Tuesday, December 25, 2007

”ရာဇဝင်သစ်”
ယမ်းငွေ့တွေပြယ်
ရိုက်နှက်သံတွေနဲ့
သေနတ်သံတွေစဲသွားတဲ့အခါ
ပိုင်ရှင်မဲ့သွားတဲ့ဖိနပ်တွေပြန့်ကျဲ
မြို့ပြရဲ့လမ်းမထဲက
အမှန်တရားတွေကို သတ်ဖြတ်ပွဲတခု။

ကလေးလူကြီးမကျန်
အမှန်တရားတွက်
အသက်ထွက်ခဲ့ရ
ရက်စက်သူကြီးတွေရဲ့
အမှန်တရားဖွက်ပွဲမှာ
မျက်လှည့်ဆရာက
အာဏာရှင်အလိုကျအသုံးတော်ခံ
စီးပွားရေးသမားအလိုကျကပြ။

လမ်းမတွေမှာတော့သွေးကွက်ပေကျံ
မျက်ရည်စလိမ်းကျံ
စုပ်သပ်သံပြည့်လျှံ
တောက်ခတ်သံပြင်းထန်
ဒဏ်ရာတွေနဲ့ကျန်ရစ်
စူးစူးနစ်နစ်အော်ဟစ်သံတွေနဲ့အတူ
လူသူမဲ့သွား။

ကာလတခုကိုအရှိန်မှန်မှန်ဖြင့်ခုတ်မောင်းသွားပြီးနောက်……

နွေဦးညများ
မိုးသည်းနေ့များနဲ့
ဆောင်းရိုင်းနှင်းတွေထဲမှာ
ဟိုးယခင်ကလိုမဆော့နိုင်တဲ့ကလေးများ
စက်တင်ဘာရဲ့မုန်တိုင်းများနဲ့အတူ
ရာဇဝင်တခုကိုသင်ယူခဲ့ကြရ
ဒါ.ဘယ်လိုမှမေ့မရနိုင်ကြမဲ့
ကျောင်းဝင်းပြင်ဖက်ကပြဌာန်းချက်။

ဆွံ့အသွားတဲ့နေရောင်
အမှောင်ကျသွားတဲ့ဘဝတွေအတွက်
တရိပ်ရိပ်ပြေးတက်လာတဲ့သူတို့ရဲ့အသိစိတ်
ဘယ်လိုမှတားဆီးပိတ်ပင်မရနိုင်။

ခေတ်တခေတ်မှာ
အနိုင်မရခဲ့ကြပေမယ့်
မညံ့ကြတော့တဲ့
မျိုးဆက်သစ်တွေရဲ့ခေတ်မှာ
ရာဇဝင်အသစ်တခု
သူတို့ရေးသားပြုစုကြလိမ့်မယ်။

ဆောင်းယွန်းလ

No comments: