Wednesday, March 5, 2008

”မျှော်လင့်ခြင်းကမ္ဘာရဲ့ အစွန်းတစ်ဘက်မှာ…”
ချစ်သူရေ
အခုလို အခြေအနေမျိုးမှာ
ငါတို့ရဲ့ မြို့ပြနံနက်ဟာ
၂၀ ရာစုနှောင်းပိုင်းကာလတစ်ခုကလို
ခြောက်သွေ့မှုတေးတွေကို မနာခံလိုကြတော့ဘူး…

ချစ်သူရေ.
အခုလို အခြေအနေအခါမျိုးမှာ
ငါတို့ရဲ့ မြို့ပြညနေဟာ
၂၀ ရာစုနှောင်းပိုင်းကာလတစ်ခုကလို
မှုန်ဝါးခြင်းတွေရဲ့ ဝါးမြိုမှုကိုမခံချင်ကြတော့ဘူး..

ချစ်သူရေ
ငါတို့မြို့ပြရဲ့ လိုအပ်ချက်တွေအတွက်ဘဲ
ကောင်းကင်မဲမဲမှာ ကြယ်တွေဝေခဲ့ကြတယ်
ပြီးတော့..
အလင်းမကွဲခင် မြေပြင်ကိုဆင်းသက်ရင်း
အရုဏ်နံနက်ခင်းအတွက် ပေးဆပ်ကြတယ်…

ချစ်သူရေ
အထောင်သောင်းမက
အဲဒီညတွေမှာ ကြွေကျခဲ့ကြတဲ့ ကြယ်တွေကဘဲ
မင်းနဲ့ငါ့ကို တွဲလက်ညီစေခဲ့ကြသလို
ငါတို့ရဲ့ မျှော်လင့်ခြင်း အလင်းကိုပေးခဲ့ကြတာမဟုတ်လား…

ချစ်သူရေ
မာရ်နတ်တွေအရာထောင်မက
ငါတို့ရဲ့ မြို့ပြကိုသိမ်းပိုက်ထားကြပေမယ့်
ခေတ်ရဲ့အသံနဲ့ ခေတ်ရဲ့တောင်းဆိုချက်မျိုးကို
ဘယ်တန်ခိုးနဲ့များ သူတို့က တာရှည်ရိုက်ချိုးထားနိုင်မှာမို့လဲ…

ချစ်သူရေ
မျှော်လင့်ချက်တွေကို နွေကြိုတေးနဲ့အတူသံပြိုင်သီဆိုဖို့
ငိုနေတဲ့မျက်ရည်စတွေကို ရဲရင့်ခြင်းတွေနဲ့တို့သုတ်ပစ်လိုက်
မင်းရဲ့ ဝမ်းနည်းခြင်းတွေကို ခွန်အားသစ်တွေနဲ့မောင်းထုတ်ပစ်လိုက်
မင်းရဲ့ နာကျည်းချက်တွေကို စိတ်လိုလက်ရအန်ထုတ်ပစ်လိုက်
ပြီးတဲ့အခါကျတော့
ဟော့ဒီလို အကာလ နွေမကျခင်မှာဘဲ
ကမ္ဘာမကြေတေးတစ်ပုဒ်ကို ရဲရဲကြီးသံပြိုင်ဆိုဖို့အတွက်
ငါတို့ မျှော်လင့်ခြင်းကမ္ဘာတစ်ဘက်စွန်းထိ ပြေးထွက်ကြစို့…

ချစ်သူရေ
အဲဒီ မျှော်လင့်ခြင်းကမ္ဘာရဲ့ တစ်ဘက်စွန်းမှာ
မင်းနဲ့ငါ့အတွက်
ကာရံညီတဲ့ ညီညွတ်ရေးကဗျာတစ်ပုဒ်ရှိတယ်
မယ်လိုဒီလှတဲ့ ငြိမ်းချမ်းရေးတေးတစ်ပုဒ်ရှိတယ်
စုတ်ချက်ညီတဲ့ လွတ်မြောက်ရေးပန်းချီကားတစ်ချပ်ရှိတယ်..

ချစ်သူရေ
ငါတို့မြို့ပြရဲ့ နံနက်ညတွေအတွက်

မျှော်လင့်ခြင်းကမ္ဘာရဲ့ အစွန်းတစ်ဘက်ကို ပြေးထွက်ကြစို့….။

3 comments:

Unknown said...

ချစ်သူရေ
ငါတို့မြို့ပြရဲ့ လိုအပ်ချက်တွေအတွက်ဘဲ
ကောင်းကင်မဲမဲမှာ ကြယ်တွေဝေခဲ့ကြတယ်
ပြီးတော့..
အလင်းမကွဲခင် မြေပြင်ကိုဆင်းသက်ရင်း
အရုဏ်နံနက်ခင်းအတွက် ပေးဆပ်ကြတယ်…..

ကောင်းတယ်ဗျို့. .. ချစ်သူနဲ့တင်စားစပ်ဆိုသွားတာ...

ဒါပေမယ့်ကိုဆောင်းရေ..
ကျနော်တို့တွေက အဝေးတနေရာကနေ.. ကမ္ဘာမကြေသီချင်းကိုရဲရဲကြီးသီဆိုနေတာ.. တရားရဲ့လားဗျာ...

ကိုဆောင်းရေ.. အားလုံးအဆင်ပြေပါစေ...။

Nyein Chan Aung said...

ချစ်သူရေ
မျှော်လင့်ချက်တွေကို နွေကြိုတေးနဲ့အတူသံပြိုင်သီဆိုဖို့
ငိုနေတဲ့မျက်ရည်စတွေကို ရဲရင့်ခြင်းတွေနဲ့တို့သုတ်ပစ်လိုက်
မင်းရဲ့ ဝမ်းနည်းခြင်းတွေကို ခွန်အားသစ်တွေနဲ့မောင်းထုတ်ပစ်လိုက်
မင်းရဲ့ နာကျည်းချက်တွေကို စိတ်လိုလက်ရအန်ထုတ်ပစ်လိုက်
ပြီးတဲ့အခါကျတော့
ဟော့ဒီလို အကာလ နွေမကျခင်မှာဘဲ
ကမ္ဘာမကြေတေးတစ်ပုဒ်ကို ရဲရဲကြီးသံပြိုင်ဆိုဖို့အတွက်
ငါတို့ မျှော်လင့်ခြင်းကမ္ဘာတစ်ဘက်စွန်းထိ ပြေးထွက်ကြစို့…

ThinkingHoney said...

ခေါင်းစဉ်က အစ အရမ်းကောင်းတယ်ဗျို့