Sunday, March 15, 2009

”မိမိကိုယ်ကို မိတ်ဖွဲ့ခြင်း”

ပြီးပြည့်စုံမှု မရှိခြင်းတွေသာ
မပြီးစီးပဲ ပြည့်စုံလာခဲ့ရတယ်
ဟုတ်တယ်..မဟုတ်လား….

”ရင်နာတယ်”ဆိုတဲ့ စကား
မုသား နှုတ်ဖျားပေါ်က ခုန်ချ
ယုံကောင်ကို ငုံပြခဲ့တာလည်း မဟုတ်ဘူး…

ငုပ်ကောင်ပေါ်တဲ့ အလှည့်မရောက်သေးသမျှ
ငိုက်မြည်းသမ်းဝေမှုတွေနဲ့ပဲ အဆုံးသတ်
နွေးထွေးမှုကိုပေးနိုင်မယ့် လက်နှစ်ဖက်လည်း
အအေးပတ်နေခဲ့ရ..
ပြီးတော့..အေးစက်နေခဲ့ကြ…

အဆိပ်တက်ဖူးတဲ့ ဆူးဒဏ်ရာတွေနဲ့
ငါက…ငါ့ကို မိတ်ဖွဲ့လာကြတဲ့ ညဟာ
ရှိသင့်တဲ့ ငါ့မာနတချို့တလေကို
ရိုရိုကျိုးကျိုး ဆက်ဆံလာခဲ့ပြီးတဲ့နောက်
ငါက…..
ငါ့အိမ်ခေါင်ကို စပြီး”မိုး”ခဲ့တာပေါ့…..

သူယောင်မယ်တချို့ရဲ့
မှော်အတတ်တွေ ယဉ်ပါးနေတဲ့လမ်းမှာ
အစွမ်းထက်ထက် ပညာတတ်တချို့တလေရဲ့ ခေါင်းမျိုးနဲ့
ရှောင်တိမ်း သိမ်းခေါက်
ပေါက်ပေါက်ရောက်ရောက် မဖြစ်မြောက်ခဲ့သူမို့
အတ္တတချို့တဝက်ကို လေလံတင်ရင်း
ကြိုက်ဈေးပေးသူကို မျှော်လင့်တသ
အဲဒီအတွက်တော့
အလွမ်းကဗျာတွေပဲ ငါ့ရင်ဘတ်ထဲမှာပြန်တွေ့
ငါကိုယ်တိုင် မေ့နေတဲ့ ကဗျာတပုဒ်ကို
ငါကိုယ်တိုင်ပဲ ပြန်ဖတ်နေခဲ့ရတယ်…

အတိတ်ဆိုတာ..
တခါက ပစ္စုပ္ပန်တွေရဲ့ အနာဂတ်တွေပဲမဟုတ်လား!
ပစ္စုပ္ပန်ရဲ့ အနောက်ဘက် မှုန်မှိုင်းမှိုင်း တနေရာက
မပြီးဆုံးသေးတဲ့ အဆာပြေ ”စိတ်ရိုင်း” တခွက်ကို
ငါကိုယ်တိုင်….
မက်မက်စက်စက် သောက်မော့ခဲ့ဖူးပါတယ်…

ဒါပေမယ့်…
အတိတ်အလီလီကို ကျောမှီဖို့အတွက်
ငါက..
လူဖြစ်လာခဲ့တာမဟုတ်ပါဘူး
ပစ္စုပ္ပန်အကြိမ်ကြိမ်ကို
ဥာဏ်မျက်စိနဲ့ ချိန်ပစ်
အနာဂတ်ကို စိန်ခေါ်ပစ်ခဲ့ချင်သူ တယောက်ပါ…

တွက်ချက်မရနိုင်သေးတဲ့
”အနာဂတ်”တပုဒ်ရဲ့ အဖြေကို
ငါကိုယ်တိုင် ကြိုးစားတွက်ထုတ်နေချင်သေးသမျှ
လူ့ဘဝဆိုတာ
”နေထိုင်ဖို့ကောင်းစရာ”
အကြီးမားဆုံးသော ကမ္ဘာဖြစ်နေခဲ့လေပေါ့…။

12 comments:

Moe Cho Thinn said...

နေထိုင်ကောင်းစရာ နေရာတခု ဖြစ်နေတာကိုက ဘ၀မှာ ကျေနပ်စရာ။
ကဗျာလေးကို အားကျစိတ် အပြည့်နဲ့ ဖတ်သွားပါတယ်။

မိုးမြင့်အောင် said...

ဟုတ်တယ် ရောင်းထုတ်လို့ မရတဲ့မာနတွေအတွက် ကမ္ဘာကြီးကို ရိုရိုသေသေဆက်ဆံရမယ်။ တဘ၀မှတခါ လူအဖြစ်သာရရှိခဲ့ပါသဖြင့် လက်ရှိလူ့ ဘ၀ထက်ကောင်းတဲ့အရာ စိတ်ကူးလို့ မဖြစ်နိုင်ပါ။

လင်းဒီပ said...

