Sunday, November 9, 2008

မနက်ဖြန်မှအားပေးပါရစေ
နေရာကောင်းတခုမှာ
အိုးအိမ်အတည်တကျနဲ့
အခြေချဖို့
သူမအမြဲပြောတတ်တဲ့စကား
ဒီဘဝဒီမျှနဲ့ဘဲ ရောင့်ရဲလိုက်ပါတော့လို့
အမြဲပြောတတ်တဲ့ ကျနော့်ရဲ့နှစ်သိမ့်စကား
ကျနော်တို့နှစ်ယောက်ကြားမှာ
ခါးသက်နေကြရိုးအမှန်….
ဒီနေ့တော့
အလုပ်လေးပြီးအောင်လုပ်မယ်ကြံတဲ့
ကျနော့်ရဲ့အတွေး
အဓမ္မထောက်ခံအားပေးပွဲကြီးက ဝင်ဖျက်ဆီး
ငွေလေးရအောင်ကြံလိုက်ဦးမယ်ဆိုတဲ့အတွေး
လုပ်အားပေးရမယ်ဆိုတဲ့ သတင်းစကားအရောက်
ကျနော်တို့မိသားစု
ရေသောက်ဗိုက်မှောက်ကြရဦးမှာပေါ့
ရှင်မရေ မင်းမျက်နှာမသာယာရင်လည်း
မနက်ဖြန်မှဘဲ ချော့တော့မယ်…
ထမင်းဝိုင်းထဲက ဟင်းခွက်ဗလာ
တယောက်မျက်နှာတယောက် ကြည့်စရာမလို
အလိုလိုသိနေကြပြီးသား
ဒါတို့ နေ့စဉ်နှစ်ပါးသွားနေကြတာဘဲလေ…
ဟိုဒင်းဟိုဟာ ရန်ပုံငွေရှာဖို့တဲ့
သူမပိုင် ဘိုးဖွားအမွေပေးထားတဲ့နားကပ်ကလေး
သူမရဲ့ နားနှစ်ဘက်ပေါ်က
ထွက်ပြေးခဲ့ရတာလည်းကြာပြီ…
သူမ မြင်ချင်လှတဲ့
သားတွေရဲ့ရှင်ပွဲ
အကိုအားခဲပြီးကြိုးစားပါ့မယ်လို့
ကျနော်အားပေးလိုက်တဲ့အခါတိုင်း
သူမမျက်ရည်ဝိုင်းတာမြင်လိုက်ရ
ကျနော့်ရင်ထဲမှာလည်း မချိလှပါဘူးလေ…
ဗလာစာအုပ်ဝယ်မပေးနိုင်လို့
ကျောင်းတက်ပျက်ရတဲ့
သားနဲ့သမီးရဲ့အဖြစ်
ကျနော့်ကိုအပြစ်ဖို့နေသယောင်
မှောင်မဲမဲတဲငယ်ထဲ
ခပ်မွဲမွဲဆီမီးခွက်အောက်
ဝမ်းလျားမှောက်ရင်း စာကျက်ရတဲ့
သားနဲ့သမီးရဲ့ဘဝ အနာဂတ်လှနိုင်ပါ့မလား
စဉ်းစားရင်း ကျနော့်မျက်ရည်လည်…
သူတို့နဲ့အကြည့်ချင်းဆုံတိုင်း
အလိုလိုရင်ခုန်နေမိသူက ကျနော်
ဇနီးသည်ရဲ့ မျက်နှာပေါ်က ချိနဲ့နဲ့အပြုံး
ကျနော့်နှလုံးသားမှာ ဒဏ်ရာတွေဖြစ်….
မပူပင် မကြောင့်ကြ
တောင့်တခဲ့တဲ့ ကားတဝီဝီ
တီဗွီထိုင်ကြည့်ရမယ့်ဘဝ
အိမ်မက်ထဲကျမှဘဲ ပျော်ကြရအောင်…
ဘဝဆိုတာ တို့တတွေအတွက်မဟုတ်
တို့တတွေက ဘဝရဲ့သားကောင်လို့
ကျနော်ငြီးတွားပြန်ရင်လည်း
သူမအားငယ်ရှာပေမပေါ့….
ဒီတော့
ကျနော်မညာချင်ဘဲ ညာခဲ့ရတဲ့နေ့တွေတိုင်း
သူမမျက်ရည်ဝိုင်းခဲ့ပါပကော….
ခေတ်ကြီးကရှေ့ကပြေး
ခပ်နှေးနှေးလိုက်သူကကျနော်
ကုန်ဈေးနှုန်းတွေနဲ့ စိန်ပြေးတမ်းကစားရင်း
လက်ပမ်းကျနေရ
ဒီဘဝ ဒီမျှနဲ့အဆုံးမသတ်သေးသမျှ…
လုပ်အားပေး ပေါ်တာ
အဓမ္မထောက်ခံပွဲတွေနဲ့ လုံးချာလည်ရင်း
အိမ်ပြန်နောက်ကျနေတတ်တဲ့ကျနော်
အိမ်ဝကမျှော်နေတတ်သူ
ဇနီးမယား သမီးသားတွေအတွက်
မနက်ဖြန်မှအားပေးပါရစေ…။

လွန်ခဲ့တဲ့၁၄နှစ်ကျော်ကျော်လောက်ကရေးခဲ့တဲ့ကဗျာလေးတစ်ပုဒ်ပါ။ နားလည်ခံစားပေးနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

3 comments:

kay said...

အော်- အဲဒါကြောင့်- ခံစားချက် နဲ့ ခေတ်နောက်ခံ က..အခု မဟုတ်လောက်ပါဘူးလို့ ဖတ်နေတာ-း)

ကဗျာဆရာက- လွန်ခဲ့တဲ့ ၁၄ နှစ်က ခံစား စပ်ဆိုခဲ့ပေမဲ့.. အခု ထက်တိုင်..ထင်ဟပ် ခံစား နားလည်နေသူ များစွာ။

Nyein Chan Aung said...

နားလည်ခံစားသွားပါတယ်..။

ငြိမ်းချမ်းအောင်

ကိုအောင် said...

အကိုရဲ့ လွန်ခဲ့တဲ့ ၁၄ နှစ်က ကဗျာကို ခံစားခွင့်ရတာ
ကျေးဇူးပါ အကိုရေ။