Thursday, December 27, 2007

ထာဝရရှင်သန်နေသောပန်းတပွင့်

မိမိသည်……………………………………………………………………………………………………..
အရွယ်လွန်ရွေ့လျားခြင်းများရဲ့အနားသတ်မျဉ်းများအပေါ်တွင်အစီအစဉ်တကျရေးဆွဲခံရခြင်း
မျိုးမဟုတ်ဘဲ အိပ်မက်ရှည်ကြီးတခုကိုမက်နေရသူတဦးကဲ့သို့မြောလွင့်နေမိသည်။ သို့သော်
မိမိသည်လေထဲတွင်မြောလွင့်နေခြင်းမဟုတ်သလို စိတ်ကိုထွက်ပေါက်တခုရှိရာသို့လွင့်မြော
နေစေခြင်းလည်းမဟုတ်ပါ။ မိမိကိုယ်ကိုစွန်တကောင်ကဲ့သို့ အမြင့်ဆုံးရောက်အောင်လွှတ်တင်
နေမိပေဧ။်။ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး တခြားသောစွန်လွှတ်သူများနှင့်စကားပြောခဲ့
ဖူးပါသည်။စွန်တကောင်ကိုအမြင့်ဆုံးရောက်အောင်လွှတ်တင်ပြီးခံစားရသောစိတ်ခံစားမှုများအ
ကြောင်းမိမိလိုရာသို့ထိန်းချုပ်ယူပြီးရရှိလာသောခံစားချက်များအကြောင်းပြတ်တောက်သွား
သောစွန်ကလေးများနှင့်အတူလေယူရာသို့လွင့်မြောပါသွားတတ်သောစိတ်ပိုင်းဆိုင်ရာခံစား
ချက်များအကြောင်းတို့ကိုစွန်လွှတ်ဖူးသူတို့သာခံစားသိရှိနိုင်ပေလိမ့်မည်။

တကယ်လို့များ
သောကချောက်ကမ်းပါးထဲမှာ
ငါ…
လဲကျနေခဲ့သည်ရှိသော်
ပျော်နေနိုင်မဲ့သူမင်းအတွက်
လတ်ဆတ်သော လက်ဆောင်တခု
နှလုံးသားနဲ့ထုဆစ်လို့ပေးခဲ့ပါရစေ….

တကယ်လို့များ
ငါ့ရဲ့နှလုံးသားရပ်ဝန်းမှာ
မင်းရဲ့အမုန်းဆိပ်တွေမွန်းကျပ်နေခဲ့ရင်တောင်
အဲဒ်ီနှလုံးသားကိုဘဝနဲ့လောင်းကြေးထပ်ရင်း
ငါ့ရဲ့မျှော်လင့်ခြင်းမြစ်တစင်းထဲမှာ
မွေးဖွားယူပါရစေ….

တကယ်လို့များ
ချစ်ခြင်း မုန်းခြင်းအားလုံး
ငါ့ရဲ့ကမ္ဘာမှာ အဆုံးသတ်သွားခဲ့သည်ရှိသော်…
တကယ်လို့များ
တစိမ့်စိမ့်ယိုစီးနေသောနှလုံးသွေးများ
ငါ့ရဲ့ခန္တာမှာရပ်ဆိုင်းသွားခဲ့ပါလျှင်…
ငါအမြင်ချင်ခဲ့ဆုံးအရာတခုက
မင်းကိုလည်းမဟုတ်ခဲ့
မင်းရဲ့ချစ်ခြင်းသင်္ကေတလည်းမဟုတ်ခဲ့
ငါ့ရဲ့နှလုံးသားအနက်ရှိုင်းဆုံးတနေရာမှာပွင့်ခဲ့တဲ့
မင်းတခါမျှမတွေးခဲ့ဖူးတဲ့
ထာဝရအနင်းခံပန်းတပွင့်လန်းစွင့်နေစေဖို့သက်သက်ဆိုရင်
မင်းငါ့ကိုအပြစ်မြင်မှာလား…

ဒါပေမယ့် မေ
ခံစားတတ်သူတိုင်းရဲ့နှလုံးသားတွေမှာ
သူတို့အသက်ထက်ပိုလို့မြတ်နိုး
သူတို့ချစ်သူထက်ပိုလို့ကိုးကွယ်တဲ့အရာတခုကို
ဘဝပေးအသိနဲ့ရင်းနှီးပြုစုကြတယ်ဆိုတာ
မင်းသိလာမယ့်တနေ့ကျရင်
အသက်သေသော်လည်းနာမရှင်သန်နေသူတို့အကြောင်း
မင်း..ကောင်းကောင်းနားလည်လာပါလိမ့်မယ်လေ….။

ဆောင်းယွန်းလ

2 comments:

Kaung Kin Ko said...

ကဗှာလေးကောင်းတယ်ဗျာ။ နောက်ဆုံးအပိုဒ်ကို အကြိုက်ဆုံးပဲ။

Nyein Chan Aung said...

ကဗျာ ရဲ့ဆိုလိုရင်းကို ကြိုက်တယ်ဗျာ။ ပထမ အပိုဒ်နဲ့ ဒုတိယအပိုဒ် ဖွဲ့ထားတာကတော့ ပြောင်မြောက်လွန်းတယ်။