Friday, November 28, 2008

”ဘာသာဗေဒတစ်ခုထဲကရလာမယ့်ရလာဒ်”
တအားနွမ်းနေတဲ့
ဘုရားပန်းတွေက
ပျင်းရိငြီးငွေ့စိတ်အကြိတ်အခဲ
အဘယ်မျှကြီးနေသလဲဆိုတာကို
လှစ်ဟနေကြတယ်…

အများသုံးစကားလုံးတွေထက်
ပိုပြီးအသုံးဝင်မယ့်ဝါကျ
ပိုပြီးဆေးဖက်ဝင်မယ့်ဝေါဟာရ
တစ်စုံတစ်ယောက်ဆီကထွက်မကျလာသေးသမျှ
ဓာတ်ပုံထဲကမြေနီလမ်းကလေးကို
အလွမ်းတွေနဲ့ကြည့်နေရ…

ကိုယ်ကိုယ်တိုင်က
ဘာကောင်မှမဟုတ်တော့
ချောင်တစ်ချောင်မှာ
ဒုက္ခသည်ချော့တေးတစ်ပုဒ်ကိုဆိုရင်း
နေ့ခင်းနေ့လည်တွေကိုကျော်ဖြတ်..

ထုံးစံထက်မပိုတဲ့ရှင်းပစ်လိုက်မှုမျိုးကြောင့်
ဗလာကျင်းသွားတဲ့ကော်ဖီတစ်ခွက်
အာသာရမ္မက်တစ်စုံကိုရင်ခုန်စွာထိုးကျွေးဖို့
နှုတ်ခမ်းဖျားမှာလမ်းသလားနေတဲ့
မာလ်ဘိုရိုစီးကရက်တစ်လိပ်
တိတ်ဆိတ်တဲ့အခန်းမှာ
ငြိမ်သက်စွာနေရာယူထားတဲ့စာရွက်စာတမ်းများ
တစ်ဝတ်တစ်ပျက်
ဆက်မဖတ်ရသေးတဲ့စာအုပ်တချို့
လက်ချောင်းတွေကြားမှာ
သွေးအေးစွာဖျားနာနေတဲ့ကဗျာတစ်ပုဒ်
ရေဒီယိုထဲကထွက်ကျလာတဲ့
လေးတွဲ့တွဲ့သီချင်းတစ်ပုဒ်
သွေးဆုတ်အောင်အအေးသရုပ်ဆောင်နေတဲ့
ဆောင်းဦးပေါက်နိုဝင်ဘာည
ဒါတွေအားလုံးဟာ
ယမန်နှစ်များစွာနဲ့ဘာမှမကွာလှဘူး…

ရမ္မက်ကိုဖျောက်
အာသာပြေရုံသာလျှောက်ခဲ့တဲ့
ခရီးတစ်ထောက်
ခြေထောက်ကိုဆန့်
အပျင်းပြေရုံသာရပ်တန့်ခဲ့တဲ့
နေရာတစ်နေရာမဟုတ်ခဲ့ဘူးဆိုတာ
ကိုယ့်ကိုကိုယ်သိနေပါရက်နဲ့
ကိုယ့်ကိုကိုယ်ထွက်နေတဲ့
ကိုယ်ပိုင်ဒေါသ
ခုထိပြန်ရုတ်သိမ်းလို့မရသေးဘူး…


အကြိတ်အခဲတွေကို
လေထဲဝဲပစ်လိုက်မိတယ်
ဖြေချကြည့်လိုက်မိတယ်...

ရူပဗေဒသဘောတရားအရ
သုံးသပ်ကြည့်ရမယ်ဆိုရင်တော့
အားနဲ့အင်နဲ့တွန်းခဲ့တဲ့
ကျောက်တုံးတစ်တုံးက
လှုပ်ရုံသာလှုပ်ပြီးမရွေ့သေးတော့
ကိုယ်လုပ်ခဲ့လေသမျှက ”သုည”..

ဒါပေမယ့်
ကိုယ်သင်ကြားနေတဲ့ပညာရပ်က
ရူပဗေဒဘာသာရပ်မဟုတ်သလို
ကိုယ်တွန်းဖြိုနေတဲ့အရာဝတ္ထုကလည်း
ကျောက်တုံးကျောက်ခဲမဟုတ်လေဘူး..

သင်ကြားလေ့လာဖူးသမျှ
ပြန်လည်သုံးသပ်ကြည့်ရရင်
”ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်”ဆိုတဲ့
မူလတန်းဖတ်စာထဲကစာသား
ကိုယ်တို့အပျင်းပြေသင်ကြားခဲ့ကြတာမဟုတ်ဘူး…

တကယ်တော့
မှည့်ရုံမှည့်ပြီးမကြွေတာ
လှုပ်ရုံလှုပ်ပြီးမပြုတ်တာ
ကိုယ်တို့ပြိုင်တူမတွန်းသေးလို့ဖြစ်မှာပါ....

