”နာဂစ်အလွန် နှစ်ဘူတာ”
နာဂစ်ချန်ရစ်ခဲ့တဲ့ ခြေရာလက်ရာတွေအောက်မှာ
ဘဝတွေကို လင်းလက်ပေးစေမယ့် နေရောင်က
တစက်ကလေးမှတောင် မထွက်ခဲ့သေးဘူးတဲ့...
နာဂစ်လေ..
လွန်ခဲ့တဲ့နှစ်နှစ်က တလဟောဝင်ပစ်သွားတဲ့
နာဂစ်ကျည်ဆံတွေရဲ့အောက်မှာ
မိဘပျောက်သားသမီးတွေသာ ကျန်ရစ်ခဲ့ပြီး
သားသမီးပျောက်မိဘတွေလည်း ကျန်ရစ်ခဲ့တယ်...
နာဂစ်ဟာ..
ကျောင်းဆရာမရှိတဲ့ စာသင်ခန်းကိုထားခဲ့ပြီး
စာသင်ခန်းမရှိတဲ့ ကျောင်းဆရာကိုထားရစ်ခဲ့တယ်....
လူမရှိတော့တဲ့ တဲပျက်အိမ်ပြိုတွေကိုထားခဲ့ပြီး
အိမ်မရှိတော့တဲ့ လူတွေကိုလည်းထားရစ်ခဲ့တယ်...
သစ်ပင်မရှိတော့တဲ့ လမ်းပြိုလမ်းပျက်တွေကိုချန်ခဲ့ပြီး
လမ်းမရှိတော့တဲ့ သစ်ပင်အပြိုတွေကိုလည်းချန်ရစ်ခဲ့တယ်...
ငါးတွေမရှိတော့တဲ့ မြစ်အသေကိုစီးဆင်းစေခဲ့ပြီး
မြစ်မရှိတော့တဲ့ ငါးအသေတွေကိုလည်းစီးဆင်းစေခဲ့တယ်...
လယ်ယာမရှိတော့တဲ့ တောရွာတွေကိုစိုက်ပျိုးထားခဲ့ပြီး
တောရွာပျောက်သွားတဲ့ လယ်ယာတွေကိုလည်းစိုက်ပျိုးထားခဲ့တယ်...
ကျွဲနွားမရှိတော့တဲ့ လယ်ကွင်းတွေကိုထွန်ယက်ထားခဲ့ပြီး
လယ်ကွင်းမရှိတော့တဲ့ ကျွဲနွားတွေကိုမွေးမြူပေးသွားခဲ့တယ်...
တရားမရှိတဲ့ အခြေခံဥပဒေသစ်ကိုရေးဆွဲပေးရစ်ခဲ့ပြီး
ဥပဒေမရှိတဲ့တရားကို သူ့ရဲ့မွေးစားသားအဖြစ်ထားရစ်ခဲ့တယ်...
နာဂစ်အလွန် နှစ်ဘူတာမှာတော့
လူညာတွေစုရုံး တိုင်းပြည်ကို ဂတုံးတုံးနေကြတယ်...။ ။
Saturday, May 1, 2010
Posted by ဆောင်းယွန်းလ at 7:30 AM
Subscribe to:
Post Comments (Atom)
7 comments:
တကယ်ပါပဲ ကိုဆောင်းရေ။ တကယ်ထူထောင်မယ်ဆိုရင် နာဂစ်ဝါးမျိုသွားတဲ့အိုးအိမ်တစ်ခုက သူတို့ရဲ့ လူမရှိသူမရှိလမ်းမ ပေါ်မှာ အချိန်ပြည့်ထွန်းထားတဲ့ နီယွန်မီးသီးတစ်လုံးစားတောင်မရှိပါဘူး။ :(
မှန်လိုက်တာ အကိုရယ်........ လူညာတွေစုရုံး တိုင်းပြည်ကို ကတုံး တုံးနေကြတယ် တဲ့...။
လေးစားပါတယ်။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ
ဘယ်သူတွေ ပြည်သူကို ဘယ်လောက်ချစ်ခဲ့သလဲလို့နာဂစ်က ထပ်စမ်းသပ်သွားသေးတယ်.ဗျာ.
အဆုံးသတ်ကတော့ နောက်ဆုံးပိတ်အိတ်နဲ့ 
လွယ်ရအောင်ကို ထိတယ်ဗျာ . . .
ကိုဆောင်းရေ.....
ညီကဗျာလာဖတ်တယ်ဗျာ....... ခုမှပဲလေ....။
အဲ့ဒီနာဂစ်ဖြစ်တုန်းကလည်း........ ညီကအဝေးမှာပဲလေဗျာ.....။
ကဗျာလေးကိုတော့ ခံစားမိပါရဲ့........။
ခင်မင်လေးစားနေဆဲ......
ညီ...
ဏီလင်းညို
ဒီလိုနဲ့ဘဲ ဘ၀တွေတစ်ရစ်ပြီးတစ်ရစ် အနည်ကျခဲ့ရတာပေါ့ အကို။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
အကိုရေ..
ပျောက်နေလို့လာကြည့်တာပါ..။နေကောင်းတယ်နော်..
ခင်တဲ့
ညီမသဒ္ဓါ
Post a Comment