Friday, March 20, 2009

”ကဗျာပေါ် စိတ်မှောက်ကျခြင်း”

တတ်မြောက်လိုမှု တခုသက်သက်အတွက်
လှေခါးထောင်ပြီး သစ်ပင်မတက်ခဲ့ပါဘူး
ကိုယ့်အသက် ကိုယ်ပြန်ကောက်ဖူးခဲ့တဲ့ ဘဝမှာ
ဘာကကြောက်စရာ အကောင်းဆုံးလဲဆိုတာ
ပိုပြီး သိလာခဲ့ရတဲ့ အချိန်တွေအတွက်
အရာအားလုံးကို ကျေးဇူးတင်နေမိရုံက လွဲပြီး
သူ့ထက် ကြီးကျယ်ခမ်းနားတာ ဘာများရှိသေးလို့လဲ!....

စိတ်ချင်း နီးစပ်နေရုံနဲ့ ပြီးပြည့်စုံနေတတ်တဲ့
မိတ်သဟာဖွဲ့မှုတွေရဲ့ အကြောင်းကို
ခေါင်းလောင်းသံတွေနဲ့ ဝေးရာ အရပ်တခုမှာ
လေ့လာ သင်ကြားခဲ့ဖူးပါပြီ….

သစ်ပင်ရဲ့ သက်တမ်းကြီးမြင့်သလောက်
အရိပ်အာဝါသ အရေခြုံပြီး
အတ္တမီးလှုံနေတတ်တဲ့ အကိုင်းမှာ
ကိုယ့်ကိုကိုယ် မုသာဝါဒတွေနဲ့ ဖြားယောင်းနေတဲ့
ပုပ်အဲ့အဲ့ နေလောင် သစ်သီးတွေထက်
မနက်က စိုက်ခဲ့တဲ့ အပင်လေးကိုပဲ
ပိုပြီး တန်ဘိုးထားတတ်လာမိတာ
ကဗျာဆန်တဲ့ ကဗျာတပုဒ်ကို နှုတ်တိုက်မရွတ်ပဲ
နှလုံးသားထဲ စီးဆင်းသွားစေခဲ့ခြင်းသက်သက်သာ ဖြစ်တယ်…

နယူတန်ရဲ့ နိယာမတွေထက်
ကိုယ်ပိုင်နိယာမတခုကို ပိုပြီးယုံကြည်တယ်…

ရာဇဝင်ဆိုတာက
ကိုယ်ပြုတဲ့အမှုကို
တခြားလူတဦးက မနက်ဖြန်မှ ထုဆစ်တတ်တဲ့
ချဲ့ထွင်ခြင်း တမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တာမို့
လက်ရှိဘဝမှာ တည့်တည့် လျှောက်နေခြင်းဟာ
လက်ရှိဘဝမှာ တည့်တည့် ရောက်နေဖို့သာဖြစ်တယ်….

တခါတခါ
အတိတ်ကိုလည်း သူ့အတိုင်း ထားလိုက်တယ်
မလိုအပ်ဖူးထင်တဲ့ အရာတွေကို လုံးဝမသင်သလို
လိုအပ်တယ်ထင်တဲ့ အရာတွေကို နှုတ်တိုက် မရွတ်ပဲ
စိတ်ထဲထည့်မှတ်ပြီး နှလုံးသားနဲ့ ဖတ်တယ်….

လေတိုက်ရင်
တိုက်တဲ့လေကို ငြိုငြင်တတ်တဲ့ စိတ်ထက်
အနွေးထည်ဝတ်ဖို့ လိုတယ်ဆိုတဲ့ အသိကို မွေးတယ်
အသံဗလံတွေကြားတိုင်း ထထပြီး မကြည့်သလို
အညှော်ရှောင်ရလေအောင် အနာမမွေးဘူး
အညှော်မကြိုက်ရင်လည်း အညှော်ရှောင်ပြီး
ချောင်တချောင်မှာ ဝပ်ကျင်းဖွဲ့နေတတ်တဲ့အတွက်
ဘဝက သက်တောင့်သက်သာ ရှိလာတာတော့ အမှန်ပဲ….

သဘာဝကျမှုတွေကို
သဘာဝကျကျ လက်ခံယုံကြည်ခဲ့ချင်ပေမယ့်
သဘာဝကျကျနဲ့ သဘာဝမကျမှုတွေ များလာတဲ့အခါ
ကိုယ်ပိုင်ကမ္ဘာတခုကို ပျော်သလို ဆောက်ပြီး
ခရီးထွက်ရင်း မောပမ်းနေတဲ့
ခြေထောက် အနွမ်းကြီးကို
အစွဲအလမ်းမရှိ တိတ်တဆိတ် ရိုက်ချိုးပစ်လိုက်မိတယ်…

စိတ်ရဲ့ စေတသိတ်အတိုင်း
အရိုင်းအစိုင်းတွေနဲ့ ဝေးရာ ကမ္ဘာငယ်တခုမှာ
အကောင်းဆုံး ဘာသာဗေဒတွေကို သင်ကြားရင်း
အားလပ်တဲ့ အချိန်တွေမှာ
စာတလုံးမှမပါတဲ့ ဗလာစာရွက်အလွတ်တွေပေါ်မှာ
အပျင်းပြေ ကဗျာတပုဒ်လောက်တော့ ရှာဖတ်ကြည့်ချင်နေမိပါတယ်….။

16 comments:

ကိုရင်နော်ခင်လေးငယ် said...

