Thursday, April 2, 2009

”ညီလေးကို ဒုတိယအကြိမ်ပြန်ဖတ်စေချင်တဲ့ ကဗျာ”

အင်း...တော်ပေသေး၏။ ညီမောင်မျိုးလို ”ဝါသနာ”ဆိုတဲ့ ခေါင်းစဉ်မျိုးနဲ့အတဂ်မခံရပေလို့။
လောလောဆယ်တော့ ကိုရင်နော်နဲ့ ညီမခင်လေးငယ်က ပေါ့ပေါ့ပါးပါးပဲ တဂ်သွားလို့ ပေါ့
ပေါ့ပါးပါးပဲ မနှစ်တုန်းက ရေးထားတဲ့ပို့စ်အဟောင်းတွေထဲက ကဗျာလေးတပုဒ်ကို ပြန်ရှာ
ပြီးတင်ပေးလိုက်နိုင်သွားပါတယ်။ ညီမောင်မျိုးကိုတော့ သူတဂ်ထားတာမရေးနိုင်သေးလို့
အားနာပါးနာနဲ့ပဲ တောင်းပန်ပါရစေ။ ညီလေးရေ..လာမယ်..ကြာမယ်...ဖြေးဖြေးပေါ့ကွာ
အကိုက ဝါသနာပါတာတွေ များလွန်းလို့ ဘယ်ကစပြီး ရေးရမှန်းမသိဘူး ဖြစ်နေတယ်..
သီချင်းဆိုဝါသနာပါတာက စပြီးရေးရမလား. ကဗျာရေးဖတ်ဝါသနာပါတာက စပြီးရေးရ
မလား. ကောင်မလေးတွေကို ရည်းစားစကားပြောတာ ဝါသနာပါတာက စပြီးရေးရမလား
စသဖြင့်...စသဖြင့်တွေများနေလို့ပါ...အခုတော့ ကိုရင်နော်နဲ့ ညီမခင်လေးငယ်တို့ တဂ်ထား
တဲ့ ဆားချက်ပို့စ်ကဗျာလေးကိုပဲ ပြန်ဖတ်ရင်း ကျေနပ်တော့ကွာ.....

ညီလေးအတွက် ဖတ်စာကဗျာ….
ညီလေးရေ နားထောင်
ပုံပြင်မဟုတ်တဲ့ လက်တွေ့ဖြစ်ရပ်
ကဗျာတစ်ပုဒ်စပ်ရင်း ကိုယ်ရွတ်ဖတ်ပြမယ်…

အနှစ် ၂၀ ကျော်ကြာ ခေတ်စားနေခဲ့တဲ့ဖြစ်ရပ်မှာ
အနောက်တိုင်း ပဉ္စလက်ဆရာဟာ
အသပြာကို သိက္ခာခါးပိုက်ထောင်ထဲထည့်ရင်း
နယ်လှည့် ကွင်းဆင်းတဲ့အခါ
မာယာနဲ့လင်းတဲ့ ညနေခင်းတစ်ခု
မျက်ရည်တုတွေ လိမ်းကျံ
နံရံပေါ်ကနေ့စွဲတွေ နောက်ပြန်လဲကျ
နိုက်ကလပ်တွေပေါ်မှာကတော့
ဂျော့ဝါရှင်တန်ဟာ လှလှပပ ပြန့်ကျဲကျသွားတယ်…..

”အဖေကြီးက သားလေးဆရာဝန်ဖြစ်ဖို့အရေး
သူ့လူနာရဲ့ရောဂါကို လက်သပ်မွေးဆေးကုရင်း
လူနာရဲ့ မျှော်လင့်ချက်ပန်းခင်းကို
သမားဂုဏ်နဲ့ မျှင်းသတ်သတဲ့”…

ပြီးတော့…..ကတိသစ္စာဟာ အသပြာမွေ့ရာမှာ
အိပ်ပျော်ရှာတဲ့ အခိုက်

ဦးတည်ရာ ယုံကြည်ချက်
တစ်မနက်တည်းနဲ့လည်း အသက်ထွက်တတ်တယ်ဆိုတဲ့
မကြာခဏ ကြားခဲ့ဖူးတဲ့ဇာတ်လမ်း
ယုံတမ်းစကားမဟုတ်မှန်း အခုတော့သိပြီ
ရာသီပေါင်းများစွာထဲက ကိုယ့်ရဲ့ ရင်ဘတ်အနာနဲ့ ရင်းခဲ့ရပြီး….

