Monday, March 9, 2009

”ခဲရာခဲဆစ်”
ဟောဒီ ကျနော့်ခြေထောက်တွေပါပဲ
ဦးတည်ရာတည့်တည့် လျှောက်ဖို့ကြိုးစားခဲ့ရင်း
ခြေဦးတည့်ရာရောက် လမ်းတွေလည်းပျောက်နေခဲ့ရ…

ဟောဒီ ကျနော့်လက်တွေပါပဲ
သေချာမှုတစုံတရာကို မြဲမြဲဆုပ်ကိုင်ဖို့ ကြိုးစားခဲ့ရင်း
မသေချာမှုပေါင်းများစွာကို အခါခါလွှတ်ချနေခဲ့ရ….

ဟောဒီ ကျနော့်ဦးခေါင်းတလုံးပါပဲ
အသုံးဝင်မှုတွေကို ဖတ်မှတ်နိုင်အောင် ကြိုးစားခဲ့ရင်း
ချဉ်ခြင်းတပ်ခြင်းတွေ အလုံးအရင်း ဝင်ရောက်နေရာယူခဲ့ဖူးရဲ့

ဟောဒီ ကျနော့်စိတ်ကူးတွေပါပဲ
ပင်လယ်ကိုဖြတ်ကူးဖို့ တယုတယမွေးမြူခဲ့ရရင်း
မြစ်ကျဉ်းတခုထဲမှာ လမ်းပျောက်နေခဲ့ကြရဖူးရဲ့…

ဟောဒီ ကျနော့်မျက်လုံးတွေပါပဲ
သိဂါင်္ရမြင်ကွင်းတွေကို အထပ်ထပ်မျှော်လင့်ခဲ့ရရင်း
ဘယာနကတွေနဲ့ လွဲအောင် ရှောင်လွှဲခဲ့ရရင်း
ဝိဘစ္ဆတွင်းထဲကို မျက်လုံးတွေပြုတ်ကျ
အလင်းရောင်တွေနဲ့လည်း ဝေးကွာဖူးခဲ့ကြရဲ့…

ဟောဒီ ကျနော့်နားနှစ်ဖက်ပါပဲ
သာယာနာပျော်ဖွယ် နတ်စောင်းသံတွေကို နာခံလိုခဲ့ရရင်း
သက်ပြင်းချလှိုက်မောသံတွေထဲကို နစ်ဝင်
နားဝင်ပီယံဖြစ်မှုတွေနဲ့ ဝေးရာမှာ နယ်နှင်ဒဏ်ခံခဲ့ရဖူးရဲ့…

ဟောဒီ ကျနော့်နှာခေါင်းပေါက်တွေပါပဲ
ဥယျာဉ်တွင်းက ပန်းရနံ့သင်းသင်းကို နမ်းရှိုက်ချင်ခဲ့ပေမယ့်
ယမ်းငွေ့နဲ့ ဗုံးနံ့တွေကြား နှစ်ပေါင်းများစွာ နာဖျားနေခဲ့ရပြန်ခဲ့…

ဒီလိုနဲ့….
ကျနော်ဟာ လမ်းပျောက်ကို လမ်းလျှောက်ရင်းရှာ…

ဒီလိုနဲ့…
ကျနော်ဟာ သေချာမှုတခု လက်ဆုပ်လက်ကိုင်ပြုဖို့
ဦးခေါင်းကိုတည့်တည့်ထား
ဘဝအကြောင်းကို သေသေချာချာစဉ်းစားနေခဲ့ရင်း….

ဒီလိုနဲ့…
ကျနော်ဟာ မျက်စိနှစ်ကွင်းကိုဖွင့် နားတစုံကိုစွင့်ရင်း
နှာခေါင်းနှစ်ပေါက်နဲ့ အသက်ပြင်းပြင်းရှု
ကိုယ့်ကိုယ်ကို မတ်ထူ
ကိုယ့်အသက်ကိုယ် ကောက်ယူနေခဲ့ရပေါ့….။ ။

20 comments:

ကိုရင်နော်ခင်လေးငယ် said...

အကိုဆောင်းယွန်း...

ဦးဦးဖျားဖျား ဖတ်သွားရလို့ ပျော်၏..
ဒီကဗျာလေးဖတ်ပြီး ခုတွေးနေမိတာ အစုံပါပဲ..

သေချာမှုတစ်ခု တစ်စုံတရာကို ထိတွေ့ဆုပ်ကိုင်ဖို့ ကြိုးစားရင်း...
စေချာမှုပေါင်းများစွာကို အခါခါလွှတ်ချနေခဲ့ရဖူးတဲ့ နေ့တွေအကြောင်းပါ..

