Sunday, February 3, 2008

”အတွေးရေယာဉ်ကြောတွင်စိတ်မသက်သာစွာမြောပါမိခြင်း”
ကျနော်သူ့ကိုတွေ့ဖူးသည်မှာသိပ်မကြာလှသေးပါ။ မှတ်မှတ်ရရဆိုရလျှင် ကျနော်သူ့ကိုစပြီးသိ
ခဲ့ရတာ ၂ လကျော်ရုံလေးဘဲရှိပါသေးတယ်။ သူရဲ့ခန္ဓာကိုယ်အချိုးအစားကသိပ်ပြီးပိန်လွန်းတယ်လို့သတ်မှတ်နိုင်ရလောက်အောင် သူကပိန်
လှီလွန်းလှသည်။ သူ့မျက်လုံးတွေက အမြဲရီဝေနေတတ်တယ်ဆိုတာကို ကျနော်သူနဲ့တွေ့တိုင်း
သတိထားမိခဲ့၏။ ကြုံလှီလှတဲ့သူ့မျက်နှာပေါ်မှာ ပါးသိုင်းမွှေးခပ်ရှည်ရှည်တွေက အမြဲနေရာယူ
ထားတတ်ပြီး မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးတွေကလည်းသူ့မျက်နှာပေါ်မှာအချိန်ပြည့်ရှိနေတတ်
ကြတာကို သူနဲ့စတွေ့ပြီးချိန် ၂ လလောက်မှာကျနော်ကောင်းကောင်းသတိထားမိခဲ့ပါတယ်။
သူ့မှာအသက်၆၀ကျော်အရွယ် အမေအိုကြီးတယောက်ရှိသလို သမီး ၂ ယောက်လည်း ရှိပါ တယ်။ သူ့အမေကြီးကလည်းသူနဲ့တူလို့ပိန်လွန်းတာလား ဒါမှမဟုတ်အသက်ရလာပြီး လောက ဓံကိုခါးခါးသီးသီးခံခဲ့ရလို့လားမသိ ပိန်တာတော့တော်တော့်ကိုပိန်လွန်းလှသည်။ သူ့သမီး ၂ ယောက်ကတော့ ၁၀ နှစ်နဲ့ ၇ နှစ်ပတ်ဝန်းကျင်လောက်ရှိမယ်လို့ ထင်ရရဲ့။ သူက ကျနော် နေတဲ့မြို့ကိုရောက်လာတာ ၂ လကျော်ကျော်လောက်ရှိပါပြီ။ သူတို့မိသားစုဟာအားငယ်မှုတွေကို တပွေ့တပိုက်သယ်ယူလာရင်း နိုင်ငံသစ်တနိုင်ငံကို ဒုက္ခသည်ဆိုတဲ့တံဆိပ်ကြီးကိုရင်ဘတ်မှာကပ်ပြီးရောက်လာကြတာဖြစ်ပါတယ်။
ကျနော်ဘာကြောင့်သူ့နေရာက ဝင်ရောက်ခံစားကြည့်ပြီးဒီလိုပြောနိုင်သလဲဆိုတော့
ကျနော်ကိုယ်တိုင်လည်း သူတို့လိုပုံစံမျိုးနဲ့အခုလိုနေရာကို လွန်ခဲ့တဲ့ ၇ နှစ်ကျော်လောက်က ရောက်လာခဲ့လို့ပါဘဲ။
သူတို့အတွက်ပိုပြီးဆိုးဝါးတာက သူဟာအတန်းပညာကို ၃ တန်းလောက်အထိဘဲသင်ခဲ့ဖူးပြီး
သူ့ရဲ့အမေဆိုရင်စာတလုံးမှတောင်မတတ်လို့ပါဘဲ။ သူ့အမေကြီးဆိုရင် စာရွက်စာတန်းတွေမှာ
လက်မှတ်မထိုးတတ်လို့တခါတလေ ကြက်ခြေခတ်လုပ်ရသလို တခါတရံကျတော့လည်း
လက်မှတ်အစား လက်ဗွေနှိပ်ရတာတွေရှိပါတယ်။
တကယ်တော့သူ့ကို ကျနော်ရင်းရင်းနှီးနှီးသိလာရဖို့သိပ်သေချာတဲ့အကြောင်းရင်းက ကျနော်
ဟာသူတို့မိသားစုရဲ့ အမေရိကန်နိုင်ငံမှာနေရေးထိုင်ရေးနဲ့ကျန်းမာရေးတာဝန်တွေကိုဖြေ့ရှင်း
