”စာမျက်နှာအကန့်အသတ်မရှိတဲ့ စာအုပ်”
ဒီစာအုပ်မှာ…
စာမျက်နှာတစ်ရဲ့ အဖွင့်နိဒါန်းဟာ
တိတ်ဆိတ်အေးဆေးစွာ ငြိမ်သက်
နာကျည်းချက်တွေနဲ့ ဝေဒနာစကားလုံးမရှိ
အလွမ်းမရှိ ဒဏ်ရာမရှိ
ဝမ်းနည်းစရာ များများစားစားမရှိခဲ့….
စာမျက်နှာနှစ်ဆယ်မှာ…
အပတ်တကုတ်
ဖတ်မှတ် ရေးထုတ်နေခဲ့ရတဲ့ စာအုပ်..
အပူတပြင်း
လေ့ကျင့်ကွင်းဆင်းရင်း ရေးဖွဲ့နေခဲ့ရတဲ့ စာအုပ်…
အမှတ်တရ
သိမ်းဆည်းမှတ်သားထားခဲ့ရတဲ့ စာမျက်နှာတချို့နဲ့ စာအုပ်…
သွေးသံနဲစေဖို့
ချွေးသံရဲရဲနဲ့ အပီအပြင်ကျဲခဲ့ရတဲ့ စာအုပ်…
စာမျက်နှာလေးဆယ်မှာ….
ဘဝမပုပ်သိုးအောင်
သိက္ခာအထုတ်အပိုးကို ကျစ်ကျစ်ပါအောင်ထုတ်
စာတရွက်ချင်းကို ဘဝနဲ့ယက်လုပ်နေရတဲ့ စာအုပ်…
မြေကြီးလိုကျင့်ရင်း ပွဲလယ်တင့်အောင် ကြိုးစားပေမယ့်
ဝေဒနာတွေ ဖိတ်စင်ပေကျံနေရလို့
နွမ်းလျစွာနဲ့ အိမ်ပြန်ချင်တဲ့အကြောင်းတွေကို
တခါတလေမှာ နာကျင်စွာရေးဖွဲ့နေရတဲ့ စာအုပ်…
ဒီစာအုပ်ဟာ…
ဘယ်တော့မှ ပြန်မရနိုင်တော့မယ့်
”မျှော်လင့်ချက်”စာမျက်နှာတွေရှိခဲ့တဲ့ စာအုပ်…
ဒီစာအုပ်ဟာ….
တချို့စာမျက်နှာတွေပေါ်မှာ
ဟောင်းလွန်းလို့ ဘယ်လိုမှုန်ဝါးဝါး
ချိုမြိန်ဖွယ်ရာ စာသားတွေကို ပြန်မြင်ယောင်ရင်
ကိုယ်တိုင်သီချင်းစပ်ပြီး ဆိုငြီးနေချင်သေးတဲ့
လူတယောက်ရဲ့ ပုံပြင်မဆန်တဲ့ ရာဇဝင်…
ပြီးတော့…
အသစ်ပြင်ရေးမရတော့တဲ့ မှတ်တမ်း
အလွမ်း အကြမ်း အချစ် အမုန်း
အားလုံး..သူ့နေရာနဲ့သူ
စာမျက်နှာတချို့အပေါ်မှာ နေရာယူထားခဲ့တဲ့ စာအုပ်…
အဲဒီစာအုပ်ပေါ်မှာ ကိုယ်ရေးခဲ့သမျှကို
ကိုယ်တိုင် ပြန်ဖတ်ခဲ့ရ..
အဲဒီစာအုပ်ပေါ်မှာ ကိုယ်ဖတ်ခဲ့သမျှကို
ကိုယ်တိုင် ပြန်သုံးသပ်ခဲ့ရ…
အဲဒီစာအုပ်ပေါ်မှာ ကိုယ်သုံးသပ်ခဲ့သမျှကို
ကိုယ်တိုင် ပြန်ဆုံးဖြတ်ခဲ့ရ…
တကယ်တော့…
ဒီစာအုပ်ဟာ
စာမျက်နှာ အကန့်အသတ်မရှိတဲ့ စာအုပ်
နေစုန်းစုန်းမြုပ် ကောင်းကင်မိုးချုပ်ထိရေးနေရဦးမယ့် စာအုပ်…။
လမ်းကလေးရေ
4 weeks ago
13 comments:
စာမျက်နှာဘယ်လောက်ထိရှိမှန်လည်းမသိဘူး
ပြင်ရက်ခြစ်ရာတွေရှိသလို
သပ်ရပ်လှပတဲ့ရက်စွဲတွေကလည်းအပြည့်
ကိုယ့်မှတ်ချက်အနီတွေနဲ့ကိုယ်နာကျင်ခဲ့ရတဲ့
စာမျက်နှာတွေလည်းရှိ
ဟောင်းပေမယ့် ပြက်ထင်နေဆဲစာလုံးတွေ
သစ်လွင်ပေမယ့်မှုန်ဝါးနေတဲ့အရာတွေ
အင်း..အဲဒီစာမျက်နှာတွေဘယ်တော့ကုန်မလဲပဲစောင့်
နေခဲ့ရ.....
