Sunday, November 2, 2008

ကိုယ်ပိုင်ဘာသာဗေဒ
အငြင်းပွားနေလိုက်ကြပုံများ
အော်ဟစ်နေလိုက်ကြပုံများ
အာခေါင်တွေခြောက်မတတ်
အပြောင်းအလဲတစ်ခုအတွက်တဲ့
အရှက်နဲ့သိက္ခာဂုဏ်တင်ဖို့အတွက်တဲ့
စီးပွားလာဘ်လာဘကောင်းဖို့အတွက်တဲ့…

ကိုယ့်ရဲ့
သေအံ့မူးမူးအလွမ်းတွေကို
ဆွတ်ခူးယူလာပေးတဲ့ဆောင်းမနက်မှာ
ကိုယ့်အတွက်ကတော့
ကော်ဖီတစ်ခွက်နဲ့ကဗျာတစ်ပုဒ်
ဟိုးအဝေးဆီမှာကျန်ရစ်ခဲ့တဲ့
တောအုပ်လေးတစ်အုပ်နဲ့တဲငယ်လေးတစ်လုံး
ပြီးတော့…
အဆုံးမသတ်သေးတဲ့ပန်းချီကားတစ်ချပ်…

ဒါဟာ ရူးသွပ်ခြင်းတခုလို့
စွဲချက်တင်သတ်မှတ်သူတွေကို
ချေပဖို့ရာအတွက်
ကိုယ့်ရဲ့ မနက်ညတွေမှာ
ထုချေလွှာတွေချိတ်ဆွဲမထားဘူး….

ကိုယ်ကိုယ်တိုင်က
ကိုယ့်ပရိဒေဝကိုယ်ဟားတိုက်
ကိုယ့်မိုင်တိုင်ကိုယ်စိုက်သူမို့
ပရိယေသနတခုအတွက်
မျက်ရည်အတုတစက်ကိုတောင်
ဟန်ဆောင်ပန်ဆောင်မလိမ်းခဲ့လေဘူး….။

အင်ဒီယားနားပြည်နယ်၏မနက်ခင်းတခုတွင်ခံစားရသောကိုယ်ပိုင်ခံစားချက်တခုကိုရေးဖွဲ့ထားခြင်းမျှသာဖြစ်ပါသည်။

4 comments:

pandora said...

အင်း ဘာပြောရမလဲ မသိတော့ဘူး။ နားလည်သလိုပဲ ခံစားသွားတယ် ကိုဆောင်းရေ..
နံနက်ခင်းတွေ အေးချမ်းပါစေပေါ့

ဆောင်းယွန်းလ said...

ဘာရယ်မဟုတ်ပါဘူး မပန်ရေ..သမတမဲဆွယ်ပွဲတွေအ
ကြောင်းအလုအယက်ပြောနေကြတဲ့လူတချို့ကိုငေးပြီး
ဒီကဗျာလေးရေးဖြစ်သွားတာပါ...
ဆုတောင်းပေးတဲ့အတွက်ကျေးဇူးပါ...

Kaung Kin Ko said...

ကိုယ်ကိုယ်တိုင်က
ကိုယ့်ပရိဒေဝကိုယ်ဟားတိုက်
ကိုယ့်မိုင်တိုင်ကိုယ်စိုက်သူမို့
ပရိယေသနတခုအတွက်
မျက်ရည်အတုတစက်ကိုတောင်
ဟန်ဆောင်ပန်ဆောင်မလိမ်းခဲ့လေဘူး….။

လေးစားတယ် အစ်ကို။ ဘဝသမိုင်း အတွက်ကော ကဗျာအတွက်ကော။ ကဗျာထဲမှာ "ပရိယေသနတခုအတွက်
မျက်ရည်အတုတစက်ကိုတောင်
ဟန်ဆောင်ပန်ဆောင်မလိမ်းခဲ့လေဘူး" အဲဒီ့ တင်စားချက်ကိုတော့ အကြိုက်ဆုံးပဲ။

ATN said...

ဟိုးအဝေးဆီမှာကျန်ရစ်ခဲ့တဲ့
တောအုပ်လေးတစ်အုပ်နဲ့တဲငယ်လေးတစ်လုံး
ပြီးတော့…
အဆုံးမသတ်သေးတဲ့ပန်းချီကားတစ်ချပ်…
---------
မြက်ခင်းစိမ်းနဲ့ တဲငယ်လေး
မိုးမခ တောထဲက တဲငယ်လေး
အားလုံးကို လွမ်းနေတုန်းပဲ....

တနေ့နေ့တော့
ပန်းချီတချပ် အဆုံးသတ်မယ်-လို့ ယုံကြည်နေတုန်းပဲ...