ဆောင်ရွက်ပေးနေရတဲ့ ဒုက္ခသည်များကူညီစောင့်ရှောက်နေရာချထားရေးအေဂျင်စီတခုက
ဝန်ထမ်းတယောက်ဖြစ်နေလို့ပါဘဲ။
တနေ့မှာ ကျနော်သူ့ရဲ့ကျန်းမာရေးဆေးစစ်မှတ်တမ်းတွေကို သူတို့မိသားစုရဲ့ကိုယ်ရေးရာဇဝင်
ဖိုင်တွေကိုဟိုဟိုဒီဒီလှန်လှောရင်း ဖတ်ကြည့်ခဲ့မိပါတယ်။ အဲဒီမှာတင် ကျနော်တော်တော်လေး
တုန်လှုပ်ပြီး ခေါင်းကြီးသွားခဲ့ပါတယ်။ အကြောင်းရင်းကတော့ သူနဲ့သူ့အမေရဲ့သွေးထဲမှာ ခုခံ
အားကျဆင်းမှုရောဂါကိုဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေရှိနေတယ်လို့ ဆေးမှတ်တမ်းတွေက အခိုင်
အမာပြဆိုထားလို့ဘဲဖြစ်ပါတယ်။ ဒီအခိုက်အတန့်မှာဘဲ ကျနော့်ခေါင်းထဲကိုဝင်လာတဲ့အသိတ
ခုကတော့ သူတို့မိသားစုအတွက် လုပ်ပေးစရာရှိတဲ့အရာအားလုံးကိုဖိဖိဆီးဆီးလုပ်ပေးရမယ်
ဆိုတဲ့အသိဘဲဖြစ်ပါတယ်။ လောလောဆယ်အခြေအနေမှာ ကျနော်တာဝန်ယူထားရတဲ့ကေ့စ်
ပေါင်း ၄၀ကျော် ၅၀နီးပါးရှိလို့ အလုပ်တွေတအားပိနေပေမယ့်သူတို့မိသားစု အတွက်ဖြေ့ရှင်း ရမယ့်တာဝန်တွေကို ပိုပြီးဦးစားပေးပြီးလုပ်ပေးရမယ်ဆိုတဲ့ အသိကြီးတခုက ကျနော့်ခေါင်း
ထဲကိုသံမှိုနဲ့ရိုက်ထားသလိုစွဲနေစေခဲ့ပါတယ်။
သူနဲ့သူ့အမေရဲ့ကျန်းမာရေးအခြေအနေကို အတိအကျသိလာရပြီးတဲ့နောက်ပိုင်းမှာ ကျနော်
ဟာ သူတို့ရဲ့မျက်နှာကိုအရင်ကထက်ပိုပြီးလေ့လာကြည့်ခဲ့မိပါတယ်။ ဒါပေမယ့်သိပ်ပြီးထူးဆန်း
တာက သူတို့မျက်နှာမှာ သူတို့ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ဘာမှထွေထွေထူးထူး
ခံစားရတဲ့အရိပ်အရောင်ကိုမတွေ့ရတာပါဘဲ။ ကျနော့်အနေနဲ့သိပ်ပြီးတုန်လှုပ်ရမယ့်အနေအ
ထားမျိုးမှာ သူတို့အနေနဲ့ဘာမှတုန်လှုပ်မှုမရှိတာကိုတွေ့ရလို့လည်း အံ့သြမိတာအမှန်ပါ။
ဒီလိုနဲ့တနေ့မှာ သူတို့နဲ့ဒုက္ခသည်စခန်းထဲမှာကတည်းကအတူနေလာကြပြီးခင်မင်ရင်းနှီးတဲ့
အမျိုးသမီးတယောက်က ပြောပြလို့ သူ့သမီးအငယ်မလေးရဲ့ခြေထောက်မှာ ရေယုန်လိုမျိုးအနာဖြစ်နေတယ်လို့ကျနော့်ကိုပြောပြတော့ ကျနော့်ရင်ထဲမှာတော်တော်ထိတ်
လန့်သွားမိပါတယ်။ ဒါနဲ့ကျနော်လည်းကလေးရဲ့အနာကိုလိုအပ်ရင်ဆေးခန်းမှာပြရအောင်ဆိုပြီး
သူတို့အခန်းဘက်ကိုရောက်သွားခဲ့ပါတယ်။ ကျနော်ရောက်သွားတော့ သူတို့အခန်းမှာသူ့အမေ
