Saturday, February 23, 2008

”သို့…အမေ…အတွက်….သား၏ပေးစာ….ကဗျာ”
နွမ်းနယ်တဲ့မျက်ရည်စတွေ
အမေ့မျက်နှာမှာနှစ်ပေါင်းများစွာကြွေခဲ့ဖူးပြီ
အပူရှိန်ပြင်းတဲ့ငြီးသံငြူသံတွေ
အမေ့အိမ်နံရံ ခေါင်မိုးနဲ့ ကြမ်းခင်း နေရာအနှံ့လျှံကျခဲ့ဖူးပြီ
ခြောက်သွေ့တဲ့နေ့ရက်တွေ
အမေ့စာမျက်နှာမှာပျော်ဝင်နစ်မြုပ်ခဲ့ဖူးပြီ
ရမ်းကားတဲ့နတ်ဆိုးတွေက
အမေ့ကမ္ဘာမြေကိုအဓမ္မဓားမိုးခဲ့ရင်း
အမေ့သွေးဖြစ်တဲ့ မွေးချင်းတွေရဲ့အနာဂတ်တွေကို
သူတို့အတ္တတွေအတွက် အမြစ်ကနေလှဲဖြိုခဲ့ကြဖူးပြီ…..

အမေ့ကမ္ဘာကိုပိုင်စိုးသူတွေကဘဲ
အမေ့ကိုအပျိုရည်ဖျက်
အမေ့ကမ္ဘာကိုပိုင်စိုးသူတွေကဘဲ
အမေ့အသက်ဇီဝိန်ကိုခြွေ
ဧရာဝတီလည်းငိုနေခဲ့ရ
သံလွင်မှာဆိုလည်း သွေးတွေစီးကျမနဲ
ဒေါနဆိုတာကတော့ အမြဲယမ်းငွေ့ဝေ
ဧရိယာစတုရန်းမိုင်ပေါင်းနှစ်သိန်းခြောက်သောင်းကျော်ထဲ
အမေ့သားသမီးတွေလည်း သေသူသေပျောက်သူပျောက်
အဝေးရောက်နေသူတွေလည်းမပျော်နိုင်
ခေတ်ဆိုးရဲ့ညမနက်တွေကို လက်ပစ်ကူးရင်း
သောကမြစ်အစင်းရာထောင်ကိုဖြတ်နေကြရ….

တကယ်တော့…အမေ
အမေ့သားသမီးတွေပိုင်ဆိုင်ရမယ့်ဘဝဆိုတာ
အမေ့ကမ္ဘာတစ်ဖက်ခြမ်းက အများသူငါတွေလိုမျိုး
ကိုယ့်မြေကြီးကိုယ်လွတ်လွတ်လပ်လပ်နမ်းရှိုက်ခွင့်
ကိုယ့်သဘာဝကိုယ်မက်မက်မောမောဆောက်ယူပိုင်ခွင့်
ကိုယ့်ပတ်ဝန်းကျင်ကိုယ်တရှိုက်မက်မက်ဆက်ဆံပိုင်ခွင့်
ကိုယ့်ချစ်သူနဲ့ကိုယ်တစ်အိုးတစ်အိမ်ထူထောင်ပိုင်ခွင့်
ကိုယ့်မိဘကိုယ်အနီးကပ်ဦးချကန်တော့ခွင့်
ကိုယ့်ဘဝကိုယ်ထိမ်းကျောင်းပိုင်ခွင့်..အစရှိတဲ့အခွင့်တွေပါ…
အနောက်နိုင်ငံက ကလေးတွေဆိုရင်
ကိုယ့်အားကိုယ်ကိုးပိုင်ခွင့်ကိုယ်စီကိုယ်ငှနဲ့
သူတို့ရဲ့ဘဝတွေကိုသူတို့ကိုယ်တိုင်တည်ဆောက်
ကြောက်စိတ်စိုးစဉ်းမျှမရှိ
သိချင်တတ်ချင်သမျှကိုစူးစမ်းပိုင်ခွင့်ရှိကြ….

