Thursday, March 6, 2008

တရံတခါဆီသို့
တိတ်တိတ်လေးနမ်းပြီး
ဆိတ်ဆိတ်လေးလွမ်းနေခဲ့သူပါမေ…

ကံကြမ္မာတံခါးပေါက်ကို အဆိုးတွေနဲ့ခေါက်ခဲ့သူက
တို့ထင်မှတ်မထားခဲ့ကြတဲ့ ဘဝတွေကိုဖန်တီး
မင်းနဲ့ကိုယ့်ကို အဝေးကြီးဝေးစေခဲ့
….

တို့နှစ်ယောက်ရဲ့ချစ်ခြင်း
အညှိုးတစ်ပါဒမျှအလျဉ်းမရှိကြလေဘဲ
ကံကြမ္မာရဲ့ အလဲထိုးခြင်းကိုခံခဲ့ကြရ
ဒါဟာ ဇာတ်ဆရာရဲ့ အလိုကျပေပဲလားမေ
….

မေတ္တာတံခါးတွေမပိတ်ဘဲ
တို့ရဲ့ဇာတ်လမ်းလေးလည်း မီးမှိတ်ခဲ့ရ
ခုလို မတ်လညမျိုးမှာဘဲပေါ့မေ
တို့ရဲ့ အနာဂတ်တွေအမဲဆုံးမှောင်ခဲ့ကြရ…

ဒီလိုနဲ့လေ
မြေနီလမ်းကလေးပေါ်မှာ
တို့နှစ်ယောက်ရဲ့ ခြေရာတွေ ကြွေရစ်ခဲ့ကြ
နေညိုချိန်ညနေခင်းတစ်ခုထဲမှာ
မင်းရဲ့နှင်းဆီသွေးရောင်ရဲ နှုတ်ဖျားတွေဆွံ့အခဲ့ရ
မင်းရဲ့လက်ဖဝါးကိုဆုပ်ကိုင်ခဲ့တဲ့ ကိုယ့်လက်ဖျားတွေအေးစက်ခဲ့ရ
တို့နှစ်ယောက်ရဲ့ နောက်ဆုံးညနေခင်း
မြစ်မင်းငဝန်ရဲ့ နံဘေးမှာအဆုံးသတ်ခဲ့ကြရ


အခုလိုကာလ
ဆောင်းနှင်းခဲတွေကျတဲ့အခါတိုင်း
ကိုယ့်ဝန်းကျင်တစ်ခို မြူတွေငိုနေတဲ့အခါတိုင်း
ငယ်သူတို့ဘဝရဲ့ တခါကနံနက်ပိုင်းဟာ
ကိုယ့်ရဲ့ အဆွေးဓာတ်ခံကိုတိုင်းထွာ
တခါတခါတော့ လွမ်းတာပေါ့မေ
နှလုံးသားနဲ့လူဆိုတာ စက်ရုပ်တွေလိုမှမဟုတ်ဘဲ
….။

4 comments:

Nyein Chan Aung said...

အခုလိုကာလ
ဆောင်းနှင်းခဲတွေကျတဲ့အခါတိုင်း
ကိုယ့်ဝန်းကျင်တစ်ခို မြူတွေငိုနေတဲ့အခါတိုင်း
ငယ်သူတို့ဘဝရဲ့ တခါကနံနက်ပိုင်းဟာ
ကိုယ့်ရဲ့ အဆွေးဓာတ်ခံကိုတိုင်းထွာ
တခါတခါတော့ လွမ်းတာပေါ့မေ
နှလုံးသားနဲ့လူဆိုတာ စက်ရုပ်တွေလိုမှမဟုတ်ဘဲ….။

အတိတ်ကိုလည်းလွမ်းတယ်။ ချစ်သူကိုလည်းလွမ်းတယ်..။ အတိတ်ကို လွမ်းဆွတ်နေပြီလားဗျ ကိုဆောင်း..။

enigma13 said...

ကိုဆောင်းကဗျာလေးအရမ်းကောင်းတယ်ဗျို့...ကိုဆောင်းနဲ့ကိုငြိမ်းချမ်းအောင်ကြောင့်ကဗျာတွေကိုချစ်တတ်သွားတာဗျ...

Winkabar said...

ကဗျာဖတ်ရတာ ဇာတ်လမ်းလေးတစ်ပုဒ်ကို နားထောင်နေရသလိုပဲ။ ကောင်းတယ် ကိုဆောင်းယွန်းရေ။

ကောင်းကင်ကို said...

ကဗျာလေး ထပ်ခံစားသွားတယ်ဗျာ။