Thursday, March 20, 2008

တေးတစ်ပုဒ်ဆိုငြီးမိတဲ့ည…..
ကျနော်နှစ်သက်မိတဲ့ သီချင်းသည်ကြီးရေ.
ခင်ဗျားရဲ့ မံမီများသီချင်းထဲကလိုမျိုး
အချစ်တွေကနွေမိုးဆောင်းရဲ့ ဒဏ်တွေကိုခံနိုင်ပြီး
နှစ်ထောင်ပေါင်းများစွာထိမပျက်စီးဘူးဆိုရင်
ဟောဒီ..ကျနော်တို့ရင်မှာအမြဲလန်းနေတဲ့ပန်းတစ်ပွင့်
နှစ်သန်းချီတဲ့အထိတည်ရှိနေမှာအမှန်ပါဘဲ
မိုးထဲရေထဲကဘဝတွေနဲ့လဲယူခဲ့ရတဲ့တော်လှန်ခြင်းပန်းတစ်ပွင့်
မျိုးဆက်တစ်ဆင့်ပြီးတစ်ဆင့်လန်းစွင့်နေဦးမှာသေချာပါတယ်…

ဒါပေမယ့်ဗျာ..
ဒီနေရာ ဒီဒေသ
ဒီအချိန် ဒီကာလ
မြင်ရ ကြားရသမျှ အရုပ်ဆိုးအကျည်းတန်
ကျနော်တို့တစ်ရွာလုံး မုန်တိုင်းထန်ပျက်စီး
တလှေတည်းစီခရီးသွားတချို့မုန်တိုင်းထဲမှာကျဆုံး
တချို့မုန်တိုင်းနဲ့အတူလွင့်မြောပါပြီးလူသူအလှမ်းဝေးတဲ့ကမ်းဘေးမှာတင်
တချို့ပင်လယ်ထဲမှာတင်ဘဲလမ်းပျောက်
တချို့မဟာဇနက္ကထုံးကိုနှလုံးမူရင်းပင်လယ်ထဲမှာကူးခတ်ရင်းလမ်းလျှောက်
ဒီလိုနဲ့….တစ်ရက်ပြီးတစ်ရက်
တစ်လပြီးတစ်လ
ပြီးတော့..တစ်နှစ်ပြီးတစ်နှစ်ခရီးနှင်
ကောင်းကင်ကြီးကတော့ရဲရဲနီနေဆဲ
ပင်လယ်ပြင်ကြီးထဲမှာလည်း မုန်တိုင်းမစဲသေး….

ဒီမြေတခွင်မှာမြင်နေရတာမှန်သမျှ
ဘာဆိုဘာမျှဟန်မကျလှပေဘူး
ကလေးငယ်တွေအတွက်မြူးတူးပျော်ပါးခွင့်နေ့ရက်မရှိ
သောကဓားအစင်းတစ်ရာမကအမွှန်းခံထားရတဲ့မျက်နှာများ
လမ်းသွားလမ်းလာတွေရဲ့ အိုမင်းရင့်ရော်နေတဲ့ခြေလှမ်းများ
နှင်းဆီပန်းတွေခြောက်နွမ်းနေတဲ့ဥယျာဉ်
သံစဉ်ဆိတ်သုဉ်းနေတဲ့ပင်လယ်ရဲ့အက်ကွဲကွဲအော်သံ
ပြန်မရနိုင်တော့တဲ့အတိတ်နေ့စွဲများ
ဆူးခက်တွေချည့်ပွင့်နေတဲ့ကန္တာရခပ်ကြမ်းကြမ်း
ဆည်းလည်းသံမလွှမ်းနိုင်တော့တဲ့ဒေသနာရပ်ဝန်း
မျက်ဝန်းအိမ်တွေထဲကအရည်ပျော်ကျလာတဲ့ပူနွေးစေးထန်းမှုများ
ကြမ္မာငင်နေတဲ့နာရီလက်တံတွေရဲ့လေးတွဲ့တွဲ့ရွေ့လျားခြင်း
ပျင်းပျင်းရှိတိုင်းထင်ရာစိုင်းတတ်တဲ့လူသတ်လက်နက်တွေရဲ့ပေါက်ကွဲမှုနဲ့
အဓမ္မအတင်းအကြပ်ပြုခြင်းတွေကသာ
ဒီနေရာမှာ..အခါမလပ်ကြီးစိုး
ကံကြမ္မာက နောက်ကျောကိုဓားနဲ့ထိုးတယ်
ကြမ်းတမ်းခက်ထန်ခြင်းတွေက ဦးခေါင်းထက်မှာသေနတ်နဲ့မိုးတယ်…