ဟောဒီ စိတ်ကူးတွေ....
ဟောဒီ မျက်လုံးတွေ.....
ဟောဒီ နားတွေ.....
ဟောဒီ နှစ်ခေါင်းပေါက်တွေ....
ဒီလိုနဲ့...
ဒီလိုနဲ့...
ဒီလိုနဲ့... ..... ..... ပါဘဲလေ....

တိုက်ဆိုင်လွန်းလို့ နှစ်သက်မိပါတယ်...

with love...

MANORHARY said...

ဒီလိုနဲ့…
ကျနော်ဟာ မျက်စိနှစ်ကွင်းကိုဖွင့် နားတစုံကိုစွင့်ရင်း
နှာခေါင်းနှစ်ပေါက်နဲ့ အသက်ပြင်းပြင်းရှု
ကိုယ့်ကိုယ်ကို မတ်ထူ
ကိုယ့်အသက်ကိုယ် ကောက်ယူနေခဲ့ရပေါ့…
............
ဟုတ်ပနော်
ကိုယ့်အသက်ကိုယ်ကောက်ယူနေကြရတယ်
ကိုယ့်ကိုယ်ကိုမတ်ထူနေကြရတယ်
ဒါဟာလောကဓမ္မတာဆိုပေမယ့်လည်း
ခြေထိုးခံတဲ့သူတွေနဲ့မတွေ့ဖို့တော့လိုသေးတာပေါ့
နော်...

မမသီရိ said...

အရေးအကြီးဆုံး နှလုံးသား
ဘယ်နားမှာ မေ့ထား ခဲ့ လဲ ကိုဆောင်းယွန်းရေ..
.......
ကျနော်ဟာ သေချာမှုတခု လက်ဆုပ်လက်ကိုင်ပြုဖို့
ဦးခေါင်းကိုတည့်တည့်ထား
ဘဝအကြောင်းကို သေသေချာချာစဉ်းစားနေခဲ့ရင်း
.........................
နှလုံးသား ထဲ ယိုစိမ့်ကျလာတဲ့
ကဗျာစမ်းရေလေးတွေ ကို
သေချာထွေးပွေ့ ရင်း...
ကြီးမြတ်တဲ့ ရထားတစီးရဲ့
ခေါင်းတွဲ လဲ ဖြစ်နေခဲ့တယ်...
...............
ဟုတ်ပါ တယ်နော်....

ဆောင်းယွန်းလ said...

နောက်ဆုံးအပိုဒ်မှာ နှလုံးသားအကြောင်းရေးမလို့ပါပဲ
ဒါပေမယ့် မရေးဖြစ်ခဲ့ဘူး မသီရိရေ...အကြောင်းကြောင်းကြောင့်ပေါ့ဗျာ....

Nyein Chan Aung said...

ဟောဒီ ကျနော့်ခြေထောက်တွေပါပဲ
ဦးတည်ရာတည့်တည့် လျှောက်ဖို့ကြိုးစားခဲ့ရင်း
ခြေဦးတည့်ရာရောက် လမ်းတွေလည်းပျောက်နေခဲ့ရ…

ဟောဒီ ကျနော့်လက်တွေပါပဲ
သေချာမှုတစုံတရာကို မြဲမြဲဆုပ်ကိုင်ဖို့ ကြိုးစားခဲ့ရင်း
မသေချာမှုပေါင်းများစွာကို အခါခါလွှတ်ချနေခဲ့ရ….

ကဗျာ ကောင်းတယ်ဗျာ ကိုဆောင်း။ ကျနော်တို့အတွက်တော့ ဒါပဲ လူ့ဘ၀ ထင်ပါရဲ့ဗျာ။

ကောင်းကင်ကို said...

ကဗျာလေး ခံစားသွားတယ် ကိုဆောင်းရေ။

Moe Cho Thinn said...

နတ်စောင်းသံ နားထောင်ရင်း ပန်းရနံ့သင်းသင်း ရှူရှိုက်ရတဲ့ဘ၀မှာ ကိုယ့်နှလုံးသားကို မလိမ်မညာဘဲ နေချင်ပါတယ်။ နှလုံးသားအစစ်နဲ့ လူပေါ့..

လင်းဒီပ said...

အစ်ကိုက ပြောလိုက်ရင် ဒဲ့တွေချည့်ပဲ..
အသက်ဓာတ်ကလေး လိုက်လိုက်ကောက်ယူနေရတာ မောတယ်ဗျာ..

Moe Myint Tane said...