လူဘဝကို နေလို့ကောင်းတဲ့အရာလို့ တွေးတဲ့အခါတွေးလိုက်..
စိတ်ကုန်လိုက်တာကွာလို့ ညည်းတဲ့အခါ ညည်းလိုက်ပါပဲ အစ်ကိုရေ...

ကောင်းကင်ပြာ said...

ဒါပေမယ့်…
အတိတ်အလီလီကို ကျောမှီဖို့အတွက်
ငါက..
လူဖြစ်လာခဲ့တာမဟုတ်ပါဘူး
ပစ္စုပ္ပန်အကြိမ်ကြိမ်ကို
ဥာဏ်မျက်စိနဲ့ ချိန်ပစ်
အနာဂတ်ကို စိန်ခေါ်ပစ်ခဲ့ချင်သူ တယောက်ပါ…
ဒါပေမယ့်..ဒါပေမယ့်...ဒါပေမယ့် ပေါ့ အကိုေ၇

Anonymous said...

တွက်ချက်မရနိုင်သေးတဲ့
”အနာဂတ်”တပုဒ်ရဲ့ အဖြေကို
ငါကိုယ်တိုင် ကြိုးစားတွက်ထုတ်နေချင်သေးသမျှ
လူ့ဘဝဆိုတာ
”နေထိုင်ဖို့ကောင်းစရာ”
အကြီးမားဆုံးသော ကမ္ဘာဖြစ်နေခဲ့လေပေါ့…။

ဟုတ်တာပေါ့..
မျှော်လင့်ချက်ဆိုတာ..ဟာ..
သက်တန့်လို..အရောင်စုံနေပါတယ်...အစ်ကိုရာ..

Anonymous said...

ဥာဏ်မျက်စိနဲ့ချိန်ပစ်
အနာဂတ်ကို စိန်ခေါ်ပစ်ခဲ့ချင်သူ တယောက်ပါ..
ဟုတ်တယ်.......
အနာဂတ်ကို စိန်ခေါ်ချင်ပါတယ်.............။

Nyein Chan Aung said...

တွက်ချက်မရနိုင်သေးတဲ့
”အနာဂတ်”တပုဒ်ရဲ့ အဖြေကို
ငါကိုယ်တိုင် ကြိုးစားတွက်ထုတ်နေချင်သေးသမျှ
လူ့ဘဝဆိုတာ
”နေထိုင်ဖို့ကောင်းစရာ”
အကြီးမားဆုံးသော ကမ္ဘာဖြစ်နေခဲ့လေပေါ့…။

ဟုတ်တယ်ဗျာ။ မျှော်လင့်ချက်ရှိနေသေးသမျှ ရှင်သန်ခြင်းရှိနေသေးတယ်။

mgngal said...

အတိတ်အလီလီကို ကျောမှီဖို့အတွက်
ငါက..
လူဖြစ်လာခဲ့တာမဟုတ်ပါဘူး
ပစ္စုပ္ပန်အကြိမ်ကြိမ်ကို
ဥာဏ်မျက်စိနဲ့ ချိန်ပစ်
အနာဂတ်ကို စိန်ခေါ်ပစ်ခဲ့ချင်သူ တယောက်ပါ…
ကောင်းလိုက်တဲ့ အတွေး အရေးလေးဗျာ ။ ကြိုက်တယ်။

ကိုအောင် said...

သုံးသပ်စရာအတွေးတွေ အဖြေတွေပေးထားတဲ့ ကဗျာ တပုဒ်ပဲ ကိုဆောင်ရေ၊ အားပေးလျက်ပါ။

မသက်ဇင် said...

ဒါပေမယ့်…
အတိတ်အလီလီကို ကျောမှီဖို့အတွက်
ငါက..
လူဖြစ်လာခဲ့တာမဟုတ်ပါဘူး
ပစ္စုပ္ပန်အကြိမ်ကြိမ်ကို
ဥာဏ်မျက်စိနဲ့ ချိန်ပစ်
အနာဂတ်ကို စိန်ခေါ်ပစ်ခဲ့ချင်သူ တယောက်ပါ…

ကဗျာလေးကောင်းတယ်----

မမသီရိ said...

အဲဒီအတွက်တော့
အလွမ်းကဗျာတွေပဲ ငါ့ရင်ဘတ်ထဲမှာပြန်တွေ့
ငါကိုယ်တိုင် မေ့နေတဲ့ ကဗျာတပုဒ်ကို
ငါကိုယ်တိုင်ပဲ ပြန်ဖတ်နေခဲ့ရတယ်…
......................
ဟုတ်ရဲ့လား ..
သေချာရဲ့လားကွယ်..
အဲဒီ အလွမ်းကဗျာလေးတွေ ဝေမျှစမ်းပါ့..
နာကျင် ပေါက်ကွဲ ဆွေးမြေ့နေတာတွေနဲ့ မတူးခြားနားတာလေး.. ရေးပါ ကဗျာဆရာရေ..
အတူတူ ခံစား ကြမယ်လေ.. နော်

Moe Myint Tane said...

ဒါပေါ့အကိုရာ မျှော်လင့်ချက်တွေ လမ်းလျှောက်နေသမျှ
ဘ၀ဆိုတာ နေသာနေသေးပါတယ်လေ။


ိစိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်