အဲဒီစာအုပ်ပေါ်မှာ ကိုယ်ရေးခဲ့သမျှကို
ကိုယ်တိုင် ပြန်ဖတ်ခဲ့ရ..
အဲဒီစာအုပ်ပေါ်မှာ ကိုယ်ဖတ်ခဲ့သမျှကို
ကိုယ်တိုင် ပြန်သုံးသပ်ခဲ့ရ…
အဲဒီစာအုပ်ပေါ်မှာ ကိုယ်သုံးသပ်ခဲ့သမျှကို
ကိုယ်တိုင် ပြန်ဆုံးဖြတ်ခဲ့ရ…
တကယ်တော့…
ဒီစာအုပ်ဟာ
စာမျက်နှာ အကန့်အသတ်မရှိတဲ့ စာအုပ်
နေစုန်းစုန်းမြုပ် ကောင်းကင်မိုးချုပ်ထိရေးနေရဦးမယ့် စာအုပ်…။
အသက်ရှိနေသရွေ့ ပြန်ဖတ်၊ သုံးသပ်၊ဆုံးဖြတ်ပီး၊ အကန့်အသတ်မရှိ ရေးနေကြရမှာပါ၊ နားလည်စွာဖတ်သွားပါတယ်၊
အဖွဲ့အနွဲ့တွေ ပြောင်မြောင်လှပနေရဲ့။ စာမျက်နှာ အကန့်အသတ်မရှိတဲ့ စာအုပ် ကို နှစ်ခြိုက်စွာ ဖတ်သွားတယ် ကိုဆောင်း။
ဒို့အစ်ကိုရေ..
တချို့နေရာ လက်ရေးက ခပ်ညစ်ညစ်
တချို့နေရာ လက်ရေးက ဝိုင်းဝိုင်းစက်..
တချို့နေရာ ဖျက်ရာတွေ ခြစ်ရာတွေ..
တချို့နေရာ အမှားတွေ အမှန်တွေ..
ကျန်နေသေးတဲ့ စာမျက်နှာတွေ လှပစေဖို့ အမှန်တွေကို ဖျက်ရာမရှိအောင် ဝိုင်းဝိုင်းစက်စက် ရေးကြပါစို့..
ခင်မင်လေးစားချစ်ခြင်းအားဖြင့်
အဲဒီစာအုပ်ပေါ်မှာ ကိုယ်ရေးခဲ့သမျှကို
ကိုယ်တိုင် ပြန်ဖတ်ခဲ့ရ..
အဲဒီစာအုပ်ပေါ်မှာ ကိုယ်ဖတ်ခဲ့သမျှကို
ကိုယ်တိုင် ပြန်သုံးသပ်ခဲ့ရ…
အဲဒီစာအုပ်ပေါ်မှာ ကိုယ်သုံးသပ်ခဲ့သမျှကို
ကိုယ်တိုင် ပြန်ဆုံးဖြတ်ခဲ့ရ…
......................
အင်း..
ရေးခဲ့တာတွေ မှားနေတယ် လို့ ပြန်ပြင်ချင်ပေမဲ့
ပြန်ပြင်ခွင့် မပြုတဲ့ စာအုပ်..
ပြီးတော့..
အစ စာမျက်နှာတွေဆီ ပြန်သွား ချင်ပေမဲ့
ပြန်လှန်ခွင့် မရှိတဲ့ စာအုပ်...
ကိုယ် ဆုံးချင်တဲ့နေရာ ဆုံး ခွင့် မရှိတဲ့ စာအုပ်..
လူတဦး တယောက်စီတိုင်း
ကိုယ်ပိုင် ရှိတဲ့ စာအုပ်..
ကိုယ် တိုင်စိတ်တိုင်းကျ ရေးလိုရာ
ရေးချင်ပေမဲ့...
ပတ်ဝန်းကျင်ကြောင့်
ခေတ်ကြောင့်
စံနစ်ကြောင့်
အချစ်ကြောင့်..
.... ကြောင့် ပေါင်း မြောက်များစွာကြောင့်...
ရေးချင်တိုင်း ရေးခွင့် မရှိတဲ့ စာအုပ် တအုပ် လဲ
ဖြစ်နခဲ့ပါသေးတယ် .. ကို ဆောင်းယွန်းရေ...
...........
