Saturday, January 17, 2009

”တွဲလက်များမြဲစေ”

နားနဲ့မနာရက်ပါလို့
နာလိုက်ရတဲ့ဖဝါးတွေ
အသားကြေလိုကြေ
အသားမာတက်လိုတက်
အချိန်လွန်သွားတဲ့ထိအောင်မှောင်နက်နေဆဲညက
အရုဏ်နဲ့စစ်ဖြစ်ထားပုံရတယ်…

နေပူလို့ထီးဖြူ
လမ်းထူလို့ဖိနပ်ပါး
ဖြတ်ခဲ့ကြတဲ့မိုင်တိုင်တွေလည်းများလှပြီ…

”ဤ”သည်လည်း”ကျွဲ”မဖြစ်လာခဲ့သေး
ကူညီဖေးမမယ့်ကယ်တင်ရှင်တယောက်တလေကတော့
ကောင်းကင်ဘုံမှာဗီဇာလျှောက်နေရတုန်း
အရပ်သုံးစကားနဲ့ပြောရမယ်ဆိုရင်ဖြင့်
”လာမယ်ကြာမယ်”သို့သော်ဘယ်နေ့မှန်းမသိ…..

တတိတိတိုက်စားခဲ့လေသမျှ
အပေါဆုံးရရှိနိုင်ခဲ့တာ မျက်ရည်
အရှားပါးဆုံးကမိသားစုထမင်းလက်ဆုံစားပွဲ
ရှင်သန်နေသေးသူတွေရဲ့ဝဋ်ငရဲကဆိုးသလို
မနိုင်ဝန်ထုပ်နဲ့လူလုပ်ရမယ့်မျိုးဆက်သစ်တွေရဲ့ဘဝကလည်းဆိုးတယ်….

”သွားတွေကျိုး ပါးတွေတွန့်
ခါးတွေကုန်းလို့မြေနမ်းလု”
ခါးသီးလှတဲ့လူ့ဘဝကြီးရဲ့အရသာကို
အရက်ဖြူတခွက်နဲ့ရောပြီးဇွတ်မြိုချသွားတဲ့
ဆရာစိုင်းခမ်းလိတ်ရဲ့ ဥပက္ခာလောကသားလောက်
ကျုပ်တို့လူဖြစ်လာခဲ့ကြတဲ့ဘဝမှာ
ဝါးစရာအသားများများစားစားမရှိခဲ့ကြလို့
ကျိုးစရာသွားတွေမရှိခဲ့ကြပါဘူး
ဗီတာမင်ဓာတ်တွေအပြည့်အဝမရခဲ့ကြလို့
ပါးတွန့်စရာအသားအရေလည်းမရှိခဲ့ကြဘူး….
စိတ်အငှားနဲ့တပါးသူမြေမှာကပ်ခိုနားနေရတာမို့
ခါးကုန်းတဲ့အခါ နမ်းစရာကိုယ်ပိုင်မြေလည်းမရှိကြဘူး
အလွမ်းနာတွေနဲ့ဘဲရူးနေရ…..

ဒွါရကိုးပေါက်ပိတ်တောက်ခံထားရမှုကဆိုးသလို
ထွက်ပေါက်တပေါက်ပိတ်ဖျောက်ခံရမှုကပိုဆိုးတယ်
ခြေထောက်ရိုက်ချိုးခံထားရတာထက်
ဦးနှောက်ရိုက်ချိုးခံထားရတာကပိုဆိုးတယ်
မျှော်လင့်ချက်ကိုရိုက်ချိုးခံထားရတာကပိုဆိုးတယ်
”ဦးဝင်းတင်ကတော့ပြောတာဘဲ
ဖောက်ထွက်နိုင်ဖို့ကပိုအရေးကြီးပါတယ်”တဲ့
ဖောက်နိုင်သမျှဖောက်ထွက်ခဲ့ကြလို့ဘဲ
သွေးသံတရဲရဲ မြို့ပြလူသတ်ပွဲတွေထဲမှာ
တချို့ဆိုရင်လည်းငရဲထက်ဆိုးတဲ့
ကူးစက်ရောဂါအမျိုးမျိုးလှောင်ထားတဲ့ထောင်ထဲမှာ
တချို့ကျတော့လည်း…
မျက်နှာမဲ မျက်နှာဖြူ မျက်နှာဝါနိုင်ငံတွေထဲမှာ
ကျွန်ဆိုတဲ့ဇာတာနဲ့မဟာဘုတ်ထူ
အလုပ်ဟူသမျှ ဂုဏ်ရှိစွလို့ဘဲပြောရပေမပေါ့….

