Tuesday, November 16, 2010

"အိပ်ပျော်နေတဲ့ ငါ့ကာရန်တွေ ပြန်လည်နိုးထလာခဲ့ပြီ ဂျူလီယာ”

အခုတော့...
ငါ့မနက်စာတွေဟာလည်း
ဟိုးတုန်းကထက် ပိုချိုလာခဲ့ကြပြီ ဂျူလီယာ...

ငါ့ပါးပြင်နှစ်ဘက်မှာ
စွတ်စိုနေကြတဲ့ ဟောဒီမျက်ရည်စက်တွေဟာ
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် အမျိုးသားခေါင်းဆောင်တယောက်ရဲ့
နေအိမ်အကျယ်ချုပ် လွတ်မြောက်ခြင်းသတင်းအတွက်
ဝမ်းပမ်းတသာနဲ့ တလိမ့်ချင်းလိမ့်ဆင်းဖြာထွက်လာတဲ့
မျှော်လင့်ခြင်းမိုးစက်တွေသာဖြစ်မှာပါ ဂျူလီယာ...

လူကြိုက်နဲတဲ့ ၁၃ ဂဏန်းရက်စွဲပါ
ဟောဒီလို နိုဝင်ဘာမနက်ခင်းမှာ
အဝေးတနေရာ အမိမြန်မာပြည်က နင်ရေးပို့လိုက်တဲ့
မေးလ်ထဲပါ အကြောင်းအရာတွေကိုဖတ်ရလို့
အခန်းတံခါးပိတ် မီးမှိတ်ထားခဲ့ရဖူးတဲ့
ငါ့ရဲ့ကာရန်တွေ ပြန်လည်နိုးထ
နိမိတ်ပုံအသေတွေလည်း အသစ်တဖန်ရှင်သန်လာခဲ့ကြတယ် ဂျူလီယာ...

ပြီးတော့...
အဲဒီလူကြိုက်နဲတဲ့ ၁၃ ဂဏန်းပါရက်စွဲမှာပဲ
တိတ်တိတ်လေးမျက်ရည်ဝဲ ကြေကွဲခဲ့ဖူးတဲ့
ငါ့သီချင်းသံစဉ်တွေ အငိုတိတ်လို့
တိုလီမုတ်စတွေနဲ့ အစဉ်ရှုပ်ပွနေရတဲ့
ငါ့ရဲ့ စိတ်ဇယားကွက်ထဲမှာ
ပျော်ရွှင်မှုတချို့တဝတ်ကို ပိုင်ပိုင်နိုင်နိုင်ချိတ်ဆွဲနိုင်ခဲ့ပါပြီ ဂျူလီယာ...

လူကြိုက်နဲတဲ့ ၁၃ ဂဏန်းပါရက်စွဲမှာပဲ
အသက်ရှုမွန်းကြပ်ပြီး ညစ်နေတဲ့ငါ့ကဗျာတွေဟာလည်း
မနက်ခင်းရောင်ခြည်သစ်ထဲမှာ လင်းမြ
မျှော်လင့်ခြင်းတွေနဲ့ ပြန်လည်ဝင်းပလာခဲ့ကြတယ် ဂျူလီယာ....

ဂျူလီယာရေ
နိုဝင်ဘာ ၁၃ရက်နေ့က
နင်ပို့ပေးလိုက်တဲ့ မေးလ်ကိုဖတ်ရပြီးတဲ့နောက်
ဟောဒီကဗျာကို ငါ့နှလုံးသွေးဖောက်ပြီးရေးခဲ့တာပါ
ကောင်မလေးရေ
နင့်မျှော်လင့်ချက်တွေကို
မြှားးတချောင်းလို ထက်အောင်သွေးထားခဲ့သလို
နင့်ရဲ့စိုက်ထုတ်မှုတွေကိုလည်း
ဥယျာဉ်မှုးကောင်းတယောက်လို မွေးထားဖို့တော့လိုတယ်ကွဲ့ ။ ။

4 comments:

Anonymous said...

ကိုချိုတူးရေ...

http://saungyunela.blogspot.com/ ကို စဖွင့်တဲ့အချိန် ကျွန်နော် အီးမေးထဲကို ရောက်လာတဲ့အချိန်( အမှတ်မမှားရင်ပေါ့)က စပြီး ကိုချိုတူးရဲ့ ကဗျာတွေကို အမြဲဖတ်ဖြစ်တယ်။ မယုံရင် အိုင်ပီကို စစ်ကြည့်ပေါ့။

ပွင့်အံ့ ထစ်ထုခဲ့တဲ့ စကားလုံးတွေဟာ ခေတ်တခုကို ဖြတ်သန်းနေပါတယ် လို့ စိတ်ထဲ တွေးထင်မိပါတယ်။ ကိုချိုးတူး အတွေးအခေါ် မှန်ပါတယ်။ ဒီကောင် ဘာတွေ လာပြောနေသလဲ ဆိုပြီး အတွေးမချောင်ပါနဲ့လို့ ဆုတောင်းနေမှာပါ။ စကားလုံးများကို အနဲဆုံး အတိုဆုံးအဖြစ် စုစည်းပီး ခေတ်အဖြစ်အပျက်များကို တင်ပြခဲ့တာကို ဆိုလိုပါတယ်။ နောက်တခေတ် လူငယ်တချို့ ကိုချိုတူးရဲ့ ကဗျာများအပေါ် ဖတ်ရှု့ပြီး ၂၀၀၀ခုနှစ် ပတ်ဝန်းကျင် မြန်မာ့အခြေအနေများကို နားလည်နိုင်မှာပါ။ သို့အတွက် အားပေးလျက်ပါ ဆက်လုပ် ရဲဘော်ကြီး ဟဟ နောက်တာ

ခင်မင်စွာဖြင့်

ဖီုးနီ

နှင်းဟေမာ said...

ဂျူလီယာ့အတွက် ကဗျာလေးလာဖတ်သွားတယ် အစ်ကို ...
အမြဲအားပေးလျှက်ပါ

ဒိုင်ယာရီ said...

ခံစားချက်တွေကို စကားလုံးအဖြစ်ထုဆစ်သွားတာ
မိုက်တယ်..လေးစားပါတယ်အကို..
အခုမှ ကဗျာစရေးဖို့ ကြိုးစားနေတဲ့သူပါ
ink ယူသွားပါတယ်..ခွင့်ပြုပေးပါအကို ဆောင်းယွန်းလရေ..

ခေါင်ခေါင် said...

ခုတော့ ၁၃ ဂဏန်းဆိုတာ လူတိုင်းပါးစပ်ဖျားမှာ ရေပန်းအစားဆုံး.. နံပါတ်တစ်ခုဖြစ်နေပါပြီ။


အရေးအသားတွေကတော့ ဟိုးအရင်လို လတ်ဆတ်ပြီး ဆွဲအားပြင်းနေတုန်းပဲ.. ဦးဆောင်း..။