ည်ီ...သိလိုက်ပြီး ဒီစာအုပ်ထဲမှာ အစ်ကို့ရဲ့ သမိုင်းကြောင်းတွေ အများကြီးရှိနေလိမ့်မယ်ဆိုတာ ။
ဒီစာအုပ်ဟာ…
ဘယ်တော့မှ ပြန်မရနိုင်တော့မယ့်
”မျှော်လင့်ချက်”စာမျက်နှာတွေရှိခဲ့တဲ့ စာအုပ်…
ညီလည်း စာအုပ်နဲ့မဟုတ်ပေမယ့် မျှော်လင့်ချက်တွေမရနိုင်တော့တဲ့ စာရွက်အပိုင်းစတစ်ချို့တော့ရှိတယ် ။
ကောင်းလိုက်တဲ့ စာအုပ်
ဘ၀တစ်ခုကို.. အနှစ်ချုပ်ပြထားတဲ့စာအုပ်
သမိုင်းကြောင်းတစ်ခုကို..သက်သေပြထားတဲ့စာအုပ်
အနာတရတွေကို..ကြေကြေကွဲကွဲ ချပြထားတဲ့စာအုပ်
မသေမချင်းရေးသွားဦးမယ်ဆိုတဲ့..စာအုပ်
................................
ရေးတော့ အစ်ကိုရေ............
ယုံကြည်ချက်ဆိုတာ ဘယ်တော့မှမခမ်းခြောက်တဲ့
မင်ရည်တွေပဲပေါ့......
နောက်ထပ်စာမျက်နှာတွေမှာအကောင်းတွေဖြစ်လာပါစေ လို့ ဆုတောင်းပါတယ် ကိုဆောင်းရေ။
အဲဒီ့စာအုပ်ပေါ့...
ဘ၀တွေကို သိမ်းထုတ်ထားခဲ့တာ။
မျှော်လင့်ချက်စာမျက်နှာတွေမှာ ရေးသားတဲ့ စိတ်မှင်ရည် သီဖွဲ့ အနာဂတ်အတွက်
အကိုရေ....
ကျွန်တော်တို့လက်တွေ အသက်ဆက်ရလိမ့်မယ်။
ကဗျာကောင်းလေးမှာ စီးမျောလိုက်တယ် အကို။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
“နေစုန်းစုန်းမြုပ် ကောင်းကင်မိုးချုပ်”ဆိုတဲ့ အသုံးလေး လှလိုက်တာ အစ်ကို...
တစ်ယောက်တစ်အုပ်စီ ရှိတဲ့ အဲဒီစာအုပ်လေးတွေပေါ့..
စာမျက်နှာလေးဆယ်မှာ….
ဘဝမပုပ်သိုးအောင်
သိက္ခာအထုတ်အပိုးကို ကျစ်ကျစ်ပါအောင်ထုတ်
စာတရွက်ချင်းကို ဘဝနဲ့ယက်လုပ်နေရတဲ့ စာအုပ်…
မြေကြီးလိုကျင့်ရင်း ပွဲလယ်တင့်အောင် ကြိုးစားပေမယ့်
ဝေဒနာတွေ ဖိတ်စင်ပေကျံနေရလို့
နွမ်းလျစွာနဲ့ အိမ်ပြန်ချင်တဲ့အကြောင်းတွေကို
တခါတလေမှာ နာကျင်စွာရေးဖွဲ့နေရတဲ့ စာအုပ်…
ဒီစာအုပ်ဟာ…
ဘယ်တော့မှ ပြန်မရနိုင်တော့မယ့်
”မျှော်လင့်ချက်”စာမျက်နှာတွေရှိခဲ့တဲ့ စာအုပ်…
ဒီစာအုပ်ဟာ….
တချို့စာမျက်နှာတွေပေါ်မှာ
ဟောင်းလွန်းလို့ ဘယ်လိုမှုန်ဝါးဝါး
ချိုမြိန်ဖွယ်ရာ စာသားတွေကို ပြန်မြင်ယောင်ရင်
ကိုယ်တိုင်သီချင်းစပ်ပြီး ဆိုငြီးနေချင်သေးတဲ့
လူတယောက်ရဲ့ ပုံပြင်မဆန်တဲ့ ရာဇဝင်…
ပြီးတော့…
အသစ်ပြင်ရေးမရတော့တဲ့ မှတ်တမ်း
အလွမ်း အကြမ်း အချစ် အမုန်း
အားလုံး..သူ့နေရာနဲ့သူ
စာမျက်နှာတချို့အပေါ်မှာ နေရာယူထားခဲ့တဲ့ စာအုပ်…။
စာအုပ်လေးဆီ ရောက် ဖတ် တွေး ငေး ပြန် သွားတယ် အစ်ကို...။
ကဗျာကောင်းတယ်အကိုရေ..
ဘ၀အနှစ်ချုပ်စာတအုပ်ကို ခံစားသွားကြောင်းပါ။
ခင်မင်လေးစားလျက်
မိုးကြယ်
ရေးနေရဦးမှာပဲပေါ့ အစ်ကိုရေ .......
Post a Comment