Monday, January 5, 2009

ပြန်”ခြင်း” မလာ

ဒီနေ့သူငယ်ချင်းတစ်ယောက်နဲ့ ထွေရာလေးပါးစကားတွေပြောရင်း သူ့ဆီကရလာတဲ့
အတွေးအခေါ်လေးတွေ စကားလုံးတွေနဲ့ကျနော့်အတွေးအခေါ်စကားလုံးတွေပေါင်းစပ်ပြီး
အောက်ဖော်ပြပါကဗျာလေးကိုရေးဖြစ်သွားခဲ့ပါတယ်။ ကဗျာလေးကို ”ပြန် ”ခြင်း” မလာ” လို့
အမည်ပေးထားပါတယ်။


သမုဒ္ဒရာထဲမှာ
ကူးရင်းခတ်ရင်း
ချဉ်ခြင်းတပ်နေရတဲ့”ရေ”
မက်မပြေတဲ့ရေတစ်ပေါက်
ဘယ်အချိန်မှသောက်ရပါ့….

ကျောက်ချထားတဲ့ခြေထောက်
နောက်ကျသွားတဲ့အချိန်
သစ္စာဖောက်တွေရဲ့နောက်ပြန်ဆွဲမှု
အရာရာကိုအံတုနေရရင်း
ကျဉ်းထဲကျပ်ထဲအံကိုခဲ
ဟောဒီ.လောကငရဲမှာ…

ဘာတွေဖြစ်လာခဲ့ပါသလဲ!
ရဲရဲစဉ်းစားကြည့်
ခင်ဗျားလည်းအသိ
ကျနော်လည်းအသိ
ခင်ဗျား Broke
ကျနော် Broke
သူသူ ငါငါ Broke ဖြစ်နေတဲ့
ခေတ်အစုတ်နဲ့
အရှုပ်အထုပ်တွေကြား
သနားတဲ့ကျားမရှိ
ချမ်းသာတဲ့နွားမရှိ
လေတောင်သတိနဲ့ရှုသုံးနေရ
ဒါ…ဘဝတဲ့လား!

မျဉ်းကြားမရှိတဲ့လမ်းမမှာ
မီးပွိုင့်မထားတဲ့လမ်းခွမှာ
မယုံချင်စရာပုံပြင်တွေလျှံကျ
ကိုယ်ခတ်ဖို့ခြင်းတွေပြန်မကျလာတာ
ခတ်သူကပညာပြနေတာမဟုတ်
ကိုယ့်ခြင်းနဲ့ကိုယ်ရှုပ်ရင်း
ပြန်ခြင်းပြန်မခတ်နိုင်သမို့
အငြင်းပွား အချင်းများရင်း
အပြင်းဖျားသွားတဲ့ညနေခင်းတွေ
တရက်ပြီးတရက်ကြွေဆင်း
ဗိုလ်ချုပ်ရင်းခဲ့ရတဲ့
လွတ်လပ်ခြင်းတောင်
၆၁ကြိမ်မြောက်ခင်းကျင်း
ပြန်လှန်ဖတ်ခွင့်မရှိသေးတဲ့
အေးစက်စက်စာတရွက်ပေါ်မှာ…..။

7 comments:

The Wild Rose said...

ကိုဆောင်းယွန်းလရေ လာရောက်ခံစားသွားပါတယ် ......

Myo Win Zaw said...

လွတ်လပ်ခြင်းဆိုတဲ့စကား ကွန်တော်တို့အတွက် မဟုတ်သလိုဘဲ

ဟန်လင်းထွန်း said...

ဒီကဗျာကတော့ အမှန်တကယ် ခံစားလို့ရတယ်။ ကောင်းတယ် အကို

Kaung Kin Ko said...

ကဗျာလေး ကောင်းလိုက်တာ အစ်ကိုရာ။

အိုင်လွယ်ပန် said...

ဟုတ်တယ်အစ်ကို...
ကျွန်တော်တို့က အေးစက်စက်စာမျက်နှာတစ်
ရွက်ပေါ်မှာ.....

ကောင်းတယ်အစ်ကိုရာ .....

kay said...

ဒီကဗျာလေး ကို တော်တော်ကြိုက်တယ်။ ဒါပေမဲ့လည်း တခါ တခါ တွေးကြည့်တော့..ကဗျာတွေက.. နာကျင်နေရင်..ပိုလှနေတာ..မဟုတ်သေးပါဘူးလို့။း)

သတင်းဆိုးတွေက..ပိုလူစိတ်ဝင်စား သလို..ပိုသတင်းဖြစ်သလို ဖြစ်နေတဲ့သဘောလား ။

pandora said...

အပြင်းဖျားတဲ့ ညနေခင်းတွေအတွက် ကောင်းသော သတင်းစကားကို မျှော်လင့်နေပါတယ်။