Wednesday, August 6, 2008

”မငြိမ်းသေးတဲ့မီးတစ်စ”
စောင့်ကြည့်နေရတာတွေကသိပ်ပြီးများ…
မြို့ပျက်ဟောင်းကြီးတစ်ခုနဲ့
အနှစ်၂၀ရဲ့ကောင်းကင်တစ်ခုအောက်မှာ
လူသားတစ်ယောက်ရဲ့ဖြစ်တည်မှုဟာ
ဒဏ်ရာဒဏ်ချက်တွေနဲ့အရင်းပြုခဲ့ရတာပါ….

သေရာပါအမှတ်အသားတွေအတွက်
ငှက်တစ်ကောင်လိုပျံသန်းရင်း
ဝမ်းနည်းခြင်းသက်သက်နဲ့ စောင့်ကြည့်နေရတော့မှာလား
ဖြေသိမ့်စကားတွေနဲ့ပျားရည်တစ်စက်ဟာတောင်
ငါ့ရဲ့နံနက်ခင်းတွေကိုမှောင်နေစေခဲ့ပြီ…

တခါတရံမှာ ငါ့နာရီတွေအိပ်မောကျသွား
တခါတရံမှာ ငါ့နာရီတွေရှင်သန်နိုးထ
နေ့ညမကွဲပြားတဲ့မြို့အိုဟောင်းထဲမှာ
တစာစာအော်မြည်နေကြတဲ့ငြီးတွားသံတွေကိုနားထောင်ရင်း
ငါ့ရဲ့ညနေခင်းတွေလည်းစစ်တလင်းဖြစ်ခဲ့ရပြီ….

ဒီလိုနဲ့ ….
အနှစ်၂၀ခေတ်ဟောင်းတေးတစ်ပုဒ်ကိုဟစ်ထုတ်တဲ့အခါ
အရာအားလုံးဟာမနေ့တနေ့ကလိုအဖြစ်မျိုး
ငါ့နှလုံးသွေးတွေကိုတိုးစေပြီး
မငြိမ်းနိုင်သေးတဲ့မီးတစ်စ
ငါ့ရဲ့နေ့နဲ့ညကိုနှိပ်စက်နေကြတယ်…..

1 comment:

. said...

ခံစားချက်တွေက အတူတူပါပဲ ကိုဆောင်းရယ်။
ဒါနဲ့ အကို့ဆီလည်း ကိုဆောင်း လာမလည်တာ အတော် ကြာနေပြီ။ သတိရနေပါတယ်။
ချမ်းမြေ့ပါစေ။

အောင်သာငယ်
aungthange.blogspot.com