Tuesday, October 19, 2010

”ငွေရောင်ပိတ်ကားပေါ်မှာ ၂၂နှစ်ကြာသွားတယ်”

အမှောင်နွေကို ရုန်းထွက်ဖို့
အရောင်တွေကို သုံးသပ်နေခဲ့ကြတာ
ဆယ်စုနှစ်နှစ်ခုစာမက ကြာသွားခဲ့ရတယ်....

လှမ်းခေါ်ကြည့်ဖို့
လမ်းပေါ်ကြည့်လိုက်မိတော့လည်း
သေနတ်တရမ်းရမ်း ငစွေနဲ့ငကန်းကလွဲလို့ ဘယ်သူမှမရှိ...

တတ်နိုင်သူတွေကတော့...
ရေကြည်ရာမြက်နုရာ ကုမ္ပဏီပိုင် လေယာဉ်ပေါ်ထိုင်ပြီး
ကမ္ဘာတပတ် ခရီးထွက်နေကြလေရဲ့...

တချို့ကတော့..
အသိမဲ့ရစ်ပတ်ခြင်းမှာ
တတိတိ နှောင်တွယ်ပတ်သက်ခဲ့ကြလို့
သတိမဲ့လျှောက်နေခဲ့ကြတဲ့ ဝင်္ကဘာမြက်ခင်းစိမ်းထဲ
မကြာခဏ ယိမ်းထိုးမှောက်ရက်လဲမိကြတော့
ဂယောက်ဂယက် ကောက်ချက်တွေကိုချရင်း
မှိုင်းပြာမှုန်ဝေ အတွေးကျဉ်းကျဉ်းထဲမှာ
တယောက်ကိုတယောက်
အကွဲကန်ပြီး အဆဲသန်နေကြတုန်းပါပဲ...

တချို့တချို့ကတော့..
အမျိုးသားအကျိုးစီးပွား ခေါင်းစဉ်ကိုကပ်
Academic တံဆိပ်ကို ရင်ဘတ်မှာတပ်ပြီး
ကိုယ်ပိုင်ကြီးပွားရေး မိုးရွာနေကြပေါ့..

သူတို့တတွေရဲ့
မိုးတလုံး လေတလုံးစကား
ပြုပြင်ပြောင်းလဲရေး မုသားတွေကြားမှာ
ပြည်သူတွေရဲ့ ဘဝကတော့
ပြားချပ်နေတဲ့ မုန့်လေပွေခပ်ပါးပါးလို
နေဝင်မိုးချုပ်ချိန်အထိ အရည်မရ အဖတ်မရှိ
မျက်စိရိုက်ချိုး နားတွေပေါ်ဓါးမိုးလို့
အသက်တွေပေါ်ကိုတော့ သေနတ်ပြောင်းထိုးခံထားကြရတယ်...

ငါတို့ကိုယ်တိုင်မှာတော့
ပျင်းပျင်းရှိ လေသေနတ်နဲ့ စစ်တိုက်ထွက်နေမိတုန်းပဲ...

ခေတ်ဆိုး ငရဲအိုးထဲမှာ
ဘေးထွက်ထိုင် ကြီးပွားနေသူတွေနဲ့
လေးဘက်ငိုင် ငြီးတွားနေသူတွေရဲ့
ခြားနားချက်တွေကို တွက်ချက်ညှိဟဖို့
တချို့တချို့တွေရဲ့
ဦးနှောက် Calculator တွေက ပျက်နေကြသလို
တချို့တချို့တွေကတော့
နှလုံးသား Visa ကိုပိတ် လူမှုစိတ်တွေကို မီးမှိတ်ထားကြတယ်....

တချို့ကတော့
ဈေးကွက်တော်လှန်ရေးခေတ်ထဲမှာ
သားကောင်နဲ့ အချောင်ဈေးကွက်ရှာကြရင်း
လိမ္မော်ရောင် ညနေခင်းတွေပေါ်က
ပယင်းရောင် တောင်တန်းတွေထဲ
ဈေးအကြီးဆုံး ဆေးပြင်းလိပ်ကို မီးရဲအောင်ခဲလို့
လောကစည်းစိမ်ပေါ် အိပ်ပျော်နေကြတုန်းပါပဲ....

ဒီလိုနဲ့..
အဆုံးမသတ်နိုင်သေးတဲ့ ဇာတ်ကားဟာ
ငွေရောင်ပိတ်ကားပေါ်မှာ ၂၂နှစ်ကြာသွားခဲ့ရလေတယ် ။ ။

No comments: