Sunday, March 1, 2009

အကြောင်းကြောင်းကြောင့်

၂၀၀၈ခုနှစ် ဇူလိုင်လထုတ် သရဖူမဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ ကဗျာဆရာလှသန်းရဲ့ ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။ ညကမှ သူငယ်ချင်းတစ်ယောက်က အိမ်ကမဂ္ဂဇင်းဟောင်းတွေ
လှန်နေရင်း ဒီကဗျာကိုတွေ့သွားတော့ သူရော ကျနော်ပါ ခံစားလို့လည်းရ ကြိုက်လည်းကြိုက်ကြတဲ့အတွက် ကျန်တဲ့ ကဗျာမြတ်နိုးသူတွေကိုပါ ဖတ်စေချင်လို့ တင်ပေးလိုက်ပါတယ်။

အကြောင်းကြောင်းကြောင့်
ရွဲ့စောင်းနေတဲ့ ကမ္ဘာကြီးမှာ လူဖြစ်ခဲ့ရတယ်
အကြောင်းကြောင်းကြောင့်
ဆံပင်အရောင်တွေ ပြောင်းလဲသွားကြပြီ
အကြောင်းကြောင်းကြောင့်
အရောင်းအဝယ် မကောင်းတဲ့နေ့တွေမှာ နေခဲ့တယ်
အကြောင်းကြောင်းကြောင့်
ခေတ်ကာလကို လက်ဝါးစောင်းနဲ့ ခုတ်ချင်တယ်
အကြောင်းကြောင်းကြောင့်
မြောင်းထဲက ဘဝတွေကို လိုက်ဆယ်နေမိတယ်
အကြောင်းကြောင်းကြောင့်
စာအုပ်အဟောင်းတွေ ပြန်ဖတ်နေရတယ်
အကြောင်းကြောင်းကြောင့်
ကိုယ့်ဘဝကိုယ် ပြန်ချောင်းကြည့်မိတယ်
အကြောင်းကြောင်းကြောင့်
အဝတ်ဟောင်းတွေ ဝယ်ဝတ်နေရတယ်
အကြောင်းကြောင်းကြောင့်
တစ်နေရာကနေ တစ်နေရာကို ပြောင်းခဲ့ရတယ်
အကြောင်းကြောင်းကြောင့်
ငယ်ငယ်တုန်းက အကြောင်းတွေ မတွေးတော့ပါဘူး
အကြောင်းကြောင်းကြောင့်
သူရဲကောင်းတွေနဲ့ ပေါင်းသင်းနေထိုင်မိတယ်
အကြောင်းကြောင်းကြောင့်
ခေါင်းမီးတောက်တဲ့ ညတွေနဲ့ ကြုံခဲ့တယ်
အကြောင်းကြောင်းကြောင့်
နောက်ဘဝ အကြောင်းကို မေ့နေမိတယ်
အကြောင်းကြောင်းကြောင့်
ရှိစုမဲ့စုလေးတွေ ထုတ်ရောင်းခဲ့ရတယ်
အကြောင်းကြောင်းကြောင့်
ခေါင်းလောင်းသံတွေနဲ့ ဝေးခဲ့ပါပြီ
အကြောင်းကြောင်းကြောင့်
ဘောလုံးပွဲတွေအကြောင်း ပြောနေရတယ်
အကြောင်းကြောင်းကြောင့်
အကောင်းမြင်စိတ်တွေ မွေးနေရတယ်
အကြောင်းကြောင်းကြောင့်
အမျိုးသမီးတစ်ယောက် အကြောင်း တွေးနေမိတယ်
အကြောင်းကြောင်းကြောင့် သင်္ချိုင်းကုန်းကို မျက်စောင်းထိုးနေရတယ်
အကြောင်းကြောင်းကြောင့်
ကိုယ့်အလောင်းကိုယ် ပြန်ထမ်းရမလို ဖြစ်နေပြီ
အကြောင်းကြောင်းကြောင့်
ဇာတ်ပေါင်းခန်းကို ရင်ခုန်နေမိတယ်
အကြောင်းကြောင်းကြောင့်
ဘဝနဲ့ ရင်းရတဲ့ လောင်းကစားဝိုင်းထဲကို ဝင်မိတယ်
အကြောင်းကြောင်းကြောင့်
လက်ခမောင်း ခတ်ရမယ့်နေ့ကို မျှော်မိတယ်။ ။

ကြည်မောင်သန်း

15 comments:

Mhu Darye said...

