Monday, February 16, 2009

”လွမ်းခန်းမပါကြေး”

အငှား မြေကမ္ဘာမှာ
တရားဖွေစရာ ခက်
ဖဝါး ခြေရာတွေသာထပ်လို့
အသက်ဆက်ဖို့် ရပ်တည်နေရလည်း
နေခြည်ဖြာနွေး
ပြာလွင်လွင် ကောင်းကင်လေးရှိတဲ့
ငါ့တိုင်းပြည်လေးကိုသာ သတိရ
အခုလို အိမ်ကိုလွမ်းတဲ့ ညတွေမှာ…

တချို့ ညတွေမှာ…ငါ
ရင်အနာကို မီးမှိတ်
အိမ်ကိုလွမ်းတဲ့ စိတ်နဲ့ အိပ်သလို
တချို့ နေ့တွေမှာ…ငါ
စိတ်အနာကို ဘရိတ်အုပ်
ပဟေဠိ တစ်ပုဒ်ကို အဖြေထုတ်တယ်….

ချွေးစက်တွေ ကြွေသလောက်
ခရီးမရောက်ခဲ့တဲ့ ခြေထောက်တွေနဲ့
သွေးစက်တွေ ကြွေသလောက်
မပေါက်မြောက်ခဲ့တဲ့ ခရီးရှည် တစ်ခုအတွက်
ကြော်ငြာ မောင်းအတုကိုတပ်
ကိုယ့်ရင်ဘတ်ကိုယ် စည်လို တီးခတ်ရင်း
ငိုချင်း မချမိခဲ့ပေမယ့်
ကျောက်ရုပ်မဟုတ်လေသူရဲ့ အသည်း
တခါတလေတော့လည်း မျက်ရည်ဝဲတယ်…

ဒီအချိန်ဆို
အမေအိုလည်း မျက်ရည်စိုရွှဲ
ငါ့အပေါ် သတိရလွန်ကဲပြီး ငိုနေမှာပေါ့….

အဖေကတော့
ဘုရားသခင်ရဲ့ အလိုတော်အောက်
သားပျောက်ကို ရှာရင်း
အခုလို ညနေခင်းမှာ
ရဲရင့်ခြင်း သီချင်းတစ်ပုဒ်ကို ဆိုငြီးနေမှာပေါ့…

ငါကတော့…
ဝဲလာတဲ့ မျက်ရည်ကိုသိမ်း
ယိမ်းနေတဲ့ စိတ်ကိုမတ်
တစ်ခုတည်းသော ပစ်မှတ်အတွက်
အလတ်ဆတ်ဆုံးသော လေကိုရှုရင်း
မျှော်လင့်ခြင်း ကျည်တစ်တောင့် ပစ်ဖောက်လိုက်တယ်…

ကေသရာဇာရဲ့ ဟိန်းဟောက်သံဟာ
မိုးယံကို ထိုးဖောက်
ဘဝဂ်ထိ ရောက်စေရမယ်ဟေ့
ဟုတ်တယ်…
ငါတို့…သေသည်အထိ ဒူးမထောက်ကြေး
သမိုင်းရေးသူတို့ရဲ့ ဇာတ်လမ်းမှာ
ဘယ်တော့မှ လွမ်းခန်းမပါကြေး……။

18 comments:

ကိုရင်နော်ခင်လေးငယ် said...

ဒို့အစ်ကိုရေ..
ရင်ဘတ်ကြီးနဲ့ ဖတ်သွားပြန်ပါတယ်..း)


ဟုတ်တယ်…
ငါတို့…သေသည်အထိ ဒူးမထောက်ကြေး
သမိုင်းရေးသူတို့ရဲ့ ဇာတ်လမ်းမှာ
ဘယ်တော့မှ လွမ်းခန်းမပါကြေး……။

ကိုအောင်(ပျူနိုင်ငံ) said...

လွမ်းခန်း မပါကြေး ...။ ကောင်းတယ် အကို့ကဗျာ
ကို ဖတ်ပြီး တစ်ခုခုတော့ တွေးမိသွားပါတယ်။
အားပေးလျက်။

မောင်မျိုး said...

