Thursday, March 13, 2008

”မြို့ပြမှတ်တမ်း”
လမိုက်ညရဲ့ ဖြားယောင်းမှုကိုခံထားရတဲ့မြို့ဟာ
မိုးသာစုန်းစုန်းချုပ်သွားခဲ့ရရှာတယ်
မျှော်လင့်ခြင်းလမင်းက
အလင်းတန်းလေးတစ်မျှင်ကိုတောင်မှ
ကိုယ်ရိပ်ကိုယ်ရောင်မပြခဲ့ဘူး
ခံစားချက်ရှိသူတိုင်း တမေ့တမူးဖြစ်ခဲ့ကြ
ရင်ခုန်သံမမှန်တဲ့ မြို့ပြရဲ့ညတွေထဲမှာ…

အလင်းမရှိတဲ့ နေ့ရဲ့ညှို့ယူခြင်းခံထားရတဲ့မြို့ဟာ
အရုဏ်သာကျင်းသွားခဲ့ရရှာတယ်
မျှော်လင့်ခြင်းနေမင်းက
အလင်းတန်းလေးတစ်မျှင်ကိုတောင်မှ
ကိုယ်ရိပ်ကိုယ်ရောင်မပြခဲ့ဘူး
ခံစားချက်ရှိသူတိုင်း အရူးမီးဝိုင်းဖြစ်ခဲ့ကြ
အသက်ရှုသံမမှန်တဲ့ မြို့ပြရဲ့နေ့တွေထဲမှာ…

မြို့ပြထဲကလူသားတွေဟာ
သန်းခေါင်မှာလသာလာလေနိုးနဲ့
မိုးကိုမျှော်ကြည့်နေလိုက်ကြပုံများ
မွေးကင်းစကလေးဟာ မိခင်နို့ကိုရှာနေသလိုမျိုး
မြို့ပြထဲကလူသားတွေဟာ
အလင်းကိုမျှော်ကိုး လေအဟုန် တိမ်စုံကိုဖွင့်လေနိုးနဲ့
တိုးတိုးတိတ်တိတ် ကြိတ်ပြီးဆုတောင်းသလောက်
မြို့ပြရဲ့ညကခရီးမပေါက်ခဲ့လေဘူး
မြို့ပြရဲ့နေ့ကခရီးမရောက်ခဲ့လေဘူး…

နောက်ဆုံးမှာ..
မြို့ပြဟာ စစ်တုရင်ကစားကွင်းထဲက
ဘစ်ရှော့ပ်တစ်ကောင်ကိုရဲဝင့်စွာထိုးကျွေးရင်း
လမင်းရဲ့အလင်းအငွေ့အသက်ကို
အရုဏ်ရဲ့အလင်းတစ်စကိုတိုက်ယူခဲ့ရလေတယ်…။

2 comments:

ကောင်းကင်ကို said...

နောက်ဆုံးမှာ..
မြို့ပြဟာ စစ်တုရင်ကစားကွင်းထဲက
ဘစ်ရှော့ပ်တစ်ကောင်ကိုရဲဝင့်စွာထိုးကျွေးရင်း
လမင်းရဲ့အလင်းအငွေ့အသက်ကို
အရုဏ်ရဲ့အလင်းတစ်စကိုတိုက်ယူခဲ့ရလေတယ်…။

ကဗျာလေး ရင်ထဲကို အရမ်းထိတယ်ဗျာ။

Nyein Chan Aung said...

နောက်ဆုံးမှာ..
မြို့ပြဟာ စစ်တုရင်ကစားကွင်းထဲက
ဘစ်ရှော့ပ်တစ်ကောင်ကိုရဲဝင့်စွာထိုးကျွေးရင်း
လမင်းရဲ့အလင်းအငွေ့အသက်ကို
အရုဏ်ရဲ့အလင်းတစ်စကိုတိုက်ယူခဲ့ရလေတယ်…။

ဒီအပိုဒ်ကို အကြိုက်ဆုံးပဲ။