ဟုတ်သားပဲ... ဒီရင်ဘတ်ထဲလည်း ၀င်လာတယ်။
ကဗျာလေးအတွက် သင့်ခယူ.. ^-^

ကောင်းကင်ပြာ said...

ဟုတ်အကို အကြောင်းကြောင်းကြောင့်ပါ၊ထိတယ်

Anonymous said...

ရေးထားတာလေးက တကယ်ကောင်းတယ်တယ်ဗျာ..။ကြိုက်တယ်ဗျာ..။
ကျေးဇူးတင်ပါတယ်...အကို..။

လင်းဒီပ said...

အကြောင်းကြောင့် ကျွန်တော်လည်း မနက်ဖြန်အကြောင်း စာလုံးပေါင်း မှားနေဆဲ

ကိုရင်နော်ခင်လေးငယ် said...

အကိုဆောင်းယွန်း...

ကဗျာကောင်းလေး Share ပေးတဲ့အတွက်
ကျေးဇူးတင်မိတယ်....

အကြောင်းကြောင်းကြောင့်
လက်ခမောင်း ခတ်ရမယ့်နေ့ကို မျှော်ကြရအောင်...... အကိုရေ....!!

with love...

ကိုအောင် said...

ကဗျာဝေမျှပေးတဲ့အတွက် ကျေးဇူး ကိုဆောင်း။

အိုင်လွယ်ပန် said...

အကြောင်းကြောင်းကြောင့်
ဖတ်ခွင့်ရတာကျေးဇူးပါအစ်ကိုရေ ....

Moe Cho Thinn said...

အကြောင်းကြောင်းကြောင့် လက်ခမောင်းခတ်ရမဲ့နေ့က ဝေးဝေးလာနေသလားလို့..
ကိုလှသန်း ကဗျာတွေကို သူရေးသမျှ အကြောင်းကြောင်းတွေကြောင့် မကြိုက်ဘဲကို မနေနိုင်ဘူး။ :)

လင်းထက် said...

အကြောင်းရင်းတွေကတော့ အဲဒီအကြောင်းကြောင်း တွေကြောင့်ပါပဲဗျာ..။

MANORHARY said...

ကိုလှသန်းကတော့
ဘာပဲပြောပြော
လှသန်းပဲနော်...

Anonymous said...

လှသန်းပဲဖြစ်ဖြစ်
ကြည်မောင်သန်းပဲဖြစ်ဖြစ်
ဒီ " လက် " ပါပဲ..။
ကဗျာတွေဝင်စာပြီး...
ကဗျာဆရာလုပ်ဖို့ လူဖြစ်လာတဲ့သူ..

အစ်ကို
ကျေးဇူးတင်တယ်

Anonymous said...

အကြောင်းကြောင်းကြောင့် ဒီကဗျာကိုဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျး)

အကြောင်းကြောင်းတွေထပ်ဆင့်တွေးသွားတယ်။

mgngal said...

ဘယ်အကြောင်းနဲ့ မှ ဒီကဗျာကို မကြိုက်စရာ အကြောင်း မရှိဘူး ။ :D
မြန်မာစာကို ရှုပ်အောင်ရေးသွားတာ ။ :P
thz!

Moe Myint Tane said...

အကိုရေ ကဗျာကောင်းလေး မျှဝေပေးတာ ကျေးဇူးပါ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Unknown said...

အကြောင်း အကြောင်းကြောင့် "အကြောင်းအကြောင်း" ဆိုတဲ့ ကဗျာဖြစ်တလည်လာခဲ့တယ်..။

ရေးတဲ့သူကို လေးစားသလို..။ တင်ပေးတဲ့ အစ်ကို့ကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ..။