Tuesday, January 6, 2009


”သွေးစိမ်းရှင်ရှင်ထွက်နေတဲ့ကဗျာ”
စိမ်းစိမ်းကြီးစိုက်ကြည့်နေတဲ့
လောကကြီးရဲ့မျက်ဝန်းတွေကသူ့အတိုင်း….

အစိမ်းရောင်လှိုင်းတွေပေကျံနေတဲ့
သက္ကရာဇ်မြစ်တစ်စင်းပေါ်မှာ
အစိမ်းရောင်မုန်တိုင်းခပ်ရိုင်းရိုင်းတွေကစိုင်းဆင်း
အစိမ်းရောင်မြင်ကွင်းတွေကစိမ်းလန်းခြင်းကိုမဆောင်…..

နက်မှောင်မှောင်ညသန်းခေါင်ပေါ်မှောက်ကျလာတဲ့
အစိမ်းရင့်ရောင်တံခါးခေါက်သံတွေကလည်း
အစိမ်းလိုက်အသည်းကိုခွဲသွားခဲ့…..

အစိမ်းရောင်ရက်စွဲတွေက
အစိမ်းရောင်ကံကြမ္မာကိုပွတ်တိုက်ရိုက်ပုတ်တဲ့အခါ
စိမ်းပြာပြာမျက်ရည်တွေလျှံကျလို့
အစိမ်းကမ်းနားမှာအဖြူရောင်တံတားလေးကျိုးပဲ့….

လူဟာကျောက်ရုပ်မဖြစ်နိုင်ခဲ့တာတော့သေချာတယ်
တိုးလျှိုးတောင်းပန်တာတောင်စိမ်းပြနေတဲ့အခါ
အဖြူရောင်နှလုံးသားတွေရဲ့အပေါ်မှာအနီကာလာတွေငြိစွန်းလာခဲ့ကြ…

အစိမ်းငရဲမီးတွေအတွက်မဲ့ပြုံးကိုအစိမ်းရောင်နှလုံးမှာလွန်းတင်လို့
အစိမ်းရောင်တွေမြင်တိုင်းပျို့အန်တတ်လာတာဆန်းသလား!

စိမ်းဖျားဖျားတဲ့သူတွေကိုကယ်တင်ဖို့
အဖြူရောင်လက်နှစ်ဖက်
အဝါရောင်စားပွဲတစ်လုံးထက်မှာ
အပြာရောင်လက်တစ်စုံကိုငံ့လင့်ရင်း
အညိုရောင်ညနေခင်းတိုင်း တဆက်ဆက်တုန်ယင်နေတာကြာပေါ့….

ရင်ဟက်တက်ကွဲ.သွေးစိမ်းရှင်ရှင်ရဲနေတဲ့နှလုံးသား
အစိမ်းရောင်မုသားတွေကိုမယုံတတ်ခဲ့တာလည်းကြာပြီ….

မကြာခင်မှာတော့..
အစိမ်းတွေအရည်ပျော်ကျ
လောကကြီးက ဖြူပြာနီဝါတွေနဲ့လှလာရတော့မှာပါ.။

10 comments:

Myo Win Zaw said...

ဖြူစင်တဲ့ အခြေခံပညာကျောင်းယူနီဖောင်း ကို အလွဲသုံးစားလုပ်ထားတဲ့သူတွေပြိုပျက်ပါစေ

Eaindra said...

အကို...

အစိမ်းရောင် blog ဆီကိုတော့..
မလာပဲမနေလိုက်နဲ့ဦး....
အသံစီးသွားပုံက....
တော်တော်ကို..လှပါတယ်..အကို..
နမိတ်ပုံတွေကလည်း..ပြောစရာ..မလို.အောင်ပါ..

ခင်တဲ့မင်တဲ့

အိန္ဒြာ

Nyein Chan Aung said...

သွေးစိမ်းရှင်ရှင်ထွက်နေတဲ့ ကဗျာကို ဖတ်သွားတယ်ဗျာ..။ ခင်မင်စွာ

pandora said...

စိမ်းစိမ်းဝါးဝါးကြည့်ပြီး ဖတ်သွားတယ်။

ကိုဆောင်း ကဗျာတွေ ပိုပို ဖမ်းစားလာတယ်။
အားပေးနေတယ်။

The Wild Rose said...

ဖတ်ရှုခံစားသွားပါတယ် ကိုဆောင်းယွန်းလ ရေ .......

ကိုအောင် said...

ကဗျာကို အရမ်းသဘောကျတယ် အရမ်းကောင်းတယ်
အကိုရေ။ အားပေးလျက်ပါ။

ညီအကိုများ said...

အစ်ကိုရေ ကွန့်မန့်အတွက်ကျေးဇူးပါခင်ဗျာ..

ကဗျာကောင်းတစ်ပုဒ်ကိုခံစားသွားကြောင်းပါ။
ထိချက်တွေကတော့ ပြင်းရှတယ်ဗျာ..

ခင်မင်လေးစားလျက်
မိုးကြယ်

Anonymous said...

ကဗျာလေးကောင်းသား..။း)

mirror said...

အစ်ကိုကြီး...ကဗျာတွေက တဖြည်းဖြည်းနဲ့ လွှတ်လွှတ်မိုက်လာပါရော...အစိမ်းလိုက်သာ မျိုချပစ်လိုက်ချင်တော့တာပဲ...။

အိုင်လွယ်ပန် said...

သုံးထားတဲ့နိမိတ်တွေက
အစပ်တည့်လိုက်တာအစ်ကိုရာ