လွမ်းဇတ်တွေက လွမ်းစရာကောင်လွန်းအားကြီးလို့ မလွမ်းကြေးလို့ အလိုလိုသင်ပေးလိုက်သလားမသိပါဘူး အစ်ကိုရာ ဒါကပဲ ကို့ဇတ်လမ်းမို့ မလွမ်းတော့ပါဘူး အပေါ်ဆုံးအပိုင်လေး ကာရန် အရမ်းလှတယ်ဗျ နောက်ဆုံးတော့ မလွမ်းကြေးက ကဗျာက အလွမ်းနဲ့ အနားသတ်သွားတယ် ။

MANORHARY said...

ဘုရားသခင်ရဲ့ အလိုတော်အောက်
သားပျောက်ကို ရှာရင်း
အခုလို ညနေခင်းမှာ
ရဲရင့်ခြင်း သီချင်းတစ်ပုဒ်ကို ဆိုငြီးနေမှာပေါ့…
................................
...တဲ့လား..

မမသီရိ said...

ကေသရာဇာရဲ့ ဟိန်းဟောက်သံဟာ
မိုးယံကို ထိုးဖောက်
ဘဝဂ်ထိ ရောက်စေရမယ်ဟေ့
ဟုတ်တယ်…
ငါတို့…သေသည်အထိ ဒူးမထောက်ကြေး
သမိုင်းရေးသူတို့ရဲ့ ဇာတ်လမ်းမှာ
ဘယ်တော့မှ လွမ်းခန်းမပါကြေး........။
..................
အရမ်းကောင်း တယ်...
လွမ်းခန်းတွေ ပါပေမဲ့..ကန့်လန့်ကာ နောက်ကွယ်မှာပဲ
ရှိပါစေ...
လောလော ဆယ်တော့.....
ငါတို့…သေသည်အထိ ဒူးမထောက်ကြေး........

လူလ said...

မင်္ဂလာပါ ကိုဆောင်း

လွမ်းခန်းမပါကြေးကို ခံစားသွား၏။

လွမ်းခန်းတွေရောက်ရင် လူကြမ်းတွေ မျက်ရည်ဝဲတယ် ဆိုပဲ။ ကျွန်တော်ပြောတာမဟုတ်ပါ။ ဇော်ဝင်းထွဋ် ဆိုခဲ့ဖူးတာပါ။

ရွှင်လန်းချမ်းမြေ့ပါစေ...

ကောင်းကင်ပြာ said...

ဒီအချိန်ဆို
အမေအိုလည်း မျက်ရည်စိုရွှဲ
ငါ့အပေါ် သတိရလွန်ကဲပြီး ငိုနေမှာပေါ့….

အဖေကတော့
ဘုရားသခင်ရဲ့ အလိုတော်အောက်
သားပျောက်ကို ရှာရင်း
အခုလို ညနေခင်းမှာ
ရဲရင့်ခြင်း သီချင်းတစ်ပုဒ်ကို ဆိုငြီးနေမှာပေါ့…


လွမ်းခန်းမပါကြေးပေမဲ့ ငိုချင်တယ်အစ်ကိုရေ

Moe Myint Tane said...

အကို ဘာပြောရမှန်းကို မသိတော့ဘူး...
ကဗျာကို ဖတ်ပြီး ရသပေါင်းစုံကို ခံစားလိုက်ရတယ်..
လွမ်းဆွတ်တယ် တမ်းတတယ် ရဲရင့်တယ် တက်ကြွတယ်
ပြီးတော့ မျှော်လင့်မိတယ်...။
ဘ၀ကို လွမ်းခန်းမပါ ဖြတ်သန်းချင်ပေမယ့်....
ဘ၀ဆိုတာ.....
မြုပ်ထားတဲ့ အတွေးလေး တစ်ခုကိုလည်း....


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

လင်းထက် said...

နောက်ဆုံး အပိုဒ်လေး ရဲ့ ကြွေးကျော်သံ ကတော့ ရင်ထဲကို အဟုတ်ပြင်းစွာ ရိုက်ခတ် သွားစေ နိုင်ခဲ့ ပါတယ် ကိုဆောင်းယွန်းရေ..

အိန္ဒြာ said...