ဒို့အစ်ကိုရေ..
ကဗျာပေါ်မှောက်ကျသွားတဲ့ စိတ်တွေက
အဓိပ္ပါယ်တွေ အပြည့်နဲ့ ပါပဲ..

စာတလုံးမှမပါတဲ့ ဗလာစာရွက်အလွတ်တွေပေါ်မှာ
အပျင်းပြေ ကဗျာတပုဒ်လောက်တော့ ရှာဖတ်ကြည့်ချင်နေမိပါတယ်….။

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

Unknown said...

စိတ်ရဲ့ စေတသိတ်အတိုင်း
အရိုင်းအစိုင်းတွေနဲ့ ဝေးရာ ကမ္ဘာငယ်တခုမှာ
အကောင်းဆုံး ဘာသာဗေဒတွေကို သင်ကြားရင်း
အားလပ်တဲ့ အချိန်တွေမှာ
စာတလုံးမှမပါတဲ့ ဗလာစာရွက်အလွတ်တွေပေါ်မှာ
အပျင်းပြေ ကဗျာတပုဒ်လောက်တော့ ရှာဖတ်ကြည့်ချင်နေမိပါတယ်….။

ကိုဆောင်းရေ...
ထပ်တူထပ်မျှပါ....

နေ့သစ်တွေလှပ နိုင်ပါစေ...

မိုးမြင့်အောင် said...

ကိုယ့်ဆရာ
လေးနက်တာတွေကို ဘာကြောင့် ရက်စဉ် နေ့ဆက် တွေးနေနိုင်တာလဲဗျာ
ခံစားမှုတွေ အရမ်းပြင်းတယ် တခုခုကို မရမကရှာဖွေနေသလိုပဲ။ အလင်းရောင်အောက်မှာ မီးအိမ်ကိုင်ပြီး အလင်းရောင်ရှာမဲ့လူလား...

အိုင်လွယ်ပန် said...

ခေါင်းစဉ်နဲ့ ချပြသွားတဲ့စာသားတွေကတော့
အကိုက်ပဲအစ်ကိုရေ ....

စိတ်ရဲ့ စေသသိတ်အတိုင်းပဲ
အတူတူ ဆက်လက် မှောက်ကျ ကြတာပေါ့
အစ်ကိုရေ .........

Nyein Chan Aung said...

လေတိုက်ရင်
တိုက်တဲ့လေကို ငြိုငြင်တတ်တဲ့ စိတ်ထက်
အနွေးထည်ဝတ်ဖို့ လိုတယ်ဆိုတဲ့ အသိကို မွေးတယ်
အသံဗလံတွေကြားတိုင်း ထထပြီး မကြည့်သလို
အညှော်ရှောင်ရလေအောင် အနာမမွေးဘူး

ကောင်းလိုက်တဲ့ စိတ်ကူးစိတ်သန်းတွေ..

Moe Myint Tane said...

အကို
ဖတ်ပြီး ပြောဘို့စကားလုံးတွေ ဆွံ့အသွားလောက်အောင်
ကောင်းနေတယ်အကို။ လေးနက်တဲ့ စိတ်ကူးစိတ်သန်း
တွေနဲ့ မှောက်ချလိုက်တဲ့ ကဗျာဟာ စာတစ်လုံးမှ မပါတဲ့
ဗလာစာရွက်ပေါ်မှာ အထင်းသားပါလား အကို။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

မမသီရိ said...

တခါတခါ
အတိတ်ကိုလည်း သူ့အတိုင်း ထားလိုက်တယ်
မလိုအပ်ဖူးထင်တဲ့ အရာတွေကို လုံးဝမသင်သလို
လိုအပ်တယ်ထင်တဲ့ အရာတွေကို နှုတ်တိုက် မရွတ်ပဲ
စိတ်ထဲထည့်မှတ်ပြီး နှလုံးသားနဲ့ ဖတ်တယ်….
.................
တခါတလေတော့ အဲဒီအတိုင်းပဲ ကောင်းတယ် ကိုဆောင်းယွန်းရေ

Anonymous said...

