ဓာတ်တိုင်များနဲ့စကားပြောကြည့်မိခြင်း
မကြိုက်ဘဲ တက်လိုက်ခဲ့တယ်
သိပ်မိုက်တဲ့ငါ
မချစ်ဘဲ ဇွတ်နှစ်လိုက်တယ်
သိပ်မိုက်တဲ့ငါ…
တခါတခါ ခွေခေါက်နေရ
အပူပေးစက်ရဲ့
အခိုးအငွေ့တွေအောက်မှာ
တခါတခါ ပျော့ပြဲနေရ
လေအေးစက်ရဲ့
အငွေ့အသက်တွေအောက်မှာ
ခြေထောက်မပါဘဲ
လမ်းလျှောက်ရဖန်များတော့
သဘာဝတရားကိုခံစားတတ်တဲ့
နှလုံးသားနဲ့ဦးနှောက်တွေ
ချိနဲ့နေကုန်တာပေါ့….
တချိန်တုန်းက
နေရာမလပ်အချိန်မရွေး
တုန်ခါနေတတ်တဲ့
ဂစ်တာကြိုးလေးတွေတောင်
ပြတ်တောက်
ငါ့ကို သစ္စာဖောက်ကုန်ကြပြီ…
ဖုန်တတ်နေတဲ့
မျက်နှာကိုရေဘတ်တိုက်
အိပ်ငိုက်နေတဲ့မနက်တွေကို
ခါးသက်စွာဝါးမြိုချရင်း
တနေ့တခြားကြီးပြင်းလာရတာ
ဘဝတဲ့လား…..
ဖိနပ်မတိုက်ဘူး
ခေါင်းမဖြီးဘူး
ကိုယ့်လည်ပင်းကိုယ်မညှစ်ဘူး
မိုးဦးကျ အမေ့အိမ်ကိုလွမ်းတယ်
မြူတွေဆိုင်းနေတတ်တဲ့
ကျောင်းမနက်တွေကိုလွမ်းတယ်
တခါတခါ
ရည်စားဦးကိုလည်းလွမ်းတယ်
ကိုယ့်စိတ်ကိုသူများတကာ
ကဗျာတပုဒ်လိုမဖတ်နိုင်ခင်အထိပေါ့….
လူလူသူသူဖြစ်ဖို့ရာအတွက်
ထွက်လာတာမဟုတ်ပါဘူး
ဘုရားစူးရပါစေရဲ့..
ခေတ်လွန်နေတာကလွဲရင်
ကျန်တာအားလုံးမွဲတေ
နေသာလို့သာမှန်းမသိအား
မကြည့်အား
လရောင်ဖိတ်လို့ဖိတ်မှန်းမသိ
နောက်တနေ့မှာကျွန်တကောင်ဖြစ်ဖို့
အိပ်ရသေးတယ်…
ငမိုက်သားရဲ့ဘဝက
လမ်းဘေးအမှိုက်ပုံတခုလို
ကြုံရာဆုံရာအကုန်ထည့်ခံရ
ဝန်နဲ့အားမမျှလို့
ဆဲဆိုစရာရှာကြည့်တဲ့အခါ
ပတ်ဝန်းကျင်မှာ ဘာဆိုဘာမျှမရှိ
ဓာတ်တိုင်တွေကိုဘဲစကားပြောနေမိတော့တယ်…။
လမ်းကလေးရေ
2 days ago
6 comments:
ကဗျာလေး ထိတယ် အစ်ကို။ အစ်ကို့ စကားလုံးတွေက စကားအများကြီးပြောနိုင်တယ်ဗျာ။ ဘဝတွေ အကြောင်းတွေးပြီး စိတ်လည်းမကောင်းဘူး။
ရင်ခုန်သံရော
အရေပြားရော
အားလုံးတူတယ်လေ...ကိုယ့်ညီ...
တို့ ညီအကိုချင်း စကားပြောနေတာပါပဲ...
အကိုက .. ဓါတ်တိုင်မဟုတ်သလို
ညီကလည်း ဓါတ်တိုင်မဟုတ်လေဘူး..
Take it easy :)
ကဗျာကြိုက်တယ်ဗျာ..ကိုဆောင်း..။
ငြိမ်းချမ်းအောင်
ဖိနပ်တိုက်ပါ
ခေါင်းဖြီးပါ
ကိုယ်လည်ပင်ကိုယ် ညှစ်ကြည်ပါ။
ကျနော်တို့အားလုံး ကြိုးချင်းတွယ်ညိနေတဲ့ ဓါတ်တိုင်တွေပဲ မဟုတ်လား။
လာမီးညှိသွားတယ်ဗျာ။
စာနာခံစားသွားတယ် ကိုဆောင်း
ကိုဆောင်းယွန်းလ….
“ခေတ်လွန်နေတာကလွဲရင်
ကျန်တာအားလုံးမွဲတေ
နေသာလို့သာမှန်းမသိအား
မကြည့်အား
လရောင်ဖိတ်လို့ဖိတ်မှန်းမသိ
နောက်တနေ့မှာကျွန်တကောင်ဖြစ်ဖို့
အိပ်ရသေးတယ်…”
ဒီအပိုဒ်လေးက ပျော်ရာမှာ မနေရ…
တော်ရာမှာ နေနေရတဲ့… ဘဝတွေကို
အတိုဆုံးနဲ့ အထိရောက်ဆုံး ဖေါ်ကျူးလိုက်တာပဲ။
မြန်မာပြည်ကအလည်လာတဲ့ အမေကပြောတယ်
“မင်းတို့ကို ကြည့်ရင် စားသုတ်သုတ်၊ သွားသုတ်သုတ် နဲ့
အိပ်တော့လည်း ခဏတဖြုတ်….” တဲ့။
Post a Comment