အိုကြီးတယောက်ပဲရှိနေတာကိုတွေ့ရပါတယ်။ ကျနော်က ကလေးရဲ့ခြေထောက်ကအနာ
နဲ့ပတ်သက်တဲ့အကြောင်းစုံကိုမေးကြည့်တဲ့အခါ အမေအိုကြီးက ကလေးရဲ့အနာပျောက်သွားပြီ
ဆိုတဲ့အကြောင်းနဲ့ အနာကိုသူ့အဖေလုပ်သူက လက်သည်းနဲ့ကုတ်ပြီး ဗမာဆေးတမျိုးကိုထည့်
ပေးလိုက်လို့ပျောက်သွားတာဖြစ်ကြောင်းကျနော့်ကိုရှင်းပြခဲ့ပါတယ်။ ကျနော်လည်း သူမရဲ့
စကားကိုကြားလိုက်ရပြီး တော်တော်လေးထိတ်လန့်သွားမိပြန်ပါတယ်။ ဒါနဲ့ဘဲ နောက်တခါဒီ
လိုမျိုးဖြစ်ရင် အနာကိုလက်သည်းနဲ့မကုတ်ဖို့အကြောင်းနဲ့ ကျနော့်ကိုအသိပေးဖို့အကြောင်း
တွေကို သေသေချာချာရှင်းပြခဲ့ရပါတယ်။
နောက်ထပ်တပတ်လောက်အကြာမှာတော့ ကျနော်သူ့ကိုမတွေ့တွေ့အောင်ရှာပြီး သူနဲ့သူ့
အမေရဲ့အကြောင်းကို သေသေချာချာမေးရပါတော့တယ်။ ကျနော်က သူနဲ့သူ့အမေမှာ အိတ်ခ်ျ
အိုင်ဗွီ ရောဂါပိုးရှိနေတယ်ဆိုတာကို သူသိမသိမေးကြည့်တဲ့အခါမှာ သူတို့ထိုင်းနိုင်ငံကနေ အမေရိကန်ကိုထွက်လာခါနီးဆေးစစ်ပြီးတဲ့အခါမှာကျမှ သိရတဲ့အကြောင်းနဲ့ ဘာကြောင့်ဒီလို
ဖြစ်ရတယ်ဆိုတာကိုမသိတဲ့အကြောင်း ကျနော့်ကိုပြောပြခဲ့ပါတယ်။ တဆက်တည်းမှာဘဲ သူဟာ မူးယစ်ဆေးဝါးလည်းတခါမျှမသုံးစွဲခဲ့ဖူးတဲ့အကြောင်း မိန်းမလည်းမလိုက်စားဖူးတဲ့အ
ကြောင်းကျနော့်ကိုပြောပြပါတယ်။ ကျနော်လည်း စပ်ဆက်မိသလောက်ကိုစဉ်းစားပြီး ဒီရောဂါ
ကူးစက်နိုင်တဲ့နည်းလမ်းတွေကိုသူ့ကိုရှင်းပြခဲ့ပါတယ်။ နောက်ဆုံးသူ့ရဲ့ပြောစကားအရ သူတို့
ဒုက္ခသည်စခန်းမရောက်ခင် ရွာမှာနေစဉ်ကာလက သူ့အဖေလုပ်သူဟာ မွတ်စလင်ဘာသာ
ရေးဆရာတယောက်ဖြစ်ပြီး သူတို့ဟာမကြာခဏဆိုသလို စစ်အုပ်စုရဲ့ထိုးစစ်တွေကြောင့် တနေ
ရာကတနေရာကိုပြေးလွှားပြောင်းရွှေ့လာရတဲ့လူတွေကို သူတို့အိမ်မှာလက်ခံထားခဲ့ရတဲ့အ
ကြောင်း ပြီးတော့မုတ်ဆိတ်ရိတ်ဓားတွေဘာတွေဆိုရင်လည်း အားလုံးဝိုင်းပြီးသုံးတတ်လေ့ရှိ
တဲ့အကြောင်းတွေ ကျနော့်ကိုပြောပြခဲ့ပါတယ်။ သူ့အပြောအဆိုအရဆိုရင် ဒီလိုနည်းနဲ့ ဒီလိုရောဂါပိုးတွေ မြန်မာပြည်ရဲ့နယ်စပ်ဒေသကပြည်သူတွေမှာပြန့်ပွားနေခဲ့ပြီးပြီလည်းဆိုတာ
ကိုမတွေးရဲစရာပါဘဲ။ ကျနော်ကဆက်ပြီး သူ့အမေမှာဘယ်လိုလုပ်ပြီးဒီရောဂါပိုးဝင်ရောက်ခဲ့
