပါ

Anonymous said...

ကိုယ်တိုင်ရေးတာ..ဟုတ်ဟုတ် မဟုတ်ဟုတ်...
တစ်ခါ တစ်လေ လဲ..ဒီလို ကြည်နူး စရာလေး တွေ.
လုပ် စမ်းပါ....း)......။ နောက်ထပ် ၃ ပုဒ် မျှော်နေမယ်...

ကိုအောင် said...

အကိုမျှဝေပေးတဲ့ ကဗျာတွေကို အားပါတရ ဖတ်ရူ
သွားပါတယ် အကိုရေ။

ခေါင်ခေါင် said...

ကဗျာကောင်းလေးပဲ..
ဦးဆောင်းကဗျာတွေကိုတော့ မမှီပါဘူးနော့...။ :P
ကျန်တဲ့ ၂ ပုဒ်လည်း အဆင်ပြေရင်တင်ပေးပါဦး.။

Anonymous said...

ကျနော့်ဆီလာဖတ်လဲ ရပါတယ်... ဆရာပိုင် ရဲ့ ကဗျာတအုပ်လဲရှိတယ် လိုချင် ပို့ပေးမယ်ဗျို့.. အချစ်ကဗျာက တော့ ဒါအကုန်ပဲထင်တယ်..