တစ်ခါ တစ်ခါကျပြန်တော့ မသေချာမှုတစ်ခုအတွက်ဘဲ သေချာမှုတွေကို လွှင့်ပစ်နေတတ်ကြရသေးတယ်အကို။
ဒီလိုနဲ့ ပြန်ပြန်ကောက်ယူနေခဲ့ရတဲ့ အသက်လည်း ထပ်တလဲလဲ ဒဏ်ရာတွေကြားမှာ ယိုင်နဲ့နဲ့ပါဘဲ အသက်ဆက်နေတုန်းပေါ့။ကဗျာလေးက အတွေးအခေါ် ဘ၀နဲ့ပတ်သက်နေတာမို့ ဖတ်ရတာ အရာသာရှိ ကောင်းမွန်ပါတယ် အကို။ နှစ်ခြိုက်စွာ ခံစားပျော်ဝင်လိုက်တယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ကမာနီလာ said...

ကိုဆောင်းရေ ကဗျာလေးက အနှစ်သာရအပြည့်နဲ့ ကောင်းလွန်းလှတယ်ဗျာ၊
ထိတယ်၊ မိတယ်၊ အဲဒီတော့ ကြိုက်တယ်ပေါ့ဗျာ။

Anonymous said...

ဒီလိုနဲ့….
ကျနော်ဟာ လမ်းပျောက်ကို လမ်းလျှောက်ရင်းရှာ…

လျှောက်တဲ့လမ်းမှာ..
ကိုယ့်ဆန္ဒတွေ..ပျောက်ကျကျန်ရစ်ခဲ့ပါရောလား
အစ်ကို...

ကဗျာလေးကို..ခံစားချက်နဲ့ ကျင်ယူသွားတယ်..အစ်ကိုရေ

အိန္ဒြာ said...

အိန္ဒြာနော်...အပေါ်က ကွန့်မန့်က...
ဟားဟား...ဆန္ဒစောသွားလို့

အိန္ဒြာ said...

ဟာ...ထပ်မှားပြန်ပြီ...
ဘယ်ရောက်သွားလဲ..မန့်ထားတာ...
မဟုတ်ဘူး..အကို..အပေါ်ကအိန္ဒြာမဟုတ်ဘူး...

ကဲ..ပြန်မရေးတော့ပါဘူး..

ကဗျာကောင်းလေးကို စိတ်ထဲဘည့်ပြီးပြန်သွားတယ်..အကိုရေ..

အိန္ဒြာ said...

မဟုတ်ဘူး....ဟ..။
ဟုတ်တယ်..
အပေါ်က Anouymous့ အိန္ဒြာ မန့်တာ...
လျှမ်းတာ..ကြည့်တော့

ကိုအောင်(ပျူနိုင်ငံ) said...

ထိမိတဲ့စာသားတွေနဲ့ ပြည်စုံတဲ့ကဗျာကို ဖတ်ရူရတာမို့
အားပေးလျက်ပါ ကိုဆောင်း။

ဦးဂင်ကြီး said...

ညီရေ ကဗျာလေးကြိုက်တယ်

mgngal said...

လမ်းပျောက်ကို လမ်းလျှောက်ရင်းရှာတဲ့လားဗျာ ။ လမ်းတွေ ဖြောင့်တန်း ချောမွတ်ပါစေ ။း)

အိုင်လွယ်ပန် said...

နောက်ဆုံး အပိုဒ်လေးတော်တော်ကြိုက်တယ်အစ်ကိုရေ

မောင်မျိုး said...

ဒီကဗျာက စကားလုံးတွေဖတ်ပြီး “ငါနဲ့တူနေတယ်....ဟုတ်သား ငါလည်း အဲ့လိုတွေဖြစ်နေတာပဲ ” ဒီအတွေးတွေဝင်တယ်ဗျ။ အစ်ကို့ ကဗျာတွေအတွက်ကျေးဇူးပါ ။

ကဲ အယူသည်းတဲ့ လူသားရေ said...

မျော်လင့်ချက်ဆိုတဲ့ မက်လုံးနဲ့ ဘဝကို ခုံမင်ရင်း ရုန်းမ
ထွက်နိုင်သေးတဲ့ သံတရာမှာ...
မင်းအတွက် ငါ စကားလုံးတွေစုဆောင်းနေရင်း
ဒါဟာထွက် ပေါက်တခုဘဲလို့....
အသက်မဲ့နေတဲ့ကျောက်ရုပ်ကိုတောင် စကားလုံးတွေနဲ့
ရှင်သန်စေမဲ့ ..ဒီစကားလုံးလေးတွေ.
တနေ့ ကုန်ဆုံးသွားမလားဆိုတာ... ငါတွေးကြောက်
မိပါရဲ့... အမှတ်တရနဲ့ သက်သေခံတဲ့
မင်းအတွက် ဒီစကားလုံးလေးတွေ.....အောင်ထွန်း