တယ်ဆိုတာကိုသိချင်လို့ မေးကြည့်တဲ့အခါ ဒုက္ခသည်စခန်းမှာနေရင်း သူ့အမေအသည်း
အသန်ဖြစ်လို့ သွေးသွင်းခံခဲ့ရတာ ၂ ခါလောက်ရှိခဲ့ဖူးကြောင်းနဲ့ အဲဒီလိုသွေးသွင်းတဲ့နေရာက
နေကူးစက်နိုင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ဒါပေမယ့် ကျနော့်စိတ်ထဲမှာဇဝေဇဝါဖြစ်နေတာ
က ဒုက္ခသည်စခန်းတွေထဲမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေက သွေးသွင်းတဲ့အခါမှာ သွေးလှုရှင်တွေရဲ့သွေးတွေကို စစ်ဆေးခြင်းရှိမရှိဆိုတာပါဘဲ။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး
ကျနော့်အနေနဲ့နည်းနည်းအလှမ်းဝေးနေသလို အသေအချာလေ့လာသုံးသပ်ကြည့်ဖို့လိုအပ်
တယ်ဆိုတဲ့အကြောင်း ခေါင်းထဲမှာထည့်ထားလိုက်မိခဲ့ပါတယ်။
ကျနော်သိချင်တာတွေအားလုံးသူ့ဆီကသိပြီးတဲ့အခါမှာတော့ ကျနော်ကသူ့ကိုဘာမျှစိတ်ဓာတ်
မကျဖို့အကြောင်းနဲ့ တခြားသူတွေဆီကို ဒီရောဂါပိုးမကူးစက်စေအောင်ဘယ်လိုနေထိုင်ရတယ်
ဆိုတဲ့အကြောင်းတွေအားလုံးသူ့ကိုရှင်းပြခဲ့ပါတယ်။ တဆက်တည်းမှာဘဲ သူ့အနေနဲ့တခြားသူ
တွေလိုဘဲ အလုပ်လုပ်ပိုင်ခွင့်ရှိကြောင်း စက်ရုံအလုပ်ရုံတွေမှာအလုပ်လုပ်ခွင့်ရှိတယ်ဆိုတဲ့အ
ကြောင်းသူ့ကိုရှင်းပြခဲ့ပါတယ်။ ပြီးတော့ဒီရောဂါပိုးရှိပေမယ့် ကိုယ့်ကျန်းမာရေးကိုဂရုစိုက်ပြီးနေ
ထိုင်တတ်ရင် သာမန်လူတွေလိုရှင်သန်ရပ်တည်နိုင်ကြောင်းတွေကိုပါ သူ့ကိုရှင်းပြခဲ့ပါတယ်။
သူကလည်း သူ့မှာလိုအပ်တဲ့အချက်အလက်တွေအားလုံးပြည့်စုံတဲ့အခါမှာ သူ့အတွက်အလုပ်
ရှာပေးဖို့ကျနော့်ကိုတောင်းဆိုခဲ့ပါတယ်။
ကျနော့်အတွက်ဝမ်းသာစရာကတော့ သူ့ကလေးနှစ်ယောက်ရဲ့ထိုင်းနိုင်ငံဆေးစစ်ချက်မှတ်
တမ်းတွေမှာ ရောဂါပိုးမရှိကြောင်းဖော်ပြထားတာကိုတွေ့ရလို့ပါဘဲ။ ဒါပေမယ့် အမေရိကန်
နိုင်ငံရဲ့အနေနဲ့ကတော့ ကလေးတွေမှာရောဂါပိုးရှိမရှိသိရအောင်ပြန်ပြီးသွေးစစ်ရမယ်လို့ ကျန်း
မာရေးဌာနကအမျိုးသမီးတယောက်ကလွန်ခဲ့တဲ့နှစ်ပတ်လောက်က ကျနော့်ကိုဖုန်းဆက်ပြီး
အကြောင်းကြားခဲ့ပါတယ်။ ကျနော့်အနေနဲ့တော့ ဒီကလေးတွေမှာရောဂါပိုးမရှိပါစေနဲ့လို့ဆု
တောင်းယုံကလွဲပြီး ဘာမှမတတ်နိုင်ဘူးပေါ့လေ။
