Wednesday, March 12, 2008

ကြိုး

ငါက ငါ့တကိုယ်လုံး
ကြိုးတွေနဲ့ထုံးဖွဲ့ခံထားရတာကိုမနှစ်မြို့ခဲ့သူ…

ငါက ငါ့ရဲ့တဘဝလုံး
ကြိုးတွေနဲ့ဖုံးအုပ်ခံရမှာကို မလိုလားခဲ့သူ…

ငါက..
ငါကိုယ်တိုင်ယက်လုပ်တဲ့ကြိုးကို
ငါကိုယ်တိုင်တွဲခိုရင်း
လမ်းကျယ်ကိုဘဲဖောက်ရဖောက်ရ
လမ်းကျဉ်းကိုဘဲလျှောက်ရလျှောက်ရ
ပန်းတိုင်တစ်ခုကို နေမညိုခင်ရောက်ချင်ခဲ့သူ..

ဒါကြောင့်လည်း
ငါကိုယ်တိုင်တွဲခိုခဲ့တဲ့ကြိုးကို
ငါ့ရဲ့လိုအင်တစ်ခုအတွက်
မက်မက်မောမောဆုပ်ကိုင်ရင်း
သူငယ်ချင်းတချို့နဲ့လမ်းခွဲခဲ့ရ
မိတ်ဆွေဆိုသူတချို့နဲ့ကွဲလွဲခဲ့ရ
မသမာသူအားလုံးနဲ့ ဆန့်ကျင်ဘက်ဖြစ်ခဲ့ရ
ဒီလိုနဲ့ငါ..သူပုန်ဆိုတဲ့နာမကိုရခဲ့တာပါ..

ဖြစ်နိုင်မယ်ဆိုရင်
ငါ့ရဲ့ သိပ်သည်းစကြီးမားတဲ့ ဘဝကို
နူးညံ့ပျော့ပြောင်းတဲ့ ကြိုးတစ်ချောင်းတည်းနဲ့ချည်ငင်
ချည်ငင်ခဲ့တဲ့ ကြိုးတစ်မျှင်နဲ့ဘဲ
ရဲရဲနီတဲ့စိတ်တွေကို မီးတစ်တောက်ဖြစ်အောင်ဖန်တီးရင်း
ဆန္ဒရဲ့လမ်းတွေကို ဖောက်စမ်းချင်တယ်
ဆန္ဒရဲ့လမ်းတွေကို လျှောက်လှမ်းချင်တယ်….။

2 comments:

စိုးထက် - Soe Htet ! said...

ကြိုးတွေက တော့ ရှုပ်နေဆဲပဲ ဗျ :)

Nyein Chan Aung said...

“ကြိုး” ကဗျာကောင်းတယ်ဗျာ။ အပိုဒ်တိုင်းကွက်တိပဲ။ ကဗျာဆရာရဲ့ ဘ၀ဆိုင်ရာ ရပ်တည်ချက်ကို ဖော်ကျူးထားတယ် ထင်တယ်။