သူတို့ကလေးတွေက
ဒေါ်လာသန်းချီတန်တဲ့ ဆုတွေမျှော်မှန်းရင်း
သီချင်းတစ်ပုဒ်ကြိုးစားထုတ်လုပ်တဲ့အခါ
ကျနော်တို့ကလေးတွေက
ထောင် ၇နှစ်နဲ့အနှစ်၂၀မျှော်မှန်းရင်းသီချင်းရေးကြရ
သူတို့ကလေးတွေက
ဒေါ်လာသန်းချီတန်တဲ့ ရွှေရောင်အိပ်မက်ကဗျာတွေရေးတဲ့အခါ
ကျနော်တို့ကလေးတွေက
မသေချာတဲ့အနာဂတ်တွေအကြောင်း
အံတွေကြိတ်ချလိုက်ရရင်း သက်ပြင်းမောတွေဖြစ်သွားရတဲ့အကြောင်း
အရေးမတတ်ရင် အခန်းကျဉ်းထဲမှာနှစ်ပေါင်းများစွာအောင်းနေရနိုင်တဲ့
ခေတ်ရဲ့အကြောင်း ကဗျာတွေရေးဖွဲ့နေကြရ
သူတို့ကလေးတွေက
အတွေးအခေါ်တစ်ခုကို ဒေါ်လာသန်းပေါင်းများစွာမျှော်မှန်းရင်း
စံနစ်တကျဖြန့်ခင်းပြနေကြတဲ့အချိန်မှာ
ကျနော်တို့ကလေးတွေက
အစာရေစာငတ်ပြတ်ရင်း
လမ်းတကာလျှောက်လို့ ဈေးတောင်းရွက်နေကြရ
သူတို့ကလေးတွေက ကမ္ဘာနဲ့ရင်ဘောင်တန်းရင်း
လေ့ကျင့်ရေးကွင်းဆင်းကြတဲ့အခါ
ကျနော်တို့ကလေးတွေက
နံနက်စာညစာအတွက် လောကဓံစာသင်ကျောင်းကိုအခမဲ့တက်နေကြရ….

အမေရယ်…
လူရယ်လို့သိစကတည်းက ကျခဲ့ရတဲ့မျက်ရည်
အမေ့နယ်မြေမှာပင်လယ်ဝေနေခဲ့တာ…ကြာပေါ့
လူရယ်လို့ဖြစ်လာကတည်းက ပူလောင်ခဲ့တဲ့ငြီးငြူသံ
အမေ့အခန်းနံရံတွေပေါ်ကလျှံကျ ဆူညံခဲ့ရတာလည်း…ကြာပေါ့
ကျောကော့အောင်ပူတဲ့နေနဲ့နတ်ဆိုး
ဘဝတွေကိုဓားလိုမိုးရင်း နောက်ကျောကိုထိုးနေခဲ့တာ…ကြာပေါ့….

ဒါပေမယ့်..အမေ
လောကဓံလေမုန်တိုင်းတွေတိုက်နေပေမယ့်လည်း
အမြဲဦးမော့ထားတတ်တဲ့အမေ့အတွက်
မြန်မာပြည်ဆိုတဲ့ ရွှေရောင်နိုင်ငံတစ်ခု
ကမ္ဘာ့မြေပုံထဲက ထွက်မကျသွားအောင်ပြုစုဖို့တာဝန်
ကျနော်တို့ကျေချင်တယ်အမေ….

ဒါကြောင့်…အမေကမွေးပြီး
အမေကျွေးလိုက်တဲ့လက်ကိုပြန်ကိုက်တတ်တဲ့နတ်ဆိုးကို
ကျနော်တို့က တစ်စစီဖြိုရမယ်အမေ
နတ်ဆိုးရဲ့ယန္တရားတစ်ခုလုံးကိုဖြိုဖျက်ဖို့ဆို
အလိုအပ်ဆုံးအရာကညီညွတ်ရေး
အဲဒီညီညွတ်ရေးကိုWelcomeလုပ်ဖို့အတွက်
အတ္တပြူတင်းပေါက်ကိုယ်စီကို ခေတ္တပိတ်ထားကြရမယ်
ပြီးတော့ ရင်ခွင်ကျယ်ကိုယ်စီကို ပွင့်ပွင့်လင်းလင်းဖွင့်ရင်း
အလင်းတံခါးဝဆီကို ပြိုင်တူချီတက်ကြရမယ်
စကားလုံးခါးခါးတွေကိုဝါးမြိုရင်းကြီးပြင်းလာကြတဲ့
ကျနော်တို့အားလုံး…
ဒီအချိန်ကစပြီး ခွန်အားရှိသောစကားလုံးတွေကိုစားသုံးရင်း
အမေ့ဂုဏ်သတင်းအတွက်
ကျနော်တို့ရဲ့အသက်ဘဝတွေကိုပေးဆပ်ကြမယ်
အမေ့နံနက်ခင်း
မြေသင်းနံ့တွေမွှေးပျံ့စေတော့
အမေ့ညနေခင်း
ရွှေရောင်အလင်းတောက်ပစေတော့
အမေ့ဘဝအေးမြစေတော့
အမေဆိုတဲ့ မြန်မာပြည်
မကြာမီ…
ချိုးဖြူငှက်တွေတေးသီဆိုရင်း သာယာပါစေတော့လေ….။

ဆောင်းယွန်းလ

7 comments:

Yaw Han Aung said...