လွန်ခဲ့တဲ့နှစ်ရက်ကတော့ သူ့အမေနဲ့သူ့ကိုSocial Security Card ရဖို့အတွက်သက်ဆိုင်ရာရုံး
တရုံးကိုခေါ်သွားခဲ့ပါတယ်။ အဲဒီနေ့မနက်က နှင်းတွေကလည်းကျထားလိုက်တာ ၅လက်မကျော်ကျော်လောက်ရှိနေတာပေါ့။ အပြန်လမ်းမှာ ကျနော်ကကားမောင်းပြီး သူတို့သားအမိကနောက်ခန်းမှာထိုင်နေရင်းက သူကကျနော့်ကို ”ဒီနိုင်ငံမှာနေရာတိုင်းဆောင်း
တွင်းမှာဒီလိုဘဲအေးပြီး နှင်းတွေကျသလားအကို”လို့မေးပါတယ်။ ကျနော်ကလည်းနေရာတိုင်း
မှာတော့ဒီလိုမဟုတ်ပါဘူးလို့ သူတို့သားအမိကိုရှင်းပြရပါတယ်။ သူတို့သားအမိကဆက်ပြီး
ပြောသေးတယ်”မြန်မာပြည်မှာဆို အေးတဲ့အခါကျမှသစ်ပင်တွေသစ်ရွက်တွေကစိမ်းစိုလာတာ
ဒီမှာကျတော့အေးတဲ့အချိန်မှာသစ်ပင်တွေမှာသစ်ရွက်တွေမရှိကြတော့ဘူးနော် ဒီကအအေး
ဒဏ်ကမြန်မာပြည်နဲ့မတူဘူး ဒါကြောင့်သစ်ပင်တွေမှာသစ်ရွက်မရှိတာဖြစ်မယ်.ဒီလိုမျိုးအအေး
ဒဏ်မျိုးနဲ့သာမြန်မာပြည်မှာနေရရင် လူတွေဘယ်လောက်တောင်သေလိုက်ကြမလဲမသိဘူး
အေးလေ သဘာဝတရားကြီးကမျှတအောင်ဖန်တီးထားပေးထားတာနဲ့တူပါတယ်.တို့လိုဆင်း
ရဲတဲ့နိုင်ငံမှာကျတော့ရာသီဥတုအပူအအေးကမျှတပြီး သူတို့လိုချမ်းသာတဲ့နိုင်ငံတွေမှာကျ
တော့ အေးတဲ့အခါမှာတအားအေးနေတာဖြစ်မှာပေါ့”လို့ပြောလိုက်ပါတယ်။
သူ့ရဲ့စကားကိုကြားပြီးကျနော်ဟာ ဘာကိုမျှပြန်မပြောနိုင်တော့ဘဲ လမ်းတလျှောက်ကား
မောင်းလာရင်းက အတွေးတွေအများကြီးသာပွားလာခဲ့မိပါတော့တယ်။
ကျနော့်ရဲ့အတွေးတွေထဲမှာတော့..အမိုးအကာမလုံခြုံတဲ့တဲငယ်ငယ်လေးတွေထဲမှာနေထိုင်နေ
ကြရတဲ့အခြေခံမြန်မာပြည်သူပြည်သားတွေရဲ့နေ့စဉ်တွေ့ကြုံရင်ဆိုင်နေရမယ့် အနိဌာရုံဆိုးတွေ.အရေအတွက်ဘယ်လောက်ရှိလို့ရှိမယ်မှန်း မသိနိုင်တဲ့ အိပ်ခ်ျအိုင်ဗွီ ရောဂါပိုး ရှိနေကြတဲ့လူတွေ.နောက်ပြီးသူတို့မှာရောဂါပိုးရှိမှန်းမသိဘဲတခြားလူတွေဆီကိုလွယ်လွယ်နဲ့ကူးစက်သွားနိုင်မယ့်အကြောင်းတွေ အဲဒီဘဝတွေထဲကထွက်ကျလာမယ့်မျက်ရည်စတွေနဲ့
နောက်ထပ်ဒီလိုမိသားစုဘယ်လောက်များများ တတိယနိုင်ငံတွေထဲကိုရောက်လာကြဦးမှာလဲ.
ပြီးတော့အဆင့်မြင့်တဲ့တတိယနိုင်ငံတွေမှာသူတို့တတွေဟာ ဘယ်လိုပုံစံမျိုးနဲ့ရေရှည်ရပ်တည်
ကြမှာလဲ စတဲ့အကြောင်းအရာပေါင်းများစွာကသာနေရာယူထားကြပါတော့တယ်….။ ။