ကဲ..ပြိုင်တူတွန်းရင်းနားစိုက်ထောင်လိုက်ကြ
နားနဲ့ဆက်ဆက်
ကျုပ်တို့ကြားလာရလိမ့်မယ်.
အက်ကြောင်းတွေမညီမညွတ်နဲ့
ဓားအိမ်ချွတ်နေကြတဲ့အသံများ…။

9 comments:

ကိုအောင် said...

အကိုရယ့် ကဗျာအသစ်လေ လာဖတ်သွားတယ်
ကိုဆောင်း။

ယောနသံစင်ရော် said...

ကဲ..ပြိုင်တူတွန်းရင်းနားစိုက်ထောင်လိုက်ကြ
နားနဲ့ဆက်ဆက်
ကျုပ်တို့ကြားလာရလိမ့်မယ်.
အက်ကြောင်းတွေမညီမညွတ်နဲ့
ဓားအိမ်ချွတ်နေကြတဲ့အသံများ…။

သိပ်သဘောကျမိတယ် အကိုဆောင်းယွန်း။

ATN said...

အားနဲ့အင်နဲ့တွန်းခဲ့တဲ့
ကျောက်တုံးတစ်တုံးက
လှုပ်ရုံသာလှုပ်ပြီးမရွေ့သေးတော့
ကိုယ်လုပ်ခဲ့လေသမျှက ”သုည”..

ကိုယ့်ညီ...
တို့တွေ တွန်းကြည့်ခဲ့ကြလို့သာ
ဝိုင်းတွန်းကြဖို့လိုတယ်ဆိုတာ
အားလုံး သိကြပြီ မဟုတ်လား...
ဒါဟာ သုံည မဖြစ်နိုင်ပါဘူး...

ဒါဟာ ဘုံဘ၀... ပါ ကိုယ့်ညီ...

ဘုံဘ၀...မှာ...
သုံည... ထပ်မလာအောင်
ဆုံသမျှ.. သူအားလုံး ၀ိုင်းတွန်းကြရမပေါ့...

ကဗျာ ကောင်းလေးတပုဒ် ပါ...

လူလ said...

မင်္ဂလာပါ ကိုဆောင်း

ခံစားသွားတယ်။

ချောက် ချောက် နဲ့ နာရီအသံကလည်း ကြောက်စရာ ကောင်းတယ်၊
ကင်းစောင့်တာရလွဲပြီး နာရီသံမရှိတဲ့ ဘ၀တွေ ပြန်ကြုံချင်တယ်

ရွှင်လန်းချမ်းမြေ့ပါစေ...

Nyein Chan Aung said...

ကဗျာဆရာရဲ့ ရင်ဘတ်ထဲက အကြိတ်အခဲတွေကို တိုးလျှိုးပေါက် မြင်နေရပါတယ်ဗျာ..။

ဟန်လင်းထွန်း said...

အားနဲ့အင်နဲ့တွန်းခဲ့တဲ့
ကျောက်တုံးတစ်တုံးက
လှုပ်ရုံသာလှုပ်ပြီးမရွေ့သေးတော့
ကိုယ်လုပ်ခဲ့လေသမျှက ”သုည”..

များများလူပ်လေ နဲ့လာမှာပါ ဗျာ

ခေါင်ခေါင် said...

ဟုတ်တယ် အကို....
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်...ဆိုတာ
အပျင်းပြေ သင်ကြားခဲ့ကြတာမှ မဟုတ်တာ....

ဒီထက်ပိုအားစိုက်ပြီး...ပြိုင်တူညီညီညာညာ တွန်းရင် တစ်ကယ်ရွေ့မှာပါ...

အရမ်းကောင်းတဲ့ ကဗျာလေးပါ..

mirror said...

ပြိုင်တူတွန်းရင်းနားစိုက်ထောင်လိုက်ကြ
ဒါလေးကြိုက်လိုက်တာ
ခုတော့ ပြိုင်တူမတွန်းနိုင်ကြဘူးဖြစ်နေတယ်

ခင်မင်လျက်
mirror

Eaindra said...

"အက်ကြောင်းတွေမညီမညွတ်နဲ့
ဓားအိမ်ချွတ်နေကြတဲ့အသံများ…။"

သေချာတာပေါ့....
စည်းလုံးခြင်းဆိုတာအောင်မြင်ခြင်းပဲ..
အဖြေကသိပ်ရှင်းနေတယ်လေ...

ကိုဆောင်းယွန်း..

ကျွန်မတို့ ကဗျာလေးတွေကလဲ..
သဲတစ်ပွင့်တော့ဖြစ်နိုင်ကောင်းပါရဲ့

အိန္ဒြာ