ငို..နေတဲ့အမေတွေရဲ့ အလွမ်းတွေကလည်း အလျှံညီးညီး
တက်ခေါက်ပြီး အံကြိတ်ထားမယ့်..
အဖေရဲ့ မချိတင်ကဲတွေကလဲ...ရင်နင့်စရာ...
ဘ၀တွေဟာ...
တစ်ခါတစ်ခါ
ဇာတ်နာအောင်ရေးထားတဲ့
ဝတ္ထုတစ်ပုဒ်ထက်ပိုနေတတ်တယ်နော်အစ်ကို..

အစ်ကို..
မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ပြန်လည်ဆုံဆည်းနိုင်ပါစေ..

စိတ်စမ်းရေ said...

ငါတို့...သေသည်အထိ ဒူးမထောက်ကြေး
အဲဒီစာသားကိုအရမ်းကြိုက်တယ်။

လင်းဒီပ said...

နည်းနည်းတော့ခက်တယ်အစ်ကို..
လွမ်းခန်းမပါဖို့ဆိုတာ..
ဘဝဆိုတာကြီးက ခံစားတတ်
နားလည်တတ်တော့
ကေသရာဇာလို ဟိန်းဟောက်လည်း...
အလွမ်းတွေကတော့ မိုးသောက်နေဦးမှာ

BLACK DREAM said...

ကောင်းလိုက်တာအစ်ကိုရာ..။ ကြိုက်တဲ့နေရာကိုသာ quote လုပ်ရမယ်ဆိုရင် တစ်ပုဒ်လုံး ပြန်ပါလာတော့မယ်။

တချို့ ညတွေမှာ…ငါ
ရင်အနာကို မီးမှိတ်
အိမ်ကိုလွမ်းတဲ့ စိတ်နဲ့ အိပ်သလို
တချို့ နေ့တွေမှာ…ငါ
စိတ်အနာကို ဘရိတ်အုပ်
ပဟေဠိ တစ်ပုဒ်ကို အဖြေထုတ်တယ်….

လောလောဆယ်တော့ ဒီစာသားတွေက ကျွန်တော့်ရင်ဘတ်ကို ခလုတ်တိုက်သွားတယ်..။

ညီအကိုများ said...

အစ်ကိုရေ ဘယ်တော့မှလွမ်းခန်းမပါကြေး တဲ့လားဗျာ..
ခံစားရတယ်ဗျို့...

ခင်မင်လေးစားလျက်
မိုးကြယ်

အိုင်လွယ်ပန် said...

နာကျင်မှုတွေကြားက
ဖောက်ထွက်လာတဲ့ ရဲရင့်ခြင်းစည်းချက်တွေ ....
ကောင်းမှကောင်းပဲကိုဆောင်းယွန်းရေ ......

ယောနသံစင်ရော် said...

ငါတို့ .. သေသည်အထိ ဒူးမထောက်ကြေး
သမိုင်းရေးသူတို့ရဲ့ ဇာတ်လမ်းမှာ
ဘယ်တော့မှ လွမ်းခန်းမပါကြေး...။

ကဗျာအသိမ်းလေးက လှတယ်.. လွမ်းခန်းမပါအောင်ကျိုးစားမယ်.. .။

Nyein Chan Aung said...

ကေသရာဇာရဲ့ ဟိန်းဟောက်သံဟာ
မိုးယံကို ထိုးဖောက်
ဘဝဂ်ထိ ရောက်စေရမယ်ဟေ့
ဟုတ်တယ်…
ငါတို့…သေသည်အထိ ဒူးမထောက်ကြေး
သမိုင်းရေးသူတို့ရဲ့ ဇာတ်လမ်းမှာ
ဘယ်တော့မှ လွမ်းခန်းမပါကြေး……။

ကဗျာအားမာန်တွေအပြည့်ပဲ ကိုဆောင်း။ လက်ရာသေသပ်ကောင်းမွန်တယ်ဗျာ။

Mhu Darye said...

တချို့ ညတွေမှာ…ငါ
ရင်အနာကို မီးမှိတ်
အိမ်ကိုလွမ်းတဲ့ စိတ်နဲ့ အိပ်သလို
တချို့ နေ့တွေမှာ…ငါ
စိတ်အနာကို ဘရိတ်အုပ်
ပဟေဠိ တစ်ပုဒ်ကို အဖြေထုတ်တယ်….

ခံစားသွားပါတယ် အစ်ကို...။