ကိုဆောင်းရေ ကဗျာတွေရဲ့ အပိုဒ်တိုင်းကို နှလုံးသားနဲ့ ခံစားနားလည်ဖတ်သွားတယ်၊ အခု ကဗျာလေးထဲကအတိုင်းနေတာဟာ စိတ်သက်သာရာရစေတယ်၊ ပတ်ဝန်းကျင်လေထုက အညှော်နံ့တွေကများသကိုး ၊

လင်းဒီပ said...

“သစ်ပင်ရဲ့ သက်တမ်းကြီးမြင့်သလောက်
အရိပ်အာဝါသ အရေခြုံပြီး
အတ္တမီးလှုံနေတတ်တဲ့ အကိုင်းမှာ
ကိုယ့်ကိုကိုယ် မုသာဝါဒတွေနဲ့ ဖြားယောင်းနေတဲ့
ပုပ်အဲ့အဲ့ နေလောင် သစ်သီးတွေထက်
မနက်က စိုက်ခဲ့တဲ့ အပင်လေးကိုပဲ
ပိုပြီး တန်ဘိုးထားတတ်လာမိတာ”

“လေတိုက်ရင်
တိုက်တဲ့လေကို ငြိုငြင်တတ်တဲ့ စိတ်ထက်
အနွေးထည်ဝတ်ဖို့ လိုတယ်ဆိုတဲ့ အသိကို မွေးတယ်”

“အညှော်မကြိုက်ရင်လည်း အညှော်ရှောင်ပြီး
ချောင်တချောင်မှာ ဝပ်ကျင်းဖွဲ့နေတတ်တဲ့အတွက်
ဘဝက သက်တောင့်သက်သာ ရှိလာတာတော့ အမှန်ပဲ….”

အရမ်းအားပါတယ် အစ်ကို ..
ဘယ်လို စိတ်ဝိညဉ်နဲ့များ မွေးချလိုက်တဲ့ ကဗျာလည်းဗျာ....
အားပါးတရ ဖတ်လိုက်တယ်..

Mhu Darye said...

ဘယ်အပိုဒ်ကို အကြိုက်ဆုံးရာ ကောက်ယူထုတ်နှုတ် မပြတော့ပါဘူး...လေးလေးနက်နက် ရင်ထဲ ထည့်ဖတ်ခဲ့လို့ပါ။

အဆင်ပြေတဲ့ တနေ့ ညီမလည်း
စာတလုံးမှမပါတဲ့ ဗလာစာရွက်အလွတ်တွေပေါ်မှာ
အပျင်းပြေ ကဗျာတပုဒ်လောက်တော့ ရှာဖတ်ကြည့်ချင် ပါတယ်...။

Anonymous said...

အဓိပ္ပာယ်တွေ လေးနက်စွာပါတဲ့ ကဗျာကောင်းလေးတစ်ပုဒ်ကို လာရောက် ခံစားသွားပါတယ်ဗျို့။

Moe Cho Thinn said...

ကိုယ်တိုင်ရေးပုံတူ တခု ဖတ်လိုက်ရသလို ကဗျာဆရာကို နားလည်သွားမိတယ်။ အပိုဒ်တိုင်း အပိုဒ်တိုင်း စိတ်တူညီသလို ဖြစ်မိတာမို့ ဒီကဗျာကို အရမ်းကြိုက်တယ်။
အခုလို ကဗျာကောင်း စာကောင်းလေးတွေ ဖတ်ရလို့ ဘလော့ဆိုတာ တီထွင်ခဲ့တဲ့ ဆရာကြီးများကို ကျေးဇူးတင်လိုက်ပါရဲ့ရှင်။

mgngal said...

ဖတ်ရတာ လေးနက်လွန်းပါတယ် ။ ဒီညတော့ ကိုဆောင်းကဗျာ ဖတ်ပြီး ကဗျာပေါ်မှာပဲ မှောက်ချပြီး အိပ်လိုက်တော့မယ် ဗျာ ။း)

MANORHARY said...

နက်နဲအားပါတဲ့
ကဗျာတစ်ပုဒ်ပါ

ကိုအောင် said...

ကဗျာပေါ် မှောက်ကျသွားတဲ့စိတ်တွေဟာ အင်အားအပြည့်ပါပဲ။

Anonymous said...

အပျင်းပြေ ကဗျာတစ်ပုဒ်လောက်ရှာဖတ်ကြည့်ချင်တဲ့ အစ်ကိုရေ့ ညီကတော့ ဒီကဗျာကို အပျင်းပြေမဟုတ်ပဲ အတွေးတွေအများကြီးနဲ့ဖတ်သွားတယ်ဗျ ။

ခရီးထွက်ရင်း မောပမ်းနေတဲ့
ခြေထောက် အနွမ်းကြီးကို
အစွဲအလမ်းမရှိ တိတ်တဆိတ် ရိုက်ချိုးပစ်ချင်မယ် ခဏခဏ ခွေလဲတတ်လွန်းလို့ပေါ့ ။