ကိုယ့်ကြမ္မာကိုယ်ဖန်တီးလုပ်ယူနိုင်ခွင့်ဆိုတာထက်
ဘယ်အရာကများပိုပြီးမက်မောစရာရှိခဲ့လို့လဲ
ငရဲပန်းတွေပွင့်တဲ့လမ်းမှာအကဲစမ်းစရာနတ္ထိ
ကိုယ့်ဒူးကိုယ်ချွန်ကြည့်ဖို့အခွင့်မရှိတော့တဲ့အဆုံး
တိုင်းတပါးဆိုတဲ့စကားလုံးကိုကျောပိုးအိတ်ထဲမှာထည့်ရင်း
မိဘ.ဇာတိ.ဆွေမျိုး.သူငယ်ချင်း ချစ်သူ
အစရှိသူတို့နဲ့ကွေကွင်းနေရခြင်း ဒုက္ခက
ကျုပ်တို့ခေတ်ကျမှဘဲရွေးဖြစ်ခွင့်ရခဲ့တာလား!

ဗြမ္မစိုရ်တရားကြီးငိုညဉ်းနေရတဲ့ခေတ်ထဲမှာ
အမှန်တရားဟာရှားပါးလွန်းတဲ့မီးတတောက်
ကြီးနိုင်ငယ်ညှဉ်းတွေအလေ့ကျပေါက်သလောက်
တရားမျှတမှုတွေပျောက်နေလိုက်ကြပုံများ....

ကျုပ်တို့ခါးသက်မှုကိုဒီလိုဘဲဝါးမြိုကြတော့မှာလား!
မိုးပြိုမှာကိုကြောက်နေကြမယ့်အစား
အလင်းတံခါးကိုဆွဲဖွင့် တွဲလက်တွေကိုမြဲသင့်ပြီ…။

14 comments:

ခေါင်ခေါင် said...

အရမ်း.. အရမ်း ကိုကောင်းတဲ့ ကဗျာပဲ...
ခံစားမှုတွေ တစ်နင့်တစ်ပိုး ပုံဖေါ်ထားတာ...
ရင်ဘတ်နဲ့ခံစားပြီး ဖတ်သွားပါတယ် ဦးဆောင်းရေ....

မိုးပြိုမှာကို မကြောက်ပါဘူး...
တွဲလက်တွေမြဲလို့.. အမြဲအသင့်ရှိပါတယ်....

မေ့သမီး said...

တစ်ခါတစ်လေတော့လည်း တွေးမိပါရဲ့။ တို့လူမျိုးတွေဟာ တကယ်ပဲ ကျွန်ဇာတာပါလာတာလား လို့။ လွတ်လပ်ရေးရတာတောင်မကြာသေးဘူး သူများနိုင်ငံမှာ မျက်နှာငယ်နေကြရတယ်။ အစ်ကိုရေ ရှေ့ခရီးကိုတွေးကြည့်ရင် မှုန်ဝါးဝါးပဲ။ ညီညွတ်ဖို့တော့ တကယ်လိုနေပြီ။

ကိုရင်နော်ခင်လေးငယ် said...

ကောင်းလွန်လွန်းတဲ့ ကဗျာလေးကို
ဖတ်ရင်း၊ တွေးရင်း၊ ခေါင်းညိတ်ရင်း..

“အလင်းတံခါးကိုဆွဲဖွင့် တွဲလက်တွေကိုမြဲလိုက်ပြီ…”

မမသီရိ said...

စိတ်ဓါတ်ကျတဲ့..စကားတွေ..
ခဏခဏ မပြောပါနဲ့..ဆိုမှ...

လင်းဦး(စိတ်ပညာ) said...

အလွန်ကောင်းမွန်သော ကဗျာကောင်းတစ်ပုဒ်ပါပဲ... :)

ကေ said...

မောင်ခိုင်မာ ရဲ့ စကားပြေများများ နဲ့ ကဗျာလေး တွေ သတိရသွားတယ်။

အင်းးးး.. လို့ပဲ ပြောတော့မယ်..

အိန္ဒြာ said...