ညီလေးရေ ဆက်ပြီးနားထောင်ကြည့်
ဒီဖြစ်ရပ်မှန်ကလေးကတော့ ရင်နာဖွယ်အတိ
မင်းမှာသာ ခံစားတတ်တဲ့ နှလုံးသားရှိရင်
သူလိုလူမျိုးတွေအတွက် မင်းဂုဏ်ယူတတ်မှာပါ….

သူတို့ကကိုယ့်အတွက်ဆိုလို့….
နှစ်ချို့နေတဲ့ အဝတ်ဟောင်းတစ်စုံသာရှိ

လုံခြုံအောင် သိမ်းဝှက်ထားတဲ့ သိက္ခာနဲ့
ရွှေချထားတဲ့ မာနတစုံသာရှိ

ကိုယ်ပိုင် ရင်သွေးကိုတောင်
ပိုင်ပိုင်နိုင်နိုင် ကျောင်းမထားနိုင်ကြတဲ့

နှစ်၂၀ကျော်သား
တောတွေနဲ့ တောင်တွေပေါ်က
သူပုန်ဘွဲ့ ခံယူထားသူတွေပေါ့ကွယ်…

သူတို့က…

သဘာဝတရားရဲ့အလှကို မခံစားအားကြဘဲ
ခါးသက်နေ့စွဲတွေကို ရဲရင့်တေးတွေနဲ့ဖြိုကြတယ်
တကယ်တော့..
သူတို့ဆိုတာက မင်းတို့ ကိုယ်တို့လိုပါဘဲ
တစ်ချိန်သောအခါက ဟောဟိုမြို့ပြတွေထဲမှာ
မိသားစုစုံညီစွာနဲ့ ပညာရှာရင်း
အဲဒီ တောနက်နက်ကို
သမိုင်းပေးတာဝန်အရ နင်းခဲ့ကြတာပါ….


ညီလေးရေ
ဒီလိုနဲ့ နှစ်တွေကြာလာတော့
ငါတို့အထဲက တချို့
ခေါင်းလည်တမော့မော့နဲ့ နိုင်ငံရေးကို ဟစ်ပ်ဟော့ပ်တပုဒ်လိုဟစ်
တော်လှန်စစ်ကို သေရည်တခွက်နဲ့ ဖျော်သောက်
ကာရာအိုကေညတွေမှာ အိပ်မက်ပြာပြာတွေကိုဆောက်
မူးလာတဲ့အခါ မြေပုံတစ်ချပ်ပေါ်မှာ ဗိုက်မှောက်အိပ်ရင်း
ပါးစပ်သေနတ်တွေ ပစ်ခွင်းတယ်….

ညီလေးရေ
စိတ်ပျက်နေပြီလား
ဖြစ်ရပ်မှန်တွေကိုကြားပြီး…
နားမငြီးသေးဘူးဆိုရင် ဆက်ပြီးနားထောင်
လက်တွေ့သဘောမဆောင်တဲ့
ဖြစ်ရပ်မှန်တွေ အကြောင်း…

ကိုယ့်ပေါင်မှ ကိုယ်လှန်မထောင်းရင်
အာဏာရှင်ဆိုတဲ့ အကောင်က
ခေါင်းတစ်လုံးလုံးကို ဖြတ်နင်းသွားမှာမို့
ချို့တဲ့နေတဲ့ စိတ်ဓာတ်တွေ အကြောင်းကို
ကဗျာတစ်ပုဒ်အဖြစ် မစောင်းမချိတ်ဘဲ
တည့်တည့်တွေးပြီး တည့်တည့်ရေးထားတာပါ….

ညီလေးရေ

နာစရာဆို ကိုယ့်တစ်ယောက်တည်းနဲ့ ကြိတ်ခံမရနိုင်တဲ့
နိုင်ငံရဲ့ အရေးပေမို့
ကိုယ်တို့ …..တွေးငေးနေဖို့မလို
အိပ်ငိုက်နေသူတွေကို နိုးထစေ
အိပ်မက်နေသူတွေကို တပ်လှန့်
ရပ်တန့်နေသူတွေကို နှိုးဆွ
နိုးထနေသူတွေကို လက်တွဲ
အနာဂတ်ကို အသပြာနဲ့လဲနေသူတွေကိုတော့
ထားရစ်ခဲ့ကြ
ဘာပဲဖြစ်ဖြစ်

မဝေးတော့တဲ့ ကာလသစ်တခုမှာ
ရွှေရောင်နံနက်တွေကတော့ ဦးမော့လာကြရဦးမှာပါ
အဲဒီအချိန်မှာ

မင်းတို့ ငါတို့ရဲ့ သမိုင်းစာမျက်နှာတွေထဲ
ခွပ်ဒေါင်းရဲ့သွေးတွေ ရဲရဲနီသွားကြရင်း…..။

ဆောင်းယွန်းလ၏ ရင်ဘတ်မှလာသော ခံစားချက်အစစ်အမှန်ဖြစ်၏။

9 comments:

လုလင်ငယ်သွေး said...

