Wednesday, November 21, 2007

အသစ်စက်စက် အဟောင်းထည်

ကဗျာမဆန်လိုက်တဲ့ သီချင်းသံများ
ကာရန်မရှိ မယ်လိုဒီမငြိနဲ့
သွဲ့သွဲ့ပြောင်းပြောင်း မနွဲ့ နှောင်းတဲ့
ခေတ်ရဲ့ သီချင်းသံတွေကဘဲ နံရံတွေကို ထိမှန်ပြီးပြန့်ကျဲ . . .
ကျုပ်ရဲ့ အခန်းငယ်ထဲက မဂ္ဂဇင်းတချို့ 
ကျုပ်ကိုဘဲ အပြစ်ဖို့နေသယောင်ယောင်
အမှောင်ပိတ်ဖုံးနေတဲ့ ဖုံအလိမ်းလိမ်း
ထူပြိန်းပြိန်း သနပ်ခါးပါးကွက်ကြား
စာအုပ်အဖုံးတွေနဲ့ အတွင်းသားမှာလည်း ဆေးသားပြယ် . . .
အပျင်းပြေရုပ်ရှင်ကြည့်ပြန်တော့လည်း
သရဲနဲ့အချစ် စစ်နဲ့အိမ်ထောင်ရေး
သေကောင်ပေါင်းလဲ ၀မ်းရေးအတွက် ချုချာနေတဲ့ဇာတ်အိမ်
ကျုပ်နဲ့ ကျုပ်ရဲ့ ပရိဒေ၀မီးအိမ်ကို မငြိမ်းသတ်နိုင်ခဲ့ . . .
VCD နဲ့ CD ဖွင့်လိုက်တဲ့ ဓါတ်ပြားတိုင်း
ကျုပ်ရဲ့ နားစည်လွှာပေါ်မှာ ရိုင်းရိုင်းပျပျတက်ခုန်လာတဲ့ ၀ါဒဖြန့်ချီမှု
ဘယ်လိုမှ လစ်လျူမရှုနိုင်အောင်စော်ကား
အညောင်းအညာပြေစေငြား
ခရီးသွားတာပဲ ကောင်းပါတယ်လေ . . .
ဒီလိုနဲ့ ခရီးထွက်ဖို့ဟန်ပြင်
မှန်သားပြင်ပေါ်ကို တချက်စိုက်အကြည့်
မိုက်တိမိုက်ကန်း ကျုပ်မျက်နှာကို ကျုပ်ပြန်တွေ့ ရ
ဟ. . ဒါ ခေတ်သစ် သူပုန်လူထွက်တယောက်ဘဲ
မုတ်ဆိတ်မွှေးကျိုးတိုးကျဲတဲနဲ့
ဘာတဲ့. . ငယ်ငယ်က သိပ်အားကျခဲ့ရတဲ့ ချေဂွေဗားရား
အဲဒီရောဂါကို ခုထိပျောက်အောင် မကုစားနိုင်သေးပါလား . . .
အသေအချာ ပြန်စဉ်းစားတော့
ဒီနှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတွေရဲ့ တရားခံက
ကျုပ်နဲ့ ကျုပ်ရဲ့ အပျင်းထူမှုသက်သက်သာ . . .
တခါတခါ တချို့ ကမေးသေးတယ်
ဘာရယ်. . ဘာဘာသာကိုးကွယ်သလဲတဲ့
ဟာဗျာ ဘုန်းကြီးကျောင်းမှာတွေ့မှဘဲ
ဘုရားကျောင်းတွေမှာ တွေ့ရမှဘဲ
ဒီငနဲဟာ ဗုဒ္ဓ၊ ခရစ်၊ အစ္စလာမ် တခုခုဖြစ်ရတော့မတဲ့လား
တအားတအားအော်ပြီး ပြောလိုက်ချင်
လူနဲ့လူ့ပတ်ဝန်းကျင်မှာ
လူပီသဖို့က အရေးကြီးဆုံးဖြစ်တယ်ဆိုတာကို . . .
ဘာလိုလိုနဲ့ ကဗျာက တောရောက်တောင်ရောက်
အတိုင်အဖေါက် မညီမညာနဲ့
ကြာရင် ခင်ဗျားပါ ဖတ်ရင်းနဲ့ ရူးချင်သွားဦးမယ် . . .။
ကဲ. စပြောမယ်နားထောင်
ခေတ်အမှောင်ကြီးထဲမှာ ခင်ဗျား ကျနော်
ဘယ်သူ့ကိုမှ မယောင်ရာဆီမလူးစေချင်ဘူး
မြားဦးတွေကို ဘေးမချော်စေနဲ့
ကျုပ်တို့အားလုံးရဲ့ ပစ်မှတ်က ရှေ့ တည့်တည့်မှာ
ငြိမ်းချမ်းရေး ဆရာမဟာ သူ့အလုပ်သူလုပ်မယ်
သူပုန်က သူပုန်အလုပ်လုပ်
နိုင်ငံရေးဆရာက သူ့စာသူသင်
ကဗျာရှင်က သူ့ကဗျာသူရေး
တေးရေးအဆိုတော်က သူ့သီချင်းသူဆို
ဘာမှမသိသလို နေသူတွေအတွက်တော့
အချိန်ဆိုတဲ့လှိုင်းတခုက
ရိုက်ပုတ်ဖယ်ရှားသွားလိမ့်မယ် . . .။
ဆောင်းယွန်းလ
နိုဝင်ဘာ ၂၁၊၂၀၀၇

1 comment:

ကောင်းကင်ကို said...

“ဘာရယ်. . ဘာဘာသာကိုးကွယ်သလဲတဲ့
ဟာဗျာ ဘုန်းကြီးကျောင်းမှာတွေ့မှဘဲ
ဘုရားကျောင်းတွေမှာ တွေ့ရမှဘဲ
ဒီငနဲဟာ ဗုဒ္ဓ၊ ခရစ်၊ အစ္စလာမ် တခုခုဖြစ်ရတော့မတဲ့လား
တအားတအားအော်ပြီး ပြောလိုက်ချင်
လူနဲ့လူ့ပတ်ဝန်းကျင်မှာ
လူပီသဖို့က အရေးကြီးဆုံးဖြစ်တယ်ဆိုတာကို “

ကဗျာ အရမ်းထိတယ်။ အဲဒီ့ အပိုဒ်ကို အကြိုက်ဆုံးပဲဗျာ။ လောကမှာ လူသားချင်းစာနာထောက်ထားပြီး လူပီသဖို့ က အရေးအကြီးဆုံးလို့  ကျွန်တော်လည်းခံယူထားပါတယ်။ ဘာသာတရားတွေ ကိုးကွယ်နေပေမယ့် ကိုယ်ကျင့်တရားမကောင်းရင် အလကားပဲဗျာ။

ကိုဆောင်းရဲ့ ကဗျာတွေကိုအားပေးနေပါတယ်။