ကိုယ့်ဒူးကိုယ်ချွန်ကြည့်ဖို့အခွင့်မရှိတော့တဲ့အဆုံး
တိုင်းတပါးဆိုတဲ့စကားလုံးကိုကျောပိုးအိတ်ထဲမှာထည့်ရင်း
မိဘ.ဇာတိ.ဆွေမျိုး.သူငယ်ချင်း ချစ်သူ
အစရှိသူတို့နဲ့ကွေကွင်းနေရခြင်း ဒုက္ခက
ကျုပ်တို့ခေတ်ကျမှဘဲရွေးဖြစ်ခွင့်ရခဲ့တာလား!

တစ်ပုဒ်လုံးကိုလဲကြိုက်ပါတယ်.
ကဗျကောင်းတစ်ပုဒ် အတွက်ကျေးဇူးပါ အစ်ကို

ကောင်းကင်ကို said...

ကောင်းတယ်ဗျာ။ တစ်ပုဒ်လုံးအနှစ်ကြည့်ပဲ အစ်ကိုရာ။

Craton said...

အားရို့.. ဘယ်လိုပြောရမှန်းမသိအောင် ကောင်းတယ်
ကာရံတွေလည်းညီပါ့။ ရွတ်လို့လည်းကောင်းစ်စ်း)

အိုင်လွယ်ပန် said...

ဖတ်ရင်းနဲ့ကြတ်သီးတောင်ထတယ်အစ်ကိုရေ....
တွဲလက်တွေမြဲသင့်ပြီ.....ဘဲဥအစရှာမရသလိုဖြစ်နေတာတော့ဆိုးနေတယ်
အစ်ကိုရာ....ကုတင်ရွှေနန်းဖြစ်နေတဲ့ရက်တွေများခဲ့ကြပြီ...

လေးစားလျှက်

မောင်မျိုး said...

ကဗျာကိုဖတ်ပြီး ခံစားချက်ကတော့ ပေါင်းစုံပါပဲလား ကိုဆောင်းရေ့ ၀မ်းနည်းရတယ် ကြေကွဲမိတယ် ဒေါသဖြစ်မိတယ် ခံပြင်းမိတယ် ။

နေပူလို့ထီးဖြူ
လမ်းထူလို့ဖိနပ်ပါး
ဖြတ်ခဲ့ကြတဲ့မိုင်တိုင်တွေလည်းများလှပြီ…
ဟုတ်တယ် မိုင်တိုင်တွေစိုက်ထူခဲ့တိုင်း လွတ်လပ်မှု အရသာကို သေချာ မခံစားခဲ့ရဘူး ။


မျက်နှာမဲ မျက်နှာဖြူ မျက်နှာဝါနိုင်ငံတွေထဲမှာ
ကျွန်ဆိုတဲ့ဇာတာနဲ့မဟာဘုတ်ထူ
အလုပ်ဟူသမျှ ဂုဏ်ရှိစွလို့ဘဲပြောရပေမပေါ့….

အဲ့ဒီလို ခံယူရုံကလွဲလို့ ဘာများရှိအုံးမှာလဲဗျား ကျွန်ဖြစ်အောင် ဘယ်သူက လုပ်သလဲဆိုတာကို သိတော့လည်း ဒေါသဖြစ်ရုံကလွဲပြီးတော့................။

ဒူကဘာ said...

အချို့က ခါးသီးမှုကို မြုံထားပြီး အသားကျလို့ လွတ်မြောက်မှာကို မလိုလားသူတွေ ရှိလာ သတဲ့လေ၊ တကယ်တော့ ခင်ဗျားက ပုံဖေါ် ထုဆစ်တာတွေ ကောင်းတဲ့ ကဗျာဆရာကောင်း တယောက်လို့ မှင်တို့ ထားပါရစေလား! ....ဗျာ။

ပျူနိုင်ငံ said...

ကိုဆောင်းကဗျာက အရမ်းကောင်းတယ်။

ယောနသံစင်ရော် said...

အကိုဆောင်းယွန်း..

(”သွားတွေကျိုး ပါးတွေတွန့်
ခါးတွေကုန်းလို့မြေနမ်းလု”....
ခါးကုန်းတဲ့အခါ နမ်းစရာကိုယ်ပိုင်မြေလည်းမရှိကြဘူး
အလွမ်းနာတွေနဲ့ဘဲရူးနေရ…..)

ဒီအပိုဒ်လေးကိုဖတ်ပြီး ကိုယ့်ဘဝကိုနာကြဉ်းမိတယ်..။