”စိတ်စစ်ဆင်ရေး”
စိတ်ရဲ့ကွင်းပြင်ထဲကိုဆင်း
အသက်နဲ့ရင်းပြီးနားထောင်ကြ
ရင်ဘတ်နဲ့ရင်းပြီးနားထောင်ကြ…
ဘဝကိုကြိုးတပ်ရင်းတီးခတ်
တရက်ပြီးတရက်
ပေါက်ထွက်လာတဲ့သံစဉ်နက်နက်တွေမှာ
သာယာနာပျော်ဖွယ်အသံတချို့က
နေ့တဝတ်ပေါ်ကိုဖိတ်စဉ်ကျ
နာကျည်းဖွယ်ရာငိုသံတဝတ်က
နေ့တခြမ်းပေါ်မှာရောစွတ်
ဘယ်လိုအရာမျိုးကများပါဖက်(Perfect)ဖြစ်နိုင်ခဲ့လို့လဲ!!!....
တို့အားလုံး….
အချိန်တိုင်းပြုံးနိုင်ခဲ့ကြလို့လား!
အမြီးကျက်အမြီးစား
ခေါင်းကျက်ခေါင်းစားတဲ့
သောနူထိုရ်တွေရဲ့ကြားမှာ…
အကုသိုလ်တချို့ကိုဖြိုချဖို့အတွက်
သောမနဿတဝတ်ကိုမြိုချဖို့အတွက်
သောကတချို့တဝတ်ကိုစားရင်းကြီးပြင်း
ကန္တာရဆိုတဲ့သားရဲတွင်းမှာ….
ဘာဘဲဖြစ်ဖြစ်
ရွှံ့မံထားတဲ့အက်ကွဲကြောင်းစစ်စစ်ကြီးကို
တကြိမ်တခါစီးချင်းထိုးလို့မပြိုတိုင်း
မျက်ရည်ဝိုင်းစရာမလိုပါဘူး…
မိစ္ဆာဆိုတဲ့ကပ်ပါးကောင်တွေအဖို့
နဖူးမှာ”ကံကောင်းခြင်း”စာတမ်းကိုကပ်လို့
တသက်စာကံကောင်းစေသတည်းရယ်ဆိုပြီး
ဘယ်နတ်ဒေဝတာကမှကောင်းချီးမပေးခဲ့ပါဘူး….
ကံကြမ္မာဆိုတာ
၂၄နာရီအလုပ်လုပ်နေရရှာတဲ့
မီးပွိုင့်တစ်ခုလိုပါဘဲ
အမြဲမဝါနိုင်သလို
အမြဲလည်းမနီနိုင်ပါဘူး
ကံကြမ္မာမီးစိမ်းပြလာတဲ့အခိုက်
အိပ်ငိုက်မနေဖို့အတွက်
ခင်ဗျားနဲ့ကျုပ်လက်ချင်းချိတ်
အစိုင်အခဲတွေကိုရိတ်လိုက်ကြစို့……
လမ်းကလေးရေ
4 weeks ago
11 comments:
ကံကြမ္မာ မီးစိမ်းပြလာတဲ့ အခိုက်ကို .. မအိပ်ပဲ စိတ်ရှည်ရှည် စောင့်ကြတာပေါ့.. ဦးဆောင်းရယ်.. နော်...
ပြောစရာအပိုအလိုမရှိ သေသပ်စွာ.. ကောင်းမွန်တယ်.. ဟဲဟဲ..
ကဗျာဆရာကြီးတွေစတိုင် နဲ့ပြောသွားတာ..
ကဗျာလေး ဖတ်ရတာ..
အားရှိလိုက် တာ....
ဒီလို ကဗျာလေး တွေ များများ ရေးဘို့
တိုက်တွန်းပါ ရစေ....
.....
ဘာဘဲဖြစ်ဖြစ်
ရွှံ့မံထားတဲ့အက်ကွဲကြောင်းစစ်စစ်ကြီးကို
တကြိမ်တခါစီးချင်းထိုးလို့မပြိုတိုင်း
မျက်ရည်ဝိုင်းစရာမလိုပါဘူး
...............................
အကြိမ် ၁၀၀ လောက် လဲ ကျပြီးပေမဲ့..
နောက် တစ်ကြိမ်... ပြန်ရပ်ဖို့...
တို့ တွေ အားလုံး ..အဆင်သင့်..ဖြစ်ကြရ အောင်....
မိစ္ဆာဆိုတဲ့ကပ်ပါးကောင်တွေအဖို့
နဖူးမှာ”ကံကောင်းခြင်း”စာတမ်းအစား ” သေဆုံးခြင်း” တွေ မြန်မြန်ရောက်တော့မှား) မီးရယ် မြန်မြန်စိမ်းပါတော့ စောင့်လာရတာ နှစ်တွေကြာလှပေါ့ အစိုင်အခဲတွေကို ဘော်လီဇာနဲ့ ကလော်ထုတ်ချင်နေင်္ပြီးး ။
ဦးဆောင်း ပြောတာမှန်တယ်ဗျာ။
ဦးဇာဂနာ ပြောသလို “ ခြစ်တိုင်းမတောက်ပါဘူး ။”
ဒါပေမဲ့ မီးမတောက်တဲ့ အချိန်ကို တော့ မစောင့်သင့်ဘူးဗျ ။
အစ်ကိုရေ နဖူးမှာ ကံကောင်းခြင်းစာတမ်းကို ကပ်မထားပေမယ့် ဘာသာအထိတောင်စော်ကားတဲ့ သူတွေ ဘာမှလည်းမဖြစ်သေးဘူး။ စိတ်နာတယ်။
နောက်ဆုံးအပိုဒ်လေးအကြိုက်ဆုံးပဲ
ကိုဆောင်းယွန်းရေ ...............
မီးပွိုင့်တွေ..ပျက်ပျက်နေတတ်တော့.......
အစ်ကိုရေ...
တစ်ပိုဒ်ချင်း ခံစားသွားကြောင်းပါ..
ဟုတ်ပါရဲ့.. အကိုဆောင်းယွန်းရေ.. အချိန်တိုင်းမပြုံးခဲ့နိုင်ပါဘူး...
ခင်မင်လျက်
ဘာဘဲဖြစ်ဖြစ်
ရွှံ့မံထားတဲ့အက်ကွဲကြောင်းစစ်စစ်ကြီးကို
တကြိမ်တခါစီးချင်းထိုးလို့မပြိုတိုင်း
မျက်ရည်ဝိုင်းစရာမလိုပါဘူး…
ဟုတ်တယ်ကိုဆောင်း။ မျက်ရည်ဝိုင်းစရာ မလိုပါဘူး။ ကဗျာကောင်းတယ်ဗျာ။ အားပေးလျှက်
အကိုကဗျာကို ဖတ်ရတာ ဖတ်လို့မ၀ သလိုဘဲဗျာ။
အားပေးလျက်ပါ ကိုဆောင်းရေ။
အစ်ကိုရေ...လက်ချင်းလာချိတ်တာဗျ။
Post a Comment