ဒီအချိန်ကာလမှာကြားနေရတာမှန်သမျှ
ဘာဆိုဘာမျှဟန်မကျလှပေဘူး
တော်လှန်ရေးခေါင်းဆောင်တွေတစ်ဦးပြီးတစ်ဦးကြွေလွင့်ကြ
အာဏာယစ်မူးအခွင့်ထူးခံတွေသက်ဆိုးရှည်နေကြ
ရာသီဥတုတွေကလည်းကမ္ဘာနဲ့ချီပြီးဖောက်ပြန်ကြ
ငွေနောက်ကောက်ကောက်ပါအောင်လိုက်သူလိုက်ကြ
ဦးနှောက်ဖောက်စားသူတွေရဲ့သတင်း
စိုက်ထုတ်မှုမပြုဘဲ အတင်းပြောနေသူတွေရဲ့အသံ
အဲဒီအသံတွေကြောင့် ခိုင်မာမှုမရှိကြတဲ့နံရံတွေလဲပြိုကြ
ပြယုဂ်တစ်ခုပေါ်မှာ အကျိုးအမြတ်ရယူနေကြတဲ့အိမ်နီးနားချင်းတွေရဲ့အကြောင်း
မိတ်ကောင်းဆွေကောင်းတွေနည်းပါးလာပြီဖြစ်တဲ့နယ်စပ်မြို့များနဲ့ပြည်ပကမ္ဘာ
အချိန်နဲ့အမျှမီးတောက်လောင်နေတဲ့ရွာလေးတစ်ရွာရဲ့အကြောင်း
အဲဒီအကြောင်းတွေအားလုံးစုပေါင်းပြီးနားနှစ်ဘက်ထဲဝင်လာ
ထင်ရာစိုင်းရိုင်းပျနေမှုများသာ
ဒီအချိန်ခါမှာ..ရာသီမလပ်ကြီးစိုး
ကံဆိုးမိုးမှောင်ခြင်းတွေက နောက်ကျောကိုဓားနဲ့ထိုးပြီး
အပူမီးတွေက ဦးခေါင်းထက်ကိုမုန်တိုင်းတစ်ခုလိုမိုးတယ်….

ကျနော်နှစ်သက်မိတဲ့ သီချင်းသည်ကြီးရေ
ဒီလိုညတွေမှာဘဲ
ကျနော်ကိုယ်တိုင်ရင်ထဲမှာစွဲငြိနေတဲ့တေးတစ်ပုဒ်ကိုဆိုငြီးမိတဲ့အခါ
ကြမ္မာငင်ဆူးငြိနေတဲ့ လမ်းကြောင်းတစ်ခုအတွက်
ကွန်းပက်စ်နဲ့လမ်းပြမြေပုံပေးခဲ့တဲ့အဖေသီချင်း
ကျနော့်ရင်ထဲကမီးတောက်တွေကို
ခဏတာလောက်ဖြစ်ဖြစ်ငြိမ်းပျောက်ရှင်းလင်းစေခဲ့တယ်…..။

4 comments:

Pinkgold said...

အကို့ ကဗျာတွေတောင် လာမဖတ်တာ အတော်ကြာပြီ အကိုရေ..
ပင့်ဂိုလ်းလည်း မအားလို့ပါ
ခုမှ အတိုးချ ဖတ်သွားတယ်နော်......

စိုးထက် - Soe Htet ! said...

အစ်ကိုရေ ... လေးဖြူ သီချင်း ကဗျာ လာဖတ်တာဗျ ... ကောင်းတယ်ဗျို့ :D

Nyein Chan Aung said...

ကျနော်နှစ်သက်မိတဲ့ သီချင်းသည်ကြီးရေ.
ခင်ဗျားရဲ့ မံမီများသီချင်းထဲကလိုမျိုး
အချစ်တွေကနွေမိုးဆောင်းရဲ့ ဒဏ်တွေကိုခံနိုင်ပြီး
နှစ်ထောင်ပေါင်းများစွာထိမပျက်စီးဘူးဆိုရင်
ဟောဒီ..ကျနော်တို့ရင်မှာအမြဲလန်းနေတဲ့ပန်းတစ်ပွင့်
နှစ်သန်းချီတဲ့အထိတည်ရှိနေမှာအမှန်ပါဘဲ
မိုးထဲရေထဲကဘဝတွေနဲ့လဲယူခဲ့ရတဲ့တော်လှန်ခြင်းပန်းတစ်ပွင့်
မျိုးဆက်တစ်ဆင့်ပြီးတစ်ဆင့်လန်းစွင့်နေဦးမှာသေချာပါတယ်…

ကိုစိုးထက်ပြောမှ လေးဖြူသီချင်းဆိုတာ သိတာဗျ။ ကျနော် အဲဒီသီချင်းကို နားမထောင်ဖူးဘူး။ ဒီကဗျာဖတ်ရတာ မွန်းကြပ်သွားတယ် ကိုဆောင်း။

Kaung Kin Ko said...

ကျနော်နှစ်သက်မိတဲ့ သီချင်းသည်ကြီးရေ.
ခင်ဗျားရဲ့ မံမီများသီချင်းထဲကလိုမျိုး
အချစ်တွေကနွေမိုးဆောင်းရဲ့ ဒဏ်တွေကိုခံနိုင်ပြီး
နှစ်ထောင်ပေါင်းများစွာထိမပျက်စီးဘူးဆိုရင်
ဟောဒီ..ကျနော်တို့ရင်မှာအမြဲလန်းနေတဲ့ပန်းတစ်ပွင့်
နှစ်သန်းချီတဲ့အထိတည်ရှိနေမှာအမှန်ပါဘဲ
မိုးထဲရေထဲကဘဝတွေနဲ့လဲယူခဲ့ရတဲ့တော်လှန်ခြင်းပန်းတစ်ပွင့်
မျိုးဆက်တစ်ဆင့်ပြီးတစ်ဆင့်လန်းစွင့်နေဦးမှာသေချာပါတယ်…

ကဗျာက ရင်ထဲထိတယ်ဗျာ။လေးဖြူရဲ့ သီချင်းတွေ ကျွန်တော်လည်းကြိုက်တယ် အစ်ကို။