ကဗျာကို တင်တင်ချင်း လာဖတ်သွားပါတယ်ခင်ဗျား။ အားပေးလျှက်ပါ။ အမေ့သားတွေ အိမ်ပြန်ချိန်လည်း ရောက်လာမှာ ပေါ့ဗျာ။

Nyein Chan Aung said...

ကဗျာကောင်းတယ် ကိုဆောင်း။ ဟုတ်တယ်...

အမေ့ဂုဏ်သတင်းအတွက်
ကျနော်တို့ရဲ့အသက်ဘဝတွေကိုပေးဆပ်ကြမယ်
အမေ့နံနက်ခင်း
မြေသင်းနံ့တွေမွှေးပျံ့စေတော့
အမေ့ညနေခင်း
ရွှေရောင်အလင်းတောက်ပစေတော့
အမေ့ဘဝအေးမြစေတော့
အမေဆိုတဲ့ မြန်မာပြည်
မကြာမီ…
ချိုးဖြူငှက်တွေတေးသီဆိုရင်း သာယာပါစေတော့လေ….။

မကြာမီ ချိုးဖြူငှက်တွေ တေးသီနိုင်မယ်လို့ မျှော်လင့်ပါတယ်ဗျာ...။

ပြည့်စုံ said...

ကိုဆောင်းရေ..

နွမ်းနယ်တဲ့မျက်ရည်စတွေ
အမေ့မျက်နှာမှာနှစ်ပေါင်းများစွာကြွေခဲ့ဖူးပြီ
အပူရှိန်ပြင်းတဲ့ငြီးသံငြူသံတွေ
အမေ့အိမ်နံရံ ခေါင်မိုးနဲ့ ကြမ်းခင်း နေရာအနှံ့လျှံကျခဲ့ဖူးပြီ
ခြောက်သွေ့တဲ့နေ့ရက်တွေ
အမေ့စာမျက်နှာမှာပျော်ဝင်နစ်မြုပ်ခဲ့ဖူးပြီ
ရမ်းကားတဲ့နတ်ဆိုးတွေက
အမေ့ကမ္ဘာမြေကိုအဓမ္မဓားမိုးခဲ့ရင်း
အမေ့သွေးဖြစ်တဲ့ မွေးချင်းတွေရဲ့အနာဂတ်တွေကို
သူတို့အတ္တတွေအတွက် အမြစ်ကနေလှဲဖြိုခဲ့ကြဖူးပြီ…..

လှပတော့မယ့်မနက်ဖြန်နှင့်အတူ
မျှော်လင့်ချက်တွေ အကောင်အထည်ပေါ်လာမှာပါ....

honey said...

I wish the same for Mother Land too

Yan said...

အဲဒီညီညွတ်ရေးကိုWelcomeလုပ်ဖို့အတွက်
အတ္တပြူတင်းပေါက်ကိုယ်စီကို ခေတ္တပိတ်ထားကြရမယ်
ပြီးတော့ ရင်ခွင်ကျယ်ကိုယ်စီကို ပွင့်ပွင့်လင်းလင်းဖွင့်ရင်း
အလင်းတံခါးဝဆီကို ပြိုင်တူချီတက်ကြရမယ်

အဲဒီ့စာသားလေးတွေ ကောင်းတယ်ဗျာ. ကဗျာတစ်ပုဒ်လုံးလည်း ကောင်းပါတယ်. ကိုခင်ဝမ်းဆိုတဲ့ အမေသီချင်းကို သတိရမိသွားတယ်.

Smilemay said...

ကဗျာ တစ်ပုဒ်လုံးကောင်းတယ် “သူတို့ကလေးတွက ” ဆိုတဲ့ ကဗျာ ပိုဒ်ကိုနဲ့ နောက်ဆုံးအပိုဒ်ကို အကြိုက်ဆုံးပဲ။

May Thit Sar Maung said...

ခံစားချက် အပြည့်အ၀နဲ့ရေးထားတဲ့ ဒီကဗျာလေးကို ဖတ်သွားပါတယ် အစ်ကိုရေ…