ဆောင်းယွန်းလ

4 comments:

စိုးထက် - Soe Htet ! said...

အစ်ကိုရေ ... ခုမှ အားလို့ လာထပ်ဖတ်တာ .. ကျွန်တ်ာတို့ လည်း ကြိုးစား လုပ်နေတာပါပဲ .. အဓိက က ငွေ လိုနေတယ် .. အသိပညာပေးဖို့ရော .. ကုသရေး အတွက်ရော ... ကျွန်တ်ာလည်း ကိုယ့်နိုင်ငံ ပဲ ပြန် လုပ်မှာပါ ... ချမ်းသာ ချင်ပေမယ့် နိုင်ငံကို လိပ်ပြာ သန့်သန့် ကျေးဇူး ဆပ်ချင်လို့ ... အစ်ကို တို့ လို မျိုးတွေကို မဆိုလိုပါဘူးး ... သေသေ ချာ ချာ ကျောခိုင်း သွားကြတဲ့ သွားကြမဲ့ သူတွေ မြင် တွေ့ ကြား သိနေ ရတာ စိတ်မကောင်းဘူး ... ပြောရင် ကျွန်တော်က အစိုးရ လူလိုပဲ .. ဘာမှ မဆိုင်ဘူး .. နိုင်ငံ ချစ်စိတ်ချင်း ကွာ လို့ လို့ ပဲ မှတ်ထားလိုက်ပါတယ် :D

LIN LET KYAL SIN said...

အကိုရေ ဒီလိုအဖြစ်အပျက်တွေက အများကြီးရှိနေပါတယ်။ ကျန်းမာရေးဗဟုသုတတွေ ပေးနိုင်အောင် အများကြီး ကြိုးစားရဦးမှာပါ။ ဖတ်ရင်းနဲ့ ရင်ထဲမှာ စိတ်မကောင်းမှုကြီး ခံစားမိတယ်။ အဘက်ဘက်က ယိုယွင်းနေတော့ ရင်ထဲမှာ မချိလှပါဘူး။

Kay said...

အတော် ၀မ်းနည်းစရာ ကောင်းပြီး ..ထိတ်လန့်ဘွယ်ရာ လည်းကောင်းတယ်နော်။ ကြာညောင်းလှတဲ့ conflict တွေကြားထဲမှာ..လူမူ အဆောက်အဦ တွေ တမြေ့မြေ့ နဲ့.. ပြိုကျ သွားတဲ့..တောင် အာဖရိက လို နိုင်ငံမျိုး ဖြစ်မလာပါစေနဲ့လို့သာ ကြိတ် ဆွေး နေရပါတယ်။

မြန်မာပြည်ကိုလွမ်းတယ် said...

လာဖတ်ပြီးစိတ်မကောင်းဖြစ်လိုက်တာ၊ကျန်းမာ
ရေးနဲ.ပတ်သတ်တာတွေကြားရရင်၊စိတ်
ထဲနင့်နေအောင်ခံစားရတယ်။ကိုယ်ချင်းလဲစာမိ
တယ်အကိုရယ်