အစ်ကိုရဲ့ ရင်ဘတ်ကလာတဲ့ခံစားချက်အစစ်အမှန်တွေကို ညီလေးတစ်ယောက်အနေနဲ့ မြင်အောင်ကြည့်သွားပါတယ်။

ကိုရင်နော်ခင်လေးငယ် said...

ဒို့အကိုရေ...

လှိုက်လှိုက်လှဲလှဲကို ကျေးဇူးတင်မိပါတယ် ရှင်ဗျာ...

လေးနက်လွန်းတဲ့ ကဗျာလေးကို ပြန်လည်ဖတ်သူ အားလုံးလည်း ကျေနပ်နိုင်ကြမှာ အသေအချာပါပဲ...

မျှော်လင့်မိတယ်အကိုရေ...

ဘာပဲဖြစ်ဖြစ်
မဝေးတော့တဲ့ ကာလသစ်တခုမှာ
ရွှေရောင်နံနက်တွေကတော့ ဦးမော့လာကြရဦးမှာပါ
အဲဒီအချိန်မှာ
မင်းတို့ ငါတို့ရဲ့ သမိုင်းစာမျက်နှာတွေထဲ
ခွပ်ဒေါင်းရဲ့သွေးတွေ ရဲရဲနီသွားကြရင်း…..။


လေးစားချစ်ခင်ခြင်းများစွာဖြင့်...

စိတ်စမ်းရေ said...

အစ်ကို.....အစ်ကိုကဗျာကို ညီလေးခံစားသွားပါတယ်.......။

Moe Cho Thinn said...

ညီလေးရေ ဆိုပေမဲ့ ဒီက ညီမလေးလဲ ယုံတမ်းစကား မဟုတ်တဲ့ အကို့ ကဗျာကို ဖတ်ရင်း ရွှေရောင် နံနက်တွေကို မျှော်လင့်နေတာ ကြာခဲ့ပြီ..

လင်းဒီပ said...

နားလည်းခံစားမိပါတယ်အစ်ကို...။

အိန္ဒြာ said...

အစ်ကို...........

ဘာပြောခဲ့ရမလဲ....
ဘာလိုက်ရမလဲ.....
.....................
.......................
.........................

Anonymous said...

အစ်ကို့ရင် ဘတ်ထဲက အတွေ့ကြုံတွေ အများကြီးနဲ့ ရေးဖွဲ့ထားတဲ့ ကဗျာလေးက ညီတို့အတွက် တကယ်ကို အဖိုးတန်တယ် အစ်ကိုရေ့ ။အင်း...အစ်ကိုပြောသလိုပေါ့ မဝေးတော့တဲ့ ကာလတစ်ခုမှာတော့............................. ကျနော်တို့တွေ ပျော်ကြအုံးစို့ဗျာ ။

မိုးမြင့်အောင် said...

အကြိုက်ဆုံးကဗျာတွေထဲက အနှစ်သက်ဆုံးနဲ့ အပြင်းထန်ဆုံး ကဗျာတစ်ပုဒ်လို့ဆိုပါစို့။ အဲဒီလိုကဗျာတွေကို ရူးပြီးတော့ တောခို၊ တယောက်တည်း ကြိတ်ပြီးငိုနေခဲ့တဲ့ အသဲနှလုံးများနဲ့ မြို့ပြလွမ်းချင်းတွေကို တကယ်ဟောင်ချလိုက်တယ်ပေါ့။
ကဗျာကို ကျနော့ ဘလောဂ့်မှာ ကူးယူဖော်ပြချင်တယ်ဗျာ အကြောင်းပြန်ပါ။

မမသီရိ said...

ခုမှပဲ ပြန်ဖတ်ဖူးတော့တာ
အရမ်းထိတဲ့